Breaking News

အောင်သူငြိမ်း - ဗီယက်နမ်စစ်ပွဲ (၅)

အောင်သူငြိမ်း - ဗီယက်နမ်စစ်ပွဲ (၅)
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၂၂

သမ္မတကနေဒီ မကွယ်လွန်ခင်တုန်းက ဗီယက်နမ်မှာ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုက အတော်နည်းတယ်လို့ ဆိုနိုင်တယ်။ စီးပွားရေး၊ စစ်ရေး အကူ အညီတွေပေးတယ်။ စစ်ရေးအရတော့ စစ်ရေးအကြံပေးတွေပဲ လွှတ်သေးတယ်။ စစ်ရေးအကြံပေးတွေပဲဆိုပြီး အရေအတွက်တော့ မနည်းလှဘူး။ ၁၉၆၁ ခုနှစ်၊ မေလမှာ သမ္မတကနေဒီက အထူးတပ်ဖွဲ့ စစ်အကြံပေး ၅၀၀ ကို ဗီယက်နမ်ကို လွှတ်ခဲ့တယ်။ ၁၉၆၂ ခုနှစ် အကုန်မှာတော့ အရေအတွက်က ၁၁,၀၀၀ ဖြစ်နေပြီ။ အဲဒီအထဲက တိုက်ပွဲတွေမှာ ၅၂ ဦး ကျခဲ့တယ်။ ၁၉၆၃ ခုနှစ် အကုန်မှာတော့ စစ်အကြံပေး အရေအတွက်က ၁၆,၀၀၀ ဦး ရှိနေပြီ။ 

နောက်ပိုင်းတော့ တောင်ဗီယက်နမ်မှာ အမေရိကန်တပ်ဖွဲ့တွေကို ဗီယက်နမ်ရှိ အမေရိကန် ပြည်ထောင်စု စစ်ရေးအကူအညီ အမိန့်ပေးတပ်ဖွဲ့ U.S. Military Assistance Command in Vietnam (MACV) လို့ခေါ်တယ်။ သူတို့ကို တပ်မှူး ဝီလီယံ ဝက်စ် မိုးလင်း (William Westmoreland) က ကွပ်ကဲတယ်။ သူက ဒုတိယ ကမ္ဘာစစ်က နာမည်ကျော် တပ်မှူးတဦးပဲ။ 

တုန်ကင်ပင်လယ်ကွေ့ ဖြစ်ရပ် 
ဗီယက်နမ်စစ်ပွဲထဲကို အမေရိကန်တပ်တွေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာစေဖို့ အရေးကြီးတဲ့ လတ်တလော ဖြစ်ရပ်တခု ဖြစ်ခဲ့တယ်။ ၁၉၆၄ ခုနှစ်၊ ဩဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့ “တုန်ကင်ပင်လယ်ကွေ့ ဖြစ်ရပ်”(Gulf of Tonkin incident) ပဲ။ သမ္မတ လင်ဒန်၊ ဘီ ဂျွန်ဆင်လက်ထက်မှာ စစ်ပွဲကို တိုးချဲ့ဖို့ ဖြစ်လာစေတယ်။ 

တုန်ကင်ပင်လယ်ကွေ့က မြေပုံမှာကြည့်ရင် မြောက်ဗီယက်နမ် ကမ်းခြေနဲ့နီးတယ်။ အမေရိကန်စစ်သင်္ဘောတွေက အဲဒီမှာ ကင်းလှည့်တယ်။ ရေကြောင်းကနေ တောင်ပိုင်းကို စစ်လက်နက်တွေ မထောက်ပံ့နိုင်အောင် တားဆီးထားတယ်။ ကင်းလှည့် လေယာဉ်တွေနဲ့ ကုန်းတွင်းစစ်ပွဲတွေကို ကူညီပေးတယ်။ 

ပထမဖြစ်တာကတော့ ဗီယက်နမ်ကမ်းခြေတခုမှာ စစ်ပြင်ဆင်နေတယ် ယူဆပြီး၊ ၁၉၆၄ ခုနှစ်၊ ဇူလိုင် ၃၁ ရက် နံနက် လင်းအားကြီးချိန်မှာ အမေရိကန်စစ် သင်္ဘော ၂ စင်းက မြောက်ဗီယက်နမ် ကျွန်း ၂-ခုကို ဗုံးတွေ ကျဲတာနဲ့ စတင်ခဲ့တယ်။ နောက်တော့ ဩဂုတ် ၂ ရက်နေ့မှာ မြောက်ဗီယက်နမ် တော်ပီဒိုတင် သင်္ဘော ၃ စင်းက အမေရိကန် ဖျက်သင်္ဘော USS Maddox ကို ချည်းကပ်ပြီး ရန်စပစ်ခတ်တယ်လို့ ဆိုတယ်။ အနီးမှာရှိနေတဲ့ အမေရိကန် လေယာဉ်တင်စစ်သင်္ဘောဆီက လေယာဉ်တွေ တက်လာပြီး မြောက်ဗီယက်နမ်သင်္ဘောတွေကို မြှုပ်လိုက်တယ်။ ပစ်လွှတ်လိုက်တဲ့ တိုပီဒိုတွေလည်း မထိပါဘူး။ ဒီအဖြစ် အပျက်မှာ မြောက်ဗီယက်နမ် ခေါင်းဆောင် “လေဇွမ်း” က ခိုင်းစေတယ်လို့လည်း သတင်းတွေက ဆိုကြတယ်။ 

နောက်တော့ အမေရိကန်ရေတပ် ဖျက်သင်္ဘော USS Turner Joy ကို ထပ်အားဖြည့်တယ်။ ဒီသင်္ဘောတွေက မြောက် ဗီယက်နမ် စစ်ခံတပ်စခန်းတွေကို တိုက်ခိုက်ကြတယ်။ ဩဂုတ် ၄ မှာတော့ အမေရိကန်စစ်သင်္ဘော ၂ စင်းကို ခြုံခိုတိုက် ခိုက်တယ်လို့ သတင်းပို့တယ်။ တိုပီဒို ၂ ၂ စင်းနဲ့ တိုက်တယ်လို့ သတင်းပို့တယ်။ ဒီလိုနဲ့ သမ္မတ လင်ဒွန် ဘီ ဂျွန်ဆင်က ညနေခင်းမှာ ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောတယ်။ “တောင်ဗီယက်နမ်က ငြိမ်းချမ်းစွာနေကြတဲ့ ကျေးရွာလူထုတွေကို အကြမ်းဖက်သမားတွေက တိုက်ခိုက်ကျူးကျော်နေရာကနေ၊ အခုတော့ ပင်လယ်ပြင်ထဲမှာ အမေရိကန် ပြည်ထောင်စုကို ပြောင်ပြောင် တင်း တင်း တိုက်ခိုက်တာတွေနဲ့ ရန်စတိုက်ခိုက်နေပြီ” လို့ ပြောခဲ့တယ်။ အမိန့်ပေးတယ်။ မြောက်ဗီယက်နမ် သင်္ဘောတွေနဲ့ ရေနံလှောင်ကန်တွေကို ဗုံးကျဲဖို့ အမိန့်ပေးတယ်။ နောက်တော့ ဩဂုတ် ၇ ရက်နေ့မှာ လွှတ်တော်ကို အကူအညီအတွက် ဆုံးဖြတ်ချက်တောင်းတယ်။ (နောက်ပိုင်းတော့ ဒုတိယအကြိမ် တော်ပီဒိုတိုက်ခိုက်မှု- (ဩဂုတ် ၄ ရက်) က သတင်း မမှန်ကန်ဘူးလို့ သတင်း၊ အထောက်အထားတွေက ပြကြတယ်။ ဒါပေမယ့် သမ္မတဂျွန်ဆင်ရော၊ အမေရိကန်တာဝန် ရှိသူတွေရော နားမထောင်ကြပါဘူး)။

ဒီ လွှတ်တော်ဆုံးဖြတ်ချက်ကို တုန်ကင်ပင်လယ်ကွေ့ ဆုံးဖြတ်ချက် (Gulf of Tonkin Resolution) လို့ သိကြတယ်။ အောက် ကွန်ဂရက်လွှတ်တော်က ကန့်ကွက်သူမရှိ တခဲနက်၊ အထက်ဆီးနိတ်မှာတော့ ၂ ဦး ကန့်ကွက်တယ်။ ဒီလွှတ်တော်ဆုံးဖြတ် ချက်အရ အရှေ့တောင်အာရှ ဒေသမှာ သမ္မတကို လုပ်ပိုင် ခွင့်အပြည့်အဝ ပေးခဲ့တယ်။ တောင်ဗီယက်နမ်မှာ အစိုးရထဲ မတည် ငြိမ်တာ၊ တောင်ဗီယက်နမ် တပ်မတော် ပြိုလဲတော့မယ့် အနေအထားကြောင့် ၁၉၆၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ သမ္မတ ဂျွန်ဆင်က အမေရိကန်တပ်တွေကို ကိုယ်တိုင် ကိုယ်ကျ စေလွှတ်ဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်။ မြောက်ဗီယက်နမ်ကိုလည်း အကြီးအကျယ် လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ဖို့ ဆုံးဖြတ်စေခဲ့တယ်။ စကားဝှက်နဲ့ “တခြိမ်းခြိမ်းမိုးချုန်းသံ” လို့ ခေါ်ရ မလားပဲ။ (Operation Rolling Thunder) လို့ ခေါ်တယ်။ နှစ်ပေါင်းများစွာ ဆက်ပြီး ဗုံးကျဲလေကြောင်းတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြတယ်။

(Operation Rolling Thunder) က ဦးတည်ချက် ၄-ခု ရှိတယ်လို့ ဆိုတယ်။ (၁) တောင်ဗီယက်နမ် အစိုးရကို စိတ်ဓာတ်အင် အား မြှင့်တင်ပေးဖို့၊ (၂) မြောက်ဗီယက်နမ်ကနေ တောင်ဗီယက်နမ် ကွန်မြူနစ်သူပုန်ထမှု (ဗီယက်ကောင်း) တွေကို ထောက်ပံ့ပေးတာ ရပ်စေဖို့၊ (အဲဒီအချိန်အထိ မြောက်ဖက်က စစ်တပ်တွေကို ကိုယ်တိုင်ကိုယ်ကျ မလွှတ်သေးဘူး) (၃) မြောက် ဗီယက် နမ် သယ်ယူပို့ဆောင်ရေး ယန္တယား၊ စက်မှုဇုန် နဲ့ လေကြောင်းရန်ကာ စနစ်တွေကို ဖျက်ဆီးဖို့၊ (၄) တောင်ဖက်ကို လူနဲ့ ပစ္စည်းတွေ ပို့ပေးနေတာ ရပ်တန့်စေဖို့ လို့ဆိုတယ်။ မြောက်ဗီယက်နမ်ဖက်ကတော့ ကွန်မြူနစ်နိုင်ငံတွေဖြစ်တဲ့ ဆိုဗီယက် ယူနီယံ၊ တရုတ်နဲ့ မြောက်ကိုရီးယားတို့က ကူကြတယ်။ 

ဒီလိုနဲ့ ဗီယက်နမ်ကိုပို့ဖို့ အမေရိကန်မှာ စစ်သားစုဆောင်းတာတွေ စလာတယ်။ စစ်သားဆင့်ခေါ်တာကိုလည်း လူတွေက စပြီး ဆန့်ကျင်လာကြတယ်။ အကြောင်းကတော့ ဆင်းရဲတဲ့မိသားစုကဆိုရင် စစ်သားရွေးချယ် ခံရဖို့များတယ်။ လူမဲ၊ ဆင်းရဲတဲ့ လူဖြူလူငယ်တွေ စစ်သားဖြစ်ကြတယ်။ ဆင်းရဲ-ချမ်းသာ ကွာဟမှုနဲ့ မညီမျှမှုကလည်း သက်ရောက်မှု ရှိတယ်လို့ ဆိုတယ်။ 

သဘောက သမ္မတဟောင်း ဂျော့ ဒဗလျူဘုရှ်တို့ဆိုရင် လေတပ်သွားရတယ်။ ရေတပ် အရာရှိကြီးရဲ့သား ဂျွန် မက်ကိန်းဆိုရင် လေယာဉ်ပိုင်းလော့ ဖြစ်တယ်။ ဆင်းရဲတဲ့ မိသားစု၊ လူမဲတွေဆိုရင် ကြည်းတပ် သွားကြရတာမျိုး ဖြစ်စေတယ်လို့ ဝေဖန် ကြတယ်။ ၁၉၆၅ ခုနှစ်ထဲမှာပဲ ဗီယက်နမ်စစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အမေရိကန်တက္ကသိုလ် ပရဝုဏ်တွေမှာ စတင်နေခဲ့ ပြီ။ 

အမေရိကန် အစိုးရ အရာရှိတွေကတော့ အောင်ပွဲဟာ လက်တကမ်းမှာလို့ ဆိုနေခဲ့ကြတယ်။ ဒါပေမယ့် တပ်တွေ ထပ်ထပ် လွှတ်ရတယ် ၁၉၆၇ ခုနှစ်ရောက်တော့ ဗီယက်နမ်ကို အမေရိကန်စစ်သား ၅၀၀,၀၀၀ (၅ သိန်း) ရောက်နေခဲ့ပြီ။ ကျနော် မွေးတဲ့နှစ် ၁၉၆၅ မှာပဲ ဗီယက်နမ်စစ်ပွဲတွေ အရှိန်ရလာတယ်လို့ ဆိုနိုင်တယ်။ 

ပလုံနှင့် ပေါ်လစီ
ပြည်သူ့ရေးရာ မူဝါဒနဲ့ ပတ်သက်လို့ ကျနော် “ပလုံနှင့် ပေါ်လစီ” ဆိုပြီး ဆောင်းပါး တပုဒ် ရေးခဲ့ဖူးတယ်။ ၂၀၀၇ ဇူလိုင် တုန်းက။ ပြောချင်တာက စီးပွားရေးပညာမှာ သုံးကြတဲ့ (Sunk cost) သဘော။ မြန်မာလို ဘာသာပြန်ရရင် “ပလုံသွားတယ်”၊ “လုံးဝ ဆုံးရှုံးသွားတဲ့ ငွေရင်းငွေနှီး” ပေါ့။ လုပ်ငန်းတခုစမယ်ဆိုရင် အရင်းအနှီးကတော့ ထည့်ထားလိုက်ရပြီ။ အမြတ်က ဘယ်နေမှန်း မသိသေးဘူး။ အဲဒီအခါမှာ စီးပွားရေးလုပ်ကိုင်နေကြတဲ့ လုပ်ငန်းတခု၊ ကုမ္ပဏီတခုက စျေးကွက်ထဲမှာ ဆက် နေမှာလား၊ ထွက်သွားသင့်- မသွားသင့် စဉ်းစားတွက်ချက်ရတဲ့ အသုံးအနှုံး ဖြစ်ပါတယ်။ 

အဲဒီဆောင်းပါးမှာ ကျနော် ကျောင်းက လေ့လာရတဲ့ လက်ချာတွေရယ်၊ စာအုပ်တအုပ်ကို ကိုးကားပြီး ဗီယက်နမ် စစ်ပွဲ အတွေ့အကြုံကို ထည့်ရေးခဲ့တယ်။ (အမှန်ပြောရရင် ဒီလောက်ကြီး နားမလည်ခဲ့ဘူး- စာတွေ့)
“အလားတူ အမေရိကန်-ဗီယက်နမ်စစ်ပွဲတွင်လည်း နစ်ကဆင်အစိုးရအနေဖြင့် ဤအခြေအနေမျိုး ကြုံခဲ့ရသည်။ စစ်ပွဲတွင် အမေရိကန်အစိုးရ အနေဖြင့် ခြေအတော်ကျွန်ခဲ့ပြီ ဖြစ်သည်။ ငွေအများအပြား ရင်းထားခဲ့ပြီ။ အမေရိကန် ပြည်သူတွေ သေသည်။ ဒဏ်ရာရသည်။ ပြည်တွင်းမှာလည်း ဤပေါ်လစီအတွက် မျက်နှာပန်း မလှ။ (ယခုအီရတ်တွင် ကြုံနေရသော အခြေအနေသည်လည်း အလားတူ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုး ဖြစ်ပါသည်။ ) ဆန္ဒပြပွဲတွေ ကြုံနေရသည်။ နိုင်ငံတကာကလည်း မထောက်ခံ။ ဗီယက်နမ်စစ်အတွင်းကလည်း ပြည်သူတွေကလည်း ဤစစ်ကို မလိုလား ပါ။ ဗီယက်နမ် စစ်မျက်နှာမှာလည်း အောင်ပွဲရဖို့ နေနေသာသာ အရှုံးပြနေသေးသည်။ ဤအခြေအနေတွင် အမေရိကန် အစိုးရ အဖို့ “ပလုံအရင်းအနှီး” ဖြစ်နေသော အခြေအနေမှ အမြန်ထွက်နိုင်ဖို့လိုသည်။ မထွက်နိုင်လျှင် ဆက်လက်၍ အရှုံးခံ ဆက်လိုက်နေရမည် ဖြစ်သည်။ သို့သော် အဖြေကတော့ ဤသို့ ထွက်မလာ။ ဗီယက်နမ်စစ်ပွဲ ဝင်ခဲ့မိသည်ကို မမှားကြောင်းကို သက်သေပြနိုင်ရန်အတွက် အမေရိကန်က လာအိုကို ဆက်လက်ကျူးကျော်ခဲ့သည်ဟု သတင်းစာဆရာ ရစ်ချတ် ရိဗ်က ရေးခဲ့သည်။ [Reeves, Richard. (2002). President Nixon: Alone in the Whit House. Simon & Schuster; Revised ed. Edition.] ဤအခြေအနေမျိုးတွင် ပေါ်လစီချမှတ်သူများလုပ်လေ့ရှိသော လုပ်ရပ်တခုရှိပါ သည်။ အများကြီး ရင်းနှီးထားပြီးမှ တော့ မထူးတော့ပါဘူး။ ဆက်လျှောက်။ ဆက်လုပ်ဆိုသော အဖြေဖြစ်ပါသည်။”

ဗီယက်နမ်စစ်ပွဲတွေ မြန်မာနိုင်ငံက ဘယ်လိုပတ်သက်ခဲ့သလဲ
ဒီ The Vietnam War documentary မှတ်တမ်း ဗီဒီယိုခွေတွေ ကျနော်ကြည့်နေရင်း ခေါင်းထဲမှာ ဆက်စပ် စဉ်းစားနေမိတာ လည်း အများကြီး ရှိသေးတယ်။ ပြောရရင် တကယ့်စစ်အေးတိုက်ပွဲ အပြင်းထန်ဆုံးအချိန်မှာ ဘယ်သူတွေ ဘယ်လိုရပ်တည်ခဲ့ကြပါသလဲ။ ဆရာမောင်သာနိုး “မလင်းပြာ” တို့၊ ဆရာမောင်စွမ်းရည် “ဗီယက်နမ်” ကဗျာတွေ ရေးခဲ့သလိုမျိုးပေါ့။ 

အဲဒီအချိန်က အာဏာသိမ်း တော်လှန်ရေးကောင်စီခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗမာပြည် ကွန်မြူနစ်ပါတီ။ အာဏာသိမ်းလို့ လက်နက်ကိုင်တော်လှန် ရေးနဲ့ ပုန်ကန်မယ်ဆိုတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုနဲ့ သူရဲ့ “ပါလီမာန်ဒီမိုကရေစီပါတီ” နောက်ပိုင်း “ပြည်သူ့ပြည်ချစ်ပါတီ”၊ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တွေ ဘယ်လို ရပ်တည်ခဲ့ကြပါသလဲ။ အဲဒီ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က နယူးယောက်ကုလသမဂ္ဂရုံး (UN) မှာ။ ကုလ အုပ်ချုပ်ရေးနဲ့ ဘတ်ဂျက်ဆိုင်ရာ မေးခွန်း များ အကြံပေးကော်မီတီ (UN’s Advisory Committee on Administrative and Budgetary Questions) မှာ လုပ်နေခဲ့ တယ်။ ပြီးတော့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတွေအပေါ် သက်ရောက်မှုတွေ ဘယ်လိုရှိလဲ၊ စိတ်ဝင်စားလာမိတယ်။

ပြောရရင် ကျနော်မွေးပြီး အသက် ၁၀-နှစ် အောက် ကာလလောက်မှာ။ ဒီလိုနဲ့ ဆက်စပ်ဖတ်မိတာတွေ ဆက်ရေးပါဦးမယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar