Breaking News

ဇမ်သစ်အောင် - ဒီမှာအမှန်တရား ခများနိုးထလိုက်ပါတော့

ဇမ်သစ်အောင် - ဒီမှာအမှန်တရား ခများနိုးထလိုက်ပါတော့
(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၂၂

တနိုင်ငံလုံး
အမှောင်ဖုံးတဲ့နေ့တုန်းက
အမှန်တရားဟာ
ခြေမကိုင်မိ လက်မကိုင်မိ
ပီဘိကလေးငယ် တယောက်လို
တချိန်လုံး ငို​နေခဲ့

အဲဒီနေ့ကစပြီး
အမှန်တရားဟာ ဖာဆန်ဆန်အပြုံးတုတွေကြား
ဘာစကားမှ မပြောတော့

အဲဒီနေ့ကစပြီး
အမှန်တရားဟာ စိတ်ညစ်ခြင်းမဂ္ဂဇင်းတွေထဲ
ကဗျာတွေလဲ မရေးတော့

အဲဒီနေ့ကစပြီး
အမှန်တရားဟာ ဂီလာနတိုင်းပြည်ထဲ
ခဏခဏ ဖျားလေရဲ့

အဲဒီနေ့ကစပြီး
အမှန်တရားဟာ
ဘာသာမဲ့တယောက်လို
ဘယ်ဘုရားကိုမှ မယုံကြည်ဝံ့တော့

အဲဒီနေ့ကစပြီး
အမှန်တရားဟာ
ညညဆို ကယောင်ကတမ်းနဲ့
ယောင်ရမ်းပြီးတော့ ထထအော်တယ်

အဲဒီနေ့ကစပြီး
အမှန်တရားဟာ အထာကြီးတဲ့
ကမ္ဘာကြီးကို စိတ်နာသွားလေရဲ့

အဲဒီနေ့ကစပြီး
အမှန်တရားဟာ
ဘာအစ်ဇင်ကိုမှ မဆွေးနွေးလိုတော့

အမှန်တရားဟာ နွားတွေကို ကြောက်သွားခဲ့လေသလား
ဒါမှမဟုတ် 
ဖားတွေကို ကြောက်သွားခဲ့လေသလား

အမှန်တရားဟာ ခွေးတွေကို ရွံသွားခဲ့လေသလား
ဒါမှမဟုတ်
သွေးတွေကို ရွံသွားခဲ့လေသလား

အဲဒီနေ့ကစပြီး
အမှန်တရားဟာ
ဘာခံစားချက်မှမရှိတော့သလို
ငိုလိုက် ရီလိုက်
တည်လိုက် နောက်လိုက်
ကြောက်လိုက် ရဲလိုက်
အသိုက်ပျက် ငှက်တကောင်
တောင်တောင်အီအီ ပြေးလွှားပျံတက်သလို
ဟိုပြေး ဒီကူး
အရူးမီးဝိုင်းဖြစ်နေရဲ့

အဲဒီနေ့ကစပြီး
အမှန်တရားဟာ
ကြာကြာဝါးမဲ့ သွားလို
အရိုးကို ကြည့်ရှောင်တတ်ခဲ့

အဲဒီနေ့ကစပြီး
အမှန်တရားဟာ
အာဇာနည်ကြယ်တွေကို
တလုံးပြီး တလုံး
ပြုံးပြုံးကြီး ထိုင်ရေတွက်လေရဲ့

အဲဒီနေ့ကစပြီး
အမှန်တရားဟာ
ဧရာဝတီလို စီဆင်းဖို့
ညီးညူခြင်းကို အသေသတ်ခဲ့

အဲဒီနေ့ကစပြီး
အမှန်တရားဟာ
အားကောင်းမောင်းသန်
သံလွင်လိုလဲ ဆန်တက်ခဲ့

အဲဒီနေ့ကစပြီး
အမှန်တရားဟာ
"ဓားသွေးရမယ်.....ဓားသွေးရမယ်....လို့
သူ့တပည့်တွေကို ပို့ချသင်ကြားပေးလေရဲ့

အဲဒီနေ့ကစပြီး
အမှန်တရားဟာ
"ငါတို့ကဗျာ ငါတို့ပြန်ပေး
"ငါတို့ကဗျာ ငါတို့ပြန်ပေး
အဲ့သလို အဲ့သလို 
 နေ့တိုင်း ဟစ်ကြွေးနေလေရဲ့

အဲဒီနေ့ကစပြီး
အမှန်တရားဟာ
အသွားမတော် တလှမ်း
အလွမ်းမတော် တသက်
အဲ့သလို ရွတ်ဖတ်ပွားများရင်း
နံနက်ခင်းတွေကို ကျော်ဖြတ်ခဲ့

အဲဒီနေ့ကစပြီး
အမှန်တရားဟာ
အသားထဲကလောက်များ 
တဖွားဖွားထွက်ကျတာ မြင်တိုင်း
ပိုးစိုးပက်စက် ပစ်ပစ်နစ်နစ် ကျိန်ဆဲခဲ့

အဲဒီနေ့ကစပြီး
အမှန်တရားဟာ
တောင်ယာထဲက မိုးဦးကျမျှစ်စို့တွေလို
ဟိုက ဒီက ပေါ်ထွက်ခဲ့

အဲဒီနေ့ကစပြီး
အမှန်တရားဟာ
တဆစ်ဆစ်နာကျင်လွန်းလို့
ရေစစ်ကိုတောင် လွှင့်ပစ်ခဲ့

အဲဒီနေ့ကစပြီး
အမှန်တရားဟာ
ရက်ပေါင်း ၅၁၀ ကြာတဲ့အထိ အိပ်နေခဲ့

ဟိတ်! 
ဒီမှာအမှန်တရား
အိုဘယ့်အမှန်တရား
ထ.....ထ.......ထ
ခများနိုးထလိုက်ပါတော့။ ။

ဇမ်သစ်အောင်
11: 51 PM
23, July 2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar