Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၆ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၆ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၂၂


အရပ်သား သေဆုံးမှုတွေနဲ့ တရားမျှတမှု 

ပြီးခဲ့တဲ့ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့တွေမှာ ကြိုးပေးစီရင်ခြင်းခံခဲ့ရတဲ့ သူ ၄ ဦးအတွက် ပြည်တွင်းက နိုင်ငံရေးပါတီတချို့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ပြည်ပရောက် နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အစိုးရတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်ကြောင်း၊ ရှုတ်ချကြောင်း ကျယ်ကျယ်လောင်လောင် ထုတ်ပြန်နေဆဲ ဖြစ်ပါတယ်။ ဒေသတွင်း နိုင်ငံတကာ အစုအဖွဲ့ ဖြစ်တဲ့ အာဆီယံအဖွဲ့ ကတောင် သေဒဏ်ပေးမှုကို ကန့်ကွက်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ သေဒဏ်ကို ပယ်ဖျက်ထားတဲ့ အနောက် ဥရောပနိုင်ငံတွေ အနေနဲ့တော့ ပြင်းထန်တဲ့ စကားလုံးတွေနဲ့ မြန်မာစစ်ကောင်စီရဲ့ သေဒဏ်စီရင်ကွပ်မျက်မှုကို ရှုတ်ချခဲ့ကြပါတယ်။ ဘာကြောင့် သေဒဏ်စီရင်မှုကို ကန့်ကွက်ကြတာပါလဲလို့ ဆိုရင် အခု လိုအကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မ၊ လူသတ်မှုပုဒ်မတို့နဲ့ တရားရုံးကနေ သေဒဏ် အမိန့်ချခံခဲ့ရသူ ၄ ဦးကို ကြိုးပေးကွပ်မျက်မှုက နောက်ဆက်တွဲ သေဒဏ်ချခံထားရသူ အများအပြားကိုပါ ဆက်လက် ကြိုးပေးကွပ်မျက်နိုင်ခြေ ရှိတာလည်း အဓိကအကြောင်းတချက် ဖြစ်ပါလိမ့်မယ်။

အခု သေဒဏ်စီရင်ခြင်းခံရသူ ၄ ဦးအနက် ၂ ဦးက စစ်အာဏာမသိမ်းမှီ ၂၀၁၂မှ ၂၀၂၀ ထိ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူ၊ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် တာဝန်ထမ်းဆောင်ခဲ့သူနဲ့ အခြားတဦးက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်ခဲ့သူ ဖြစ်တဲ့အချက်တွေကလည်း အတိုက်အခံ နိုင်ငံရေးသမားတွေကို မြို့ပြပြောက်ကျားအဖွဲ့တွေကို စီစဥ်ညွှန်ကြားသူအနေနဲ့ စွပ်စွဲကာ စစ်ခုံရုံးတင်ပြီး မြန်မြန်ဆန်ဆန် သေဒဏ်စီရင်ချက် ချမှတ်လိုက်ခြင်းက မြို့ပြပြောက်ကျားလှုပ်ရှားမှုကို ဦးချိုးဖို့ ရည်ရွယ်တဲ့ လုပ်ရပ်လည်း ဖြစ်တာကြောင့် ဂယက်ရိုက်ခတ်မှု ကြီးမားတာလို့ ကောက်ချက်ချနိုင်ပါတယ်။

တဖက်မှာ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် လက်နက်ကိုင် တပ်တွေအချင်းချင်း တိုက်ခိုက်မှုတွေမှာ သေဆုံးရတဲ့ အရေအတွက်တွေ ထည့်သွင်း ခြင်းမပြုဘဲ နေ့စဥ်နဲ့အမျှ အရပ်သား ဆယ်ဂဏန်းနဲ့ ချီအသက်ဆုံးရှုံးနေကြရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားတဲ့ ပဋိပက္ခ၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ကလေးသူငယ် အခွင့်အရေးချိုးဖောက်မှု၊ အဓမ္မပြုကျင့်ခံရမှု၊ လုပ်ကြံသတ်ဖြတ်မှုတွေကြောင့် အရပ်သား အရေအတွက် အနည်းဆုံး ၃၀၀၀ ကျော်သေဆုံးပြီးလို့ ယူဆရပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ထည့်မတွက်ဘဲ နိုင်ငံရေးအယူအဆမတူသူ နှစ်ဖက်အဖွဲ့အစည်းတွေက သေဆုံးသူအရေအတွက်ကို ခန့်မှန်းတွက်ချက်ကြည့်တဲ့ ကိန်းဂဏန်းဖြစ်ပြီး တနှစ်ကျော်ကာလအတွင်း လက်နက်နဲ့ သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ သတ်ဖြတ်တာ၊ စစ်ဆေးရေးလို့ အမည်တပ်ထားတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ သတ်ဖြတ်ခံရတာတွေက နေ့စဥ်နေ့တိုင်း ပျှမ်းမျှ ၅ ဦးခန့် သေဆုံးနေရတယ်လို့ ကောက်ချက်ချလို့ရပါတယ်။

လက်နက်ကိုင် အဖွဲ့အစည်းမဟုတ်ဘဲ အရပ်သားဆုံးရှုံးမှုတွေကို သုညထိ မလျော့ချနိုင်ပေမယ့်လည်း တတ်နိုင်သမျှ လျော့နည်းလာအောင် လုပ်ဆောင်နိုင်တဲ့ အဖွဲ့အစည်းတိုင်းက လုပ်ဆောင်ဖို့တာဝန် ရှိပါတယ်။ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို တားဆီးနိုင်တဲ့ အဖွဲ့အစည်းတွေက အာဏာနဲ့ သို့မဟုတ် တင်းကျပ်တဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ စစ်ကောင်စီလို နိုင်ငံရေးအာဏာ တည်မြဲရေးအတွက် လုပ်ချင်တာ လုပ်ခွင့်ပြုထားတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ ကျူးလွန်မှုတွေကို မှတ်တမ်းတင်ဖို့ ဖော်ထုတ်ဖို့ စနစ်၊ ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လိုပါတယ်။ ဖော်ထုတ်မှတ်တမ်းတင်ဖို့ လုပ်ဆောင်နေစဥ်မှာပဲ ဒီလုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေ ထပ်ပြီးအန္တရာယ်မကျရောက်အောင် လုံခြုံမှုရှိတဲ့စနစ်နဲ့ မှတ်တမ်းယူတာ မှတ်တမ်းတင်တာ လုပ်ဖို့ လိုအပ်ပါတယ်။ မှတ်တမ်းတင် ဖော်ထုတ်တာကြောင့် သက်သေတွေ သတင်းရင်းမြစ်တွေ နောက်ထပ် အန္တရာယ်မကျရောက်ဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ အစိုးရတွေကို သံတမန်ရေးအရ ဖိအားပေးဖို့ လှုံ့ဆော်ဖို့ လိုအပ်တာ အမှန်ဖြစ်ပါတယ်။

သို့သော် အဲလိုအဖွဲ့အစည်းတွေက ပြည်တွင်းမှာ ဖြစ်ပျက်နေတာတွေကို တားဆီးနိုင်တယ် ဆိုတဲ့ လက်တွေ့မကျတဲ့ လွဲမှားတဲ့ မျှော်လင့်ချက်မျိုးလည်း မပေးဖို့ လိုအပ်ပါတယ်။ ပြည်တွင်းက ပြဿနာတွေရဲ့ အဆုံးအဖြတ်ပေးမှုဟာ ပြည်တွင်းက အင်အားစုတွေရဲ့ အင်အားနဲ့ မှန်ကန်တဲ့ ခေါင်းဆောင်မှုတွေအပေါ်မှာသာ မူတည်တယ်ဆိုတာကို လေးလေးနက်နက် နားလည်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အခု သေဒဏ်စီရင် ကွပ်မျက်ခံရသူ ၄ ဦးရဲ့ ဖြစ်ရပ်ဟာ အခြားသော အပြစ်မဲ့တဲ့ အရပ်သားတွေ နေ့စဥ် အသက်ဆုံးရှုံးမှုတွေကို အရေးတကြီးထား တားဆီးကာကွယ်ကြဖို့ နည်းလမ်းရှာကြဖို့ အတွက်လည်း နှိုးဆော်လိုက်သလို ဖြစ်ပြီး ကြေညာချက် ၊ ထုတ်ပြန်ချက်တွေ သက်သက်မဟုတ်တဲ့ မှန်ကန်တဲ့ ဦးဆောင်မှုမျိုး လူထုကို အသိပေးမှုမျိုး လိုအပ်နေကြောင်း စေ့ဆော်လိုက်တဲ့ ဖြစ်ရပ်လို့ ထင်မြင်မိပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar