Breaking News

တာရို - ၂၀၂၂ ဇူလိုင်လ မြန်မာပြည်သူပြည်သားများအတွက် တားရော့အဟော

တာရို - ၂၀၂၂ ဇူလိုင်လ  မြန်မာပြည်သူပြည်သားများအတွက် တားရော့အဟော

(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၂


၂၀၂၂ ဇူလိုင်လ မြန်မာပြည်တွင်း နေထိုင်သော မြန်မာပြည်သူပြည်သားများအတွက်ကိုသာ ရည်ရွယ်ပြီး တားရော့ကဒ်တွေ ချကြည့်ပါတယ်။ General Reading ဖြစ်လို့ သိပ်ကြီးလည်း Serious ယူစရာမလိုပါ။ ဒါ့အပြင် ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သော မြန်မာပြည်သူများရဲ့ ယုံကြည်မှုကြောင့် မကောင်းသော ကံများကလည်း ကောင်းသော ကံများအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အပြန်အလှန်လည်း ဖြစ်နိုင်တာကြောင့် ဘုရားတရား မမေ့ကြပါနဲ့။ 

တားရော့ကဒ်တွေကို လစဉ် ချပေးခဲ့တာမှာ အခုတလမှာ ကံတရားကို အဓိကထား ချပေးလိုက်ပါတယ်။ မြန်မာတပြည်လုံးကို အုပ်ချုပ်လျက်ရှိသော ထိပ်ပိုင်းက သူတွေကို ကြည့်မိတော့ သူတို့ရဲ့ အနေအထားဟာ ငွေကြေးပိုင်းဆိုင်ရာ မိသားစုဆိုင်ရာတွေမှာ အတော်လေး အားကောင်းနေတာ တွေ့ရပါတယ်။ ကဒ်တစ်ကဒ်ကို ဥပမာပြရရင် 10 of pantacles ဆိုတဲ့ ကဒ်မျိုးပေါ့။ အစစအရာရာ ပြည့်စုံနေတာမျိုး ဖြစ်ပါတယ်။ ဒါကို လက်မခံချင်လည်း လက်ခံရတော့မယ်ပေါ့။ အခုလမှာ ထူးခြားတဲ့ဖြစ်ရပ်ဆိုလို့ ရွေးချယ်ရခက်တဲ့ အနေအထားမျိုး ကြုံရတာမျိုး၊ တစ်ခုခုကို ခြေစုံပစ်ရွေးချယ်ပြီး အဲဒီလမ်းကို လျှောက်ဖို့ ဆုံးဖြတ်တာမျိုးလောက်ပဲ တွေ့ရတတ်တယ်။ အခြေအနေဟာ လူရှေ့တမျိုး နောက်ကွယ်တမျိုးတော့ ဖြစ်နေတတ်တယ်။ ဘာဖြစ်တယ်တော့ ပြောရခက်တယ်။ သတ္တိတော့ အပြည့်ပဲ။ ဒါ့အပြင် သူတို့က ခဏတဖြုတ် အနားယူပြီး အားမွေးတာမျိုးတွေ ရှိတတ်တယ်။ အဲဒါမျိုး ခဏခဏ လုပ်နေကျပါပဲ။ တဘက်ကလည်း နိုင်ပြီး ဆိုပြီး နေလိုက်တာမျိုးတွေ ဖြစ်အောင် လုပ်တတ်တယ်။ အခုလမှာ သူတို့အတွက် ကောင်းနေတဲ့ ကံတရားနောက်လိုက်နေရင်းကနေ ရုတ်တရက် စိတ်ညစ်စရာတစ်ခု ကြုံရလိမ့်မယ်။ ခဏတဖြုတ်ဖြစ်တာလို့ ယူဆကောင်းယူဆလို့လည်းရတယ်၊ သို့သောာ် တိုင်းသူပြည်သားတွေအတွက် ကောင်းတဲ့သဘော သက်ရောက်လိမ့်မယ်။ 

ရန်ကုန်မှာ နေထိုင်နေကြသူတွေအတွက် အဓိကထား ပြောရရင် သတ္တိရှိရှိနဲ့ နေနေကြတယ်လို့ ပြောလို့ရတယ်။ ဖြစ်သမျှ အကြောင်း မကောင်းပေါ့။ ဘာဖြစ်ဖြစ် မကောင်းတာကြီးပဲလို့ ခံယူပြီး နေနေကြတယ်။ ရန်ကုန်ကလူတွေအတွက် ထူးဆန်းစွာပဲ 10 of pantacles ကဒ် ကျတယ်။ ကျပုံကျနည်းက ဟိုလူတွေအတွက် ကျပုံနဲ့မတူဘူး။ သူတို့အတွက်ကကျတော့ အတိတ်ကနဲ့ အခု လက်ရှိအခြေအနေမျိုးကို ပြတာဖြစ်ပြီး ရန်ကုန်ကလူတွေအတွက် ဖြစ်လာမယ့် မမျှော်လင့်တဲ့ အခြေအနေမျိုး ဖြစ်တယ်။ ဒါကြောင့် ရတနာသုံးပါးကို ဒီထက်မက ပိုမိုဆည်းကပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ မြင်တာ ပြောရရင် ဘယ်သူမှ စိတ်ချမ်းသာမနေကြတာကတော့ အားလုံးပါပဲ။ 

မြန်မာပြည်တပြည်လုံးက လူတွေအားလုံးကို ခြုံပြီးကြည့်လိုက်တော့ မြို့ပြက လူတွေလောက် တော့ မကောင်းနိုင်သေးဘူး။ ခံတဲ့အခါ ခံလိုက်ရ၊ ကောင်းတလှည့် မကောင်းတလှည့် ဖြစ်နေတယ်။ အမြဲလိုလို စိတ်ညစ်နေရတာ များနေသော်လည်း ကံတရားက အလှည့်အပြောင်း ရှိလာတတ်တယ်။ ကြိုးစားနေရတဲ့ အနေအထားမျိုးတွေ များတယ်။ ရွေးချယ်စရာကလည်း အမြဲ ၂ ခု ရှိနေတာမျိုး ဖြစ်တတ်တယ်။ ကောင်းတဲ့ကံတရားတစ်ခုကို ထုတ်ပြရရင် အားလုံးအတွက် အမှန်တရားဟာ အားကိုးရာတစ်ခု ဖြစ်နေတယ်။ ဒါကြောင့် ရတနာသုံးပါးကို ပိုပိုပြီး ယုံကြည်ပြီး များများလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ တဘက်ကို နိုင်နိုင်တာက ဒီနည်းကလွဲပြီး မရှိသလို ဖြစ်နေတယ်။ ကျောင်းမှာတောင် ဘုရားစာတွေပဲ သင်ပေးရင် ပိုပြီး အန္တရာယ်ကင်းတဲ့ သဘောမျိုးတွေ တွေ့ရတယ်။ ဘာသာရေးကို ပိုပြီး အလေးထားဖို့ ဆိုတဲ့ Hierophant ဆိုတဲ့ကဒ်မျိုးတွေ ရလာတာကြောင့် အဲသည်လို သုံးသပ်လိုက်တာ ဖြစ်ပါတယ်။ မိမိကံတရားကို မြင့်ဖို့ဆိုရင် ဘာသာရေး များများလုပ်ကြပါ။ 

အဖမ်းခံထားရသူတွေအတွက်တော့ ပြောရရင် သူတို့က ထင်တာထက်တောင်ပိုပြီး သတ္တိရှိနေကြတာ တွေ့ရတယ်။ သူတို့ဟာ ဘာသာရေးကို ပိုပြီး များများလုပ်လာကြတာ စိတ်ညစ်တာတွေများသလောက် ဘာသာရေး ပိုပြီးဆည်းကပ်မှုတွေ လုပ်လာတာတွေ တွေ့ရပါတယ်။ ကောင်းတဲ့ကံတရား မြန်မြန်ရောက်လာဖို့ ဆုတောင်းနေကြတယ်ပေါ့။ သူတို့က တမင်သက်သက် မလွှတ်ဘဲ ခံနေရတဲ့ ထားထားတဲ့သဘော သက်ရောက်နေတာကြောင့် လွတ်လာဖို့က အထက်က လူတွေ စိတ်ပြောင်းဖို့ပဲ ရှိနေတယ်။ စိတ်ပြောင်းဖို့ ခက်နေသောလည်း အထက်က တာ၀န်ရှိသူအတွက အချိန်ကြာလေ ပိုပြီး အထက်ကသူတွေအတွကက် ပိုပြီး ကုသိုလ် မရလေ ဆိုတဲ့သဘောတရားမျိုး ဖြစ်နေတယ်။  ဒါပေမဲ့ အခြေအနေတစ်ခုကြောင့် စိတ်ပြောင်းဖို့ ဖြစ်လာတတ်တယ်။ အမှန်ပြောရရင် တားရော့တွေ ချတိုင်း အဖမ်းခံရသူတွေရဲ့ ကံတရားက အမြဲကောင်းနေတာ တွေ့ရပါတယ်။ ဆုံးဖြတ်ချက် တစ်စုံတရာချလိုက်ရတာမျိုး၊ နေရာပြောင်းရွှေ့ခံရတာမျိုး၊ သတင်းစကားကောင်းကောင်းလေးတွေ ကြားရတာမျိုးက အမြဲလိုလို တွေ့နေရလို့လည်း လွတ်လာမလားလို့ ရေးဖြစ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်အတွက် ဇူလိုင်လအတွက် အကြမ်းဖျင်းပြောရရင် သူ့အတွက် ထူးခြားမူမရှိတဲ့ အခြေအနေကို ကျော်ဖြတ်နေရတတ်တယ်။ အခွင့်အရေးတွေ ပေးတာတွေ ကြုံရပေမယ့် သူ လိုလားတဲ့အရာ မဟုတ်တာမျိုး ဖြစ်နေတတ်တယ်။ ထူးခြားချက်ကတော့ မြန်မာပြည်သူပြည်သားတွေအတွက် ကြည့်ခဲ့ပေးတုန်းကလိုပဲ ဘာသာရေးလုပ်နေတဲ့ အနေအထားမျိုးတွေ အများဆုံး တွေ့ရပါတယ်။ ပြောင်းလဲမှုဟာ ဘာသာရေးနဲ့ ဆိုင်နေတယ်လို့ပဲ မြင်မိပါတယ်။ 

အခုလအတွက် ခုနစ်ရက်သားသမီးတွေအတွက် တားရော့ကဒ်များ ချပေးလိုက်ပါတယ်။ ကိုက်တာတွေယူပြီး သိပ်မကိုက်ရင်လည်း ထားထားလိုက်ပါလေ။

တနင်္ဂနွေ

အခုလတ်တလော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတတ်တယ်။ ဘ၀ကို ကိုယ်စေလိုရာစေ ဆိုတဲ့စိတ်မျိုး ပိုင်ဆိုင်နေတတ်တယ်။ အဲသည်လိုမဟုတ်ရင်တော့ တစ်ခုခု ဆုံးရှုံးထားလို့ စိတ်မပျော်ရွှင်နေတာမျိုး ခံစားနေရတတ်တယ်။ တိုက်ချင်ခိုက်ချင်စိတ်တွေ လွှမ်းမိုးနေတာ မကောင်းဘူး။ သတိထားလုပ်ဆောင်ပါ။ ပြောချင်ဆိုချင်တာမျိုး၊တစ်ခုခုကို ရင်ဖွင့်ချင်တာမျိုး ဖြစ်နေရင် လုပ်ပါလို့ ဆိုတယ်။ ကိုယ် ဖြစ်စေချင်သလို ဖြစ်လာတတ်တာကြောင့် မိခင်၊ ယုံကြည်ရသော အမျိုးသမီးကို စိတ်ထဲတိုင်ပင်ပြီး လုပ်ဖို့ အကြံပေးပါရစေ။ လူကိုယ်တိုင် ပြောဆိုတိုင်ပင်မယ်ဆိုရင်လည်း အစအဆုံး သေချာပြောပြဖို့ လိုအပ်တယ်။ တနေရာရာကို သွားဖို့ မျှော်လင့်နေမိတာ၊ အဝေးကနေ တစ်ခုခု လာဖို့ မျှော်ငေးနေတာမျိုး ဖြစ်တတ်တယ်။ ငွေရေးကြေးရေး အ၀င် ရှိတတ်တာကြောင့် သတင်းကောင်း ကြားရတတ်ပါတယ်။ ကမ္ဘာကြီးက မကောင်းဘူးဆိုပြီး ဖြစ်နေရင် ထွက်ပေါက်တစ်ခု သေချာပေါက်ရမယ်လို့ မှတ်ထားပါ။ သစ်လွင်တဲ့ အခွင့်အရေးတစ်ခုက သင့်ကို စောင့်ကြိုနေတတ်တယ်။ ဆုံးဖြတ်ချက်တစ်ခုခု ချဖို့ အချိန်ကောင်း ဖြစ်ပါတယ်။

တနင်္လာ

မျှော်လင့်နေတဲ့သတင်းစကား ရပြီး ဖြစ်ချင်ဖြစ်မယ်၊ မရသေးရင် ရတတ်ပါတယ်။ မြန်မြန်ဆန်ဆန် လှုပ်ရှားပြီး အလုပ်တွေ အများကြီးလုပ်နေရတတ်တယ်။ ကောင်းသော လုပ်ခြင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်မညစ်ဘဲ ပျော်ပျော်ရွှင်ရွှင် လုပ်သွားပါ။ ကံတရားဟာ ကိုယ့်ဘက်မှာမို့ မကြောက်ပါနဲ့။ အလုပ်တစ်ခု ပြီးမြောက်သွားတာ၊ တစ်စုံတစ်ယောက်နဲ့ ပျော်ရွှင်စွာ အဆုံးသတ်သွားတာ ကြုံရတတ်တယ်။ ကိုယ် ကျေနပ်စရာတွေ ဖြစ်လာတတ်တယ်။ ကိုယ့်ရှေ့ရောက်လာတဲ့ အရာတွေကို ကောင်းကောင်း အသုံးချတတ်ရင် အရာရာ ကိုယ့်လက်ထဲမှာလို့ ဆိုတယ်။ အလုပ်တစ်ခုကို ခုမှ စလုပ်ရတော့မယ် ဆိုရင်လည်း ကိုယ့်အတွက် အသစ်သော အတွေ့အကြုံတွေ ရလာမှာ ဖြစ်ပါတယ်။

အင်္ဂါ

တစ်ခုခုကို လက်မလွှတ်ချင် ဖြစ်နေတယ်။ ကိုယ့်ပေါ်ရောက်နေတဲ့ ထမ်းထားတဲ့အရာတွေက ကိုယ်သဘောကျနေတာတော့ မှန်တယ်။ ကြာလာတော့ ၀န်ထုပ်ဝန်ပိုး ဖြစ်လာတယ်။ ပေးကမ်းရက်ရောတဲ့စိတ်ကတော့ အမြဲရှိနေပြီး သူတပါးကို ကူညီဖို့ ဝန်မလေးဘူး။ ဒါပေမဲ့ နှမြောတတ်တဲ့စိတ်နဲ့ လောဘကြီးတဲ့စိတ်ကတော့ ဘက်မျှနေသလို ဖြစ်နေတယ်။ လောဘကြီးတယ်ဆိုတာ ကောင်းတာလုပ်ဖို့ ပေးကမ်းဖို့ အလုပ်လုပ်ဖို့ အကုန်ပါပါတယ်။ အခုလအတွင်း အလှူဒါန ပြုရတတ်တယ်။ အဲသလို အခွင့်အရေးမျိုးရလာရင် စိတ်သန့်သန့်နဲ့သာ လုပ်ပေးပါ။ ကိုယ့်အတွက် ကောင်းတဲ့ကံ အလိုလို ရလာတတ်တယ်။ အခွင့်အရေးမရရင်တော့ တစ်ခုခု ပေးကမ်းတာမျိုးလုပ်လိုက်ပါ။ နောက်ဆုံး ဘာမှ မလုပ်တတ်ရင် ဘုရားမှာ တစ်ခုခု ကပ်လှူတာမျိုး လုပ်ပါက ကိုယ့်အတွက် အလုပ်အကိုင် ပေါင်းသင်းဆက်ဆံရေးကံ အလိုလိုပွင့်သွားလိမ့်မယ်။ 

ဗုဒ္ဓဟူး

ဒီတလလုံး အများအားဖြင့် ကံကောင်းတတ်တဲ့ ၇ ရက်သားသမီးထဲမှာ ပါနေတယ်။ မိသားစု အဆင်ပြေ၊ ငွေရေးကြေးရေး ကံကောင်း၊ အလုပ်အကိုင် အောင်မြင်တာမျိုးတွေ ဖြစ်လာတတ်တယ်။ အစစအရာရာ အဆင်ပြေနေတယ်ဆိုပေမယ့် ကံမကောင်းတတ်တဲ့ အရာက မိတ်ဆွေကနေ ရန်သူဖြစ်တာမျိုး၊ နောက်ဆုံးတိုက်ပွဲကို အပင်ပန်းခံ တိုက်ရတာမျိုး ဖြစ်တတ်တယ်။ သို့သော် မိသားစုကံ အရမ်းကောင်းနေတဲ့အတွက် ကိုယ့်မှာ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုနည်းတယ်။ ကိုယ် ကျွမ်းကျင်တဲ့ ဘာသာရပ်မျိုးမှာ တိုက်ခိုက်တာမျိုး ကြုံရတာကြောင့် သိပ်စိုးရိမ်စရာမလိုဘူး။ ကိုယ့်အတွက် အများကြီး အားသာတဲ့ဘက်မှာ ရှိနေပါတယ်။ အပေါင်းအသင်း ကံကောင်းတယ်။ ဒါကြောင့် မိတ်ဆွေပေါတယ်။ ရန်သူဖြစ်သွားတဲ့သူရှိလည်း ဂရုမစိုက်ပါနဲ့။ အလိုလို ကိုယ့်ဘက်ကို ပြန်လာတတ်တယ်။ 

ကြာသပတေး

လအစပိုင်းမှာ စိတ်ဆင်းရဲစရာကြုံရတတ်ပြီး ခဏနဲ့ ပျက်ပြယ်သွားတတ်ပါတယ်။ ကိုယ့်ကို ကမ်းလှမ်းတဲ့ အရာတွေ တစ်ခုမကရှိလာတတ်ပြီး ကိုယ်က စိတ်တိုင်းမကျ ဖြစ်နေတတ်တယ်။ အလုပ်အကိုင် အောင်မြင်တာ ကိုယ့်ကို လူတွေက သတိထားမိလာတာ ကိုယ်လုပ်သမျှ စိတ်၀င်စားခံရတတ်တာတွေ ကြုံလာရတတ်တယ်။ ကိုယ်က အရာရာကို အပေါ်ယံလောက်ပဲ ကြည့်တတ်တဲ့စိတ်ကို ပြင်ပါ။ ကိုယ်ဂရုစိုက်ရင် စိုက်သလောက် အကျိုးရှိတယ် ဆိုတာမမေ့ပါနဲ့။ ကိုယ့်ကို တလေးတစားဆက်ဆံတဲ့ လူတွေကြား ရောက်သွားးတတ်တယ်။ စိတ်ညစ်စရာ ဖြစ်လာရင် ခဏ အနားပေးပြီး သေချာ စဉ်းစား ဆုံးဖြတ်ပါက အရာရာ ပြန်အဆင်ပြေတာမျိုး ပြန်ဖြစ်တတ်ပါတယ်။ အမြင်မတူတာမျိုးဖြစ်ရင် စိတ်ထိခိုက်တတ်တဲ့အကျင့်ကို ပြင်ပါ။ အရာရာဟာ ကိုယ့်သဘောကျ မဖြစ်တဲ့အခါလည်း စိတ်သိပ်မညစ်ပါနဲ့။ ခဏနဲ့ ပြန်ကောင်းလာတတ်တဲ့ သဘောတရားကို လက်ကိုင်ထားပါ။

သောကြာ

ခရီးရှည်တစ်ခု ထွက်ရတတ်တယ်။ အဲလို မဟုတ်ရင် နေရာသစ်တခုကို သွားရတတတယ်။ သို့မဟုတ် ကိုယ်လုပ်ခဲ့တဲ့အရာတွေ အားလုံးကို အဆုံးသတ် လုပ်ပေးလိုက်ရတတ်တယ်။ တခုခုကို စွန့်ပစ်ပြီး နောက်အလုပ်သစ်တခုလုပ်ဖို့ စတင်ရတတ်တယ်။ ဘာဖြစ်ဖြစ် ကောင်းပါတယ်။ ကိုယ့်အနာဂတ်ဟာ ပီးမြောက်ခြင်းဆိုတဲ့ သဘောတရားမျိုး ဖော်ဆောင်နေတတ်တယ်။ ဒါပေမဲ့ ပင်ပန်းပြီး လူရောစိတ်ပါ အနားယူချင်ပေမယ့် အနားမရတာမျိုး ဖြစ်တတ်တယ်။ အတိတ်တုန်းက ကိုယ်အပင်ပန်းခံပြီး လုပ်ဲခ့တဲ့ အသီးအပွင့်တွေကို စားသုံးရမယ့်အချိန်လည်း ဖြစ်တာကြောင့် နားနားနေနေ လုပ်ဖို့ ပြောချင်ပါတယ်။ ကိုယ့်အိမ်က ဖြစ်ဖြစ်၊ သူများအိမ်က ဖြစ်ဖြစ်၊ အပြင်ထွက်ရင်းဖြစ်ဖြစ်၊ သစ်ပင်က သစ်ရွက်လေး တစ်ရွက် နှစ်ရွက်ဖြစ်ဖြစ် ကြွေလာတာကို ရုတ်တရက် တွေ့လိုက်ရရင် သင် ကံကောင်းပါတယ်လို့ အမြဲတွေးပြီး စိတ်ကို လန်းဆန်းအောင်ထားလိုက်ပါ။ အားလုံး အဆင်ပြေလာတတ်ပါတယ်။ 

စနေ

အများနဲ့ အမြင်မတူတတ်တာကြောင့် သူတပါး ဝေဖန်ခံရတတ်တယ်။ အပြိုင်အဆိုင်ရှိရင် အနိုင်ရတတ်တယ်။ အရေးတကြီး ဆုံးဖြတ်ချက်ချဖို့ ကြုံရတတ်တယ်။ အဲသည် ဆုံးဖြတ်ချက်ကလည်း စွန့်လွှတ်ရတာမျိုး ဖြစ်နေရင် သတိထားရမယ်။ ဖြစ်နိုင်ရင် သေချာသုံးသပ်ဖို့ လိုတယ်။ မိသားစု ငွေရေးကြေးရေး ကံကောင်းတယ်။ ပျော်ရွှင်စရာလေးတွေ ဖြစ်လာတတ်တယ်။ စန်းလည်းပွင့်နေတတ်တယ်။ ကိုယ့်ကို ချစ်ခင်တဲ့သူတွေဆီက လက်ဆောင်တွေ ဘာတွေတောင် ရလာတတ်တယ်။ ကိုယ်က ပြန်ပေးဖို့ မမေ့ပါနဲ့။ ကိုယ့်ကို တကယ်ကို ချစ်ခင် ဂရုစိုက်တဲ့သူတွေ ဒီလမှာ အတော်လေး များတတ်တယ်။ ကိုယ်ပြန်ဂရုစိုက်ရင် စိုက်သလို သူတို့ကလည်း ကိုယ့်ကို ပြန်ဂရုစိုက်တတ်ကြလိမ့်မယ်။ အလုပ်တော့ တကယ်များတဲ့လလို့ ပြောရပါလိမ့်မယ်။


တာရို


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar