Breaking News

မောင်မောင်စိုး - စစ်ပြင်နေသော ရှမ်းပြည်

မောင်မောင်စိုး - စစ်ပြင်နေသော ရှမ်းပြည် 
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၂၂

ယခုရက်ပိုင်း စစ်ပြင်နေသော သတင်းအတက်များနေသည်က ရှမ်း‌ မြောက်နှင့် ရှမ်းတောင် အစပ်ဟုဟုဆိုရမည့် တန့်ယန်းနှင့် မိုင်းရှူးဒေသ ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇွန်လ မှစ၍ မိုင်းရှူးဒေသမှ SSPP စခန်း ၃ ခုအား ဖယ်ခိုင်းရာမှစတင်သည်။ ပထမအကြိမ် ဇွန်လ ၉ ရက်နေ့နောက်ဆုံးထားဖယ်ရှားရန်၊ ဒုတိယအကြိမ် ဇွန်လ ၃၀ ရက်ထားဖယ်ရှားရန် ရာဇသံပေးခဲ့သော်လည်း SSPP က ဖယ်ရှားမည်မဟုတ်ဟု အကြောင်းပြန်သည်ကို တွေ့ရသည်။ တဖန် ဇူလိုင် ၁၄ ရက်တွင် မိုင်းနောင်တွင် ထပ်မံတွေ့ဆုံပြီး ၇ ရက်အတွင်း အကြောင်းပြန်ကြားရန် သတ်မှတ်ခဲ့သည်။ သို့သော် သတ်မှတ်ရက်ရောက်သော်လည်း SSPP ကမဖယ်ရှားနိုင်ဟု အကြောင်းပြန်သည်။ သို့ဖြစ်ရာ ဇူလိုင်လ ၂၂ ရက်ခန့်တွင် မိုင်းရှူးတွင် ထပ်မံတွေ့ဆုံခဲ့သည်ဟု ကြားသိရပြီးရလဒ်ကတော့ ပြောင်းလဲခြင်းမရှိပေ။ သို့ဖြစ်ရာ မိုင်းရှူး၊ တန့်ယန့်ဒေသတွင် မြန်မာစစ်ဖက်မှစစ်အင်အားဖြည့်တင်းခြင်း၊ သံချပ်ကားများ ရောက်ရှိခြင်း၊ လေကြောင်းကင်းထောက်မှုများပြုလုပ်ခြင်းပြုလုပ်သည့်သတင်းများကြားရသကဲ့သို့ SSPP နှင့်မဟာမိတ်များဖက်ကလည်း စစ်အင်အားဖြည့်တင်းခြင်း၊ လူထုအား လေကြောင်းရန် ကာကွယ်ရေးသတိပေးချက်များ ထုတ်ပြန်ခြင်း ၊ တနေရာတွင် သေနတ်သံမြည်ပါက နေရာအနှံ့တွင် သေနတ်သံမြည်နိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန် သည်ကိုတွေ့ရသည်။ 

တကယ်တော့ SSPP  စစ်စခန်းများ ဆုတ်ခိုင်းခြင်းသည် ၂၀၂၂ မတ်လကုန်မှစတင်သည်။ SSPP / မဟာမိတ်များနှင့် RCSS တို့ စစ်ရေးပဋိပက္ခအပြီး ပင်လုံ-ဆနင်းတောင်၊ မိုင်းကိုင်-ဆင်တောင်၊ ကျေးသီး-လွယ်ဟွေးတောင်တို့ရှိ SSPP နှင့်မဟာမိတ်များ ထိမ်းချုပ်ထားသည့် စခန်းများအားဆုတ်ခွါရန် သတိပေးသည်မှ စတင်သည်။ နောက်ပိုင်းတွင် မိုင်းရှူးမြောက်ဖက်ရှိ စခန်း ၃ ခုကို အဓိကထားဆုတ်ခွါခိုင်းလာသည်ကိုတွေ့ရသည်။ ထိုစခန်းများမှ SSPP မဆုတ်ခွါသဖြင့် နေပြည်တွေ့ဆုံပွဲပင် နောက်ရွှေ့သွားသည်ကို တွေ့ရသည်ကိုတွေ့ရသည်။ 

မိုင်းရှူးမြောက်ဖက် လွယ်နိုင်းအနီး စခန်းသုံးခု အဘယ်ကြောင့်အရေးပါသည်ကို ဆန်းစစ်ကြည့် ပါက အောက်ပါအတိုင်းတွေ့ရသည်။ ထိုစခန်းများ သည် မိုင်းရှူးမြောက်ဖက် လွယ်နိုင်းနှင့် လွယ်နိုင်းအရှေ့ဖက် သံလွင်မြစ်အနောက်ဖက်ခြမ်းရှိ လွယ်ကျေးတောင်ကြောတဝိုက်ရှိစခန်းများဖြစ် သည်။သံလွင်မြစ်ကူး ကူးတို့တခုဖြစ်သည့် တာဆွတ်နန်အား ထိမ်းချုပ်ထားသည့်စခန်းများဖြစ်သည်။ တာဆွတ်နန်ကူးတို့မှ သံလွင်မြစ် အရှေ့ဖက်ကမ်းသို့ကူးပါက UWSA ထိမ်းချုပ်နယ်မြေ ပန်ယန်းသို့ ရောက်ရှိမည်ဖြစ်သည်။သို့ဖြစ်ရာ ယခု ဖယ်ရှားခိုင်းသော SSPP စခန်း ၃ ခုသည် UWSA ထိမ်းချုပ်ဒေသနှင့် SSPP ထိမ်းချုပ်ဒေသကြား အရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သဖြင့် နှစ်ဖက် အသည်းအသန် ရင်ဆိုင်နေခြင်းဖြစ် သည်။ 

UWSA ထိမ်းချုပ်ရာဒေသို့ ပုံမှန်သွားသည့် ဆက်သွယ်ရေးလမ်း ကြောင်းမှာ တန့်ယန်းအရှေ့ဖက် သံလွင်မြစ်အား တာကော်အက်တံတားမှဖြတ်၍ မန်မန်းဆိုင်၊ ဝိန်းကောင်၊နောင်ခေတ် တို့အား ဖြတ်၍ ပန်ဆန်းသို့သွားသည့် ကားလမ်းဖြစ်သည်။ တန့်ယန်း၊ တာကော်အက်တံတားတို့အားမြန်မာစစ်ဖက်မှချုပ်ကိုင်ထားပြီး မန်မန်းဆိုင်တွင် မြန်မာစစ်ဖက်နှင့် UWSA တပ်ဖွဲ့များရင်ဆိုင်ထားသည်။ သို့ဖြစ်ရာ SSPP နှင့် UWSA  တပ် ဖွဲ့များလိုသလိုသွား၍ မရပေ။ သို့ဖြစ်ရာ တာဆွတ်နန်ကူးတို့သည်၎င်း၊ ထိုကူးတို့ဆိပ်အား ထိမ်းသိမ်းထားသည့် စခန်းများသည်၎င်း SSPP အတွက်ရော သူ၏ မဟာမိတ် UWSA အတွက်ရော အရေးပါနေသည်။ ၂၀၂၁ မေ လကုန်မှ RCSS အား တိုက်ခိုက်ရာတွင် UWSA တပ်ဖွဲ့များသည် SSPP တပ်ဖွဲ့များအား ပါဝင်ကူညီတိုက်ခိုက်ပေးသည်ဟု မြေပြင်သတင်းအရ သိရရာ ထို UWSA တပ်ဖွဲ့များ၏ထောက်ပို့အတွက်လည်း ထိုလမ်းကြောင်းသည် အရေးပါနေသည်။ အလားတူ SSPP အတွက်လည်း အရေးပါသော ထောက်ပို့လမ်းကြောင်းဖြစ်သည်။ ရှမ်းတောင်ရှိ SSPP နှင့် မဟာမိတ်များ ၏ စစ်ရေးလှုပ်ရှားမှုများအတွက် အသက် သွေးကြောလည်းဖြစ်နေသည်။ 

သို့သော် မိုင်းရှူးတနေရာတည်း စစ်ပြင်နေသည်တော့မဟုတ်ပေ။ တန့်ယန်းတွင်လည်း စစ်ပြင်နေသည်ဟုသိရသည်။ တန့်ယန်းအရှေ့ဖက် မန်မန်းဆိုင်ဒေသတွင်လည်း UWSA တပ်များ ထောင်ချီ၍ စစ်ပြင်နေသည်ဟု သတင်းများပေါ်ထွက်နေရာ တိုက်ပွဲဖြစ်ပွါးပါက မိုင်းရှူးမြောက်ဖက်တွင်သာမက တန့်ယန်းဖက်သို့ပါ စစ်မျက်နှာ ဖွင့်လာနိုင်သည်ကိုတွေ့ရသည်။ ထို့ပြင် သံလွင်အရှေ့ခြမ်း ပန်ယန်းတောင်ဖက် မော်ဖါဒေသသည် မြန်မာစစ်ဖက် ထိမ်းချုပ်‌သည့် ဒေသဖြစ်ရာ ထိုဖက်တွင်လည်းစစ်မျက်နှာတခုပေါ်လာမည်လော စိတ်ဝင်စားဖွယ်ဖြစ်သည်။ စစ်ပွဲဖြစ်ပွါးလျင် မိုင်းရှူးတနေရာတည်းထက် ဆက်စပ်နေရာများတွင် ဖြစ်ပွါးနိုင်သည်ဟု နှစ်ဖက်လုံးက တွက်ချက်ပြင်ဆင်နေပုံရသည်။ မိုင်းရှူး၊ တန့်ယန်း၊ မော်ဖါဒေသတို့ သည် မတူသည့် စစ်တိုင်းဌာနချုပ် သုံးခုတွင်ပါဝင်နေခြင်းကလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ သို့ဖြစ်ရာ ရှမ်းတောင်တခွင်လုံးသာမက ရှမ်းအရှေ့ပါ စစ်မီးကူးစက်သွားနိုင်မည်လောဆိုသည်ကလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ မိုင်းရှူးမြို့နယ်တွင်းရှိ စခန်း ၃ ခု၏ ‌အချက်အခြာကျမှုက စစ်ပွဲအတွက်အရေးပါသည်။ နောက်ဆက်တွဲ သက်ရောက်မှုများစွာလည်းရှိနိုင်‌ပေရာ ထိုအချက်အခြာကျမှုက ညှိနှိုင်းဖြေရှင်းရန်ခက်ခဲသကဲ့သို့ သက်ရောက်မှုလည်းကြီးသည်။ ဆက်စပ်မှုလည်းများသည်။ ထို့ပြင် ရှမ်းပြည်စစ်ပွဲကို ပြန်လည် စတင်စေတော့မည်လောဆိုသည်က စိတ်ဝင်စားဖွယ်ဖြစ်တော့သည်။ ပြည်တွင်းစစ်နှင့်အတူ ပေါက်ဖွါးလာသော မြန်မာပြည်ကြီးသည် စစ်နှင့်ပတ်သက်၍ အသားကျ ယဉ်ပါးနေပုံရပေသည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar