Breaking News

မိုးမြင့်ယံ - မှောင်မိုက်ခြင်းဖြင့် လွှမ်းခြုံထားသော ဒုက္ခဝတ်ရုံလွှာများ

မှောင်မိုက်ခြင်းဖြင့် လွှမ်းခြုံထားသော ဒုက္ခဝတ်ရုံလွှာများ  
မိုးမြင့်ယံ
(မိုးမခ) ဇူလိုင် ၉၊ ၂၀၂၂


နေ့ နဲ့ ညတို့သည် သဘာဝတရားအရ ပုံမှန်လည်ပတ်နေသော်ငြား ပုံမှန်မဟုတ်သော ဘဝတို့ သည် မိုးစက်မိုးမှုန်တွေအောက်၌ ခိုက်ခိုက်တုန်နေကြရပေသည် ။

လွင့်လွင့်ဝဲဝဲ စိတ်တွင်းမှာမှ ရံခါမလပ် ကိုယ့်အရိပ်ကို ကိုယ်တိုင်ပြန်ကြောက်လန့်နေရသော အဖြစ်တို့သည် ရှည်လျားလွန်းလှချည်ရဲ့ ။

အဆင်မပြေခြင်းတို့သည်ပင် ဒုက္ခနဲ့ ဖက်လှဲတငင်လုပ်ထားသော ဝတ်ရုံလွှာတွေကဲ့သို့ ဘဝများစွာကို တလူလူလွှမ်းခြုံထားပြန်သည်ပဲ ။

ကမ်းနဲ့ ဝေးခဲ့ရသော လှေငယ်များစွာအတွက် ဆိုက်ကပ်ရာဆိပ်ကမ်းတို့သည် အဘယ်မျှထိဝေးကွာနေဦးမည်ဆိုတာ မသိနိုင်ပြန်ပါ ၊
မီးပြတိုက်သည်လည်း မှောင်မိုက်ခြင်းထဲမှာ တိတ်ဆိတ်ငြိမ်သက်စွာ အသားကျလျက်တည်ရှိနေရပြန်သည် ။

မိုးစက်မိုးမှုန်တို့အောက်မှာ ချမ်းတုန်နေသော ဘဝများစွာအတွက် နွေးထွေးမှုတခုအား အလျင် အမြန်လိုလားတောင်းတမိတာ အပြစ်တခုများဖြစ်ခဲ့လေမည်လား ။

မျက်ရည်တို့၏ ရာဇဝင်သည် ကြီးကျယ်ခမ်းနားလွန်းလှသည်ဆိုသော်ငြား အဘယ်သူသည် ဖေးကူစာနာစွာ သိနိုင်ပါအံ့နည်း ။

ခက်ခဲကြမ်းတမ်းမှုဖြစ်စဥ်၌ လမ်းတို့သည် ပိုမိုရှည်လျားလွန်းလှသည်ဟု စိတ်၌ ထင်မှတ်မိသောအခါ ခြေလှမ်းတို့သည် အားမဲ့ညွှတ်ခွေခြင်းထဲသို့ တိုးဝင်ရန်တာဆူနေကြပြန်သည် ။

ရင့်ရင့်ရဲရဲ ပျံသန်းခြင်းမှာ မိုးရေစက်တို့သည် အတောင်ပံတစုံအတွက်တော့ စိုထိုင်းလေးလံစွာ ဒုက္ခပေးလွန်းလှပေသည်လေ ။

ငိုကြွေးခြင်းထဲ၌ မျက်ရည်တို့သည်ပင် မစီးဆင်းနိုင်တော့လောက်အောင် ခမ်းခြောက်ကာ အမှောင်တို့သည် သိပ်သည်းလေးလံလွန်းလှပေသည် ။

နာကျင်စွာ ဟစ်အော်မိသော သက္ကရာဇ်တို့ထဲ မာကျောခြင်းတို့သည်ပင် လွင့်ဝေးကျန်ရစ်ခဲ့လေပြီလား ။

လူငယ် ဘဝရဲ့ အဖြူရောင်နေ့စွဲ တို့၌တွင်ပင် အရောင်တို့သည် စုံလင်ခဲ့ရဖူးပေသည် ။.

အရာရာကိုစူစမ်းရှာဖွေရင်း ကိုယ်တိုင်သည်ပင် မျက်မမြင်ပုဏ္ဍား ခြောက်ယောက်ထဲက တယောက်များ ဖြစ်ခဲလေသလား မသိနိုင်ပြန် ။

ငိုကြွေးခြင်း မျက်ရည် နဲ့ ဒုက္ခတရားတို့သည် အနီးအပါးတွင် အစဥ်အမြဲထိတွေ့ဆက်ဆံနေရသော နိစ္စဓူဝဖြစ်စဥ်တခုဖြစ်သည်ဆိုတာကတော့ မငြင်းနိုင်ပြန်ပါ ။

ပုလင်းသံခွက်သံတွေနဲ့ အရက်ဖြူဆိုင်လေးအတွင်းက ဆဲရေးသံများ ဒုက္ခခါးခါးကို မြိုချနေကြ ၊ မိုးခိုးနံ့ ညှော်နံ့နဲ့ ကလေးငိုသံများ အရာရာသည် စနစ်တကျပစ်ချခံလိုက်ရသော မျက်ရည်နဲ့ ရေးတဲ့ ကျူးဇာတ်ညွှန်းတပုဒ်ပေများလား ။

ဘဝထဲက ဘဝတို့သည် မိုးရေနဲ့ ရောနှောလာသောမျက်ရည်တို့အား တို့သုတ်ရန်ကိုပင် မေ့လျော့နေခဲ့ကြရလေသည် ။

မှောင်မိုက်ခြင်း ၌ လွှမ်းခြုံခံရသော ဒုက္ခဝတ်ရုံလွှာသည် အဘယ်သူကိုများ လုံခြုံနွေးထွေမှုပေးနိုင်ပါအံ့နည်း ။

အဖြေမရှိသော ပုစ္ဆာတို့သည် ညနက်နက်ထဲ တွက်ရခက်လွန်းလှပေသည် ။


                                              မိုးမြင့်ယံ
                                            7 . July . 2022
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar