Breaking News

ထွန်းဝင်းငြိမ်း - သမိုင်းတလျှောက်မှာ အခါခါ ''ဘွိုင်းကောက်'' ခဲ့တဲ့ ဆရာအရှင်မဟာမှိုင်းရဲ့ အနောက်မြောက် အညာစစ်ကိုင်း - နိဂုံး အပိုင်း(၃)

သမိုင်းတလျှောက်မှာ အခါခါ ''ဘွိုင်းကောက်''ခဲ့တဲ့ 
ဆရာအရှင်မဟာမှိုင်းရဲ့ အနောက်မြောက် အညာစစ်ကိုင်း
အပိုင်း(သုံး) ဇာတ်သိမ်း
ထွန်းဝင်းငြိမ်း
(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၂၂

တိန္ဒုကဇာတ်မှာ အခန်း ရှစ်ခန်းရှိတဲ့အနက် အခန်းလေးခန်းကို မူရင်းအတိုင်းဖော်ပြခဲ့ပါတယ်။ တိုင်းပြည်မှာ အုပ်ချုပ်တဲ့ အစိုးရမင်း မကောင်းတော့ အောက်ခြေလူတန်းစားတွေ သာမက အိမ်မွေးတိရိစ္ဆာန်တွေ အခြားသော သတ္တဝါတွေကပါ ဘုရင်ကို ပြစ်တင်ဆဲဆိုကြတာကို ဆရာ ကြီးက ရေးဖွဲ့ပါတယ်။
ရှင်ဘုရင်ကို နို့ကုလားက ကြိမ်းမောင်းတဲ့ အခန်း (ငါး) မှာတော့ ..

နွားနို့ညှစ်တဲ့ အိမ်တအိမ်မှာမူ
ဟိန္ဒူကုလားပေထင့်၊ ပကားကြီးတည်းဟူသော
နွားမကြီးတကောင်
ကန်ကာကျောက်ပြန်သနဲ့၊ အိုးမှောက်ခါဒဏ်ရာရတာနှင့်
ရာဇာ ရာဇာပဉ္စာလရာဇ်မှာဖြင့်၊ အကြင်အခါစစ်မှာ
ရန်တဖက်သားတွေရဲ့၊ သန်လျက်အသွားမှာ
သေပါစေဆိုတဲ့
စေတနာအထွေထွေ တဖုံကြားပြန်သနဲ့ ... ဆိုပြီးတွေ့ရသလို  ..

အခန်း (ခြောက်) မှာတော့ ... ရှင်ဘုရင့် မင်းမှုထမ်း ပြောက်ကျားတပ်တွေက နွားကလေးကို သတ်စားကြလို့ နွားမကြီးဟာ သားသောကနဲ့ ဒုက္ခကြီးစွာ ခံစားနေရတာကို ရွားသားတွေက စာနာပြီး အခုလို မြည်တွန်တောက် တီးကြပြန်ပါတယ်။

မအေနွားမ၊ သားသောကဖြင့်
ဒုက္ခကြီးစွာ၊ သို့ချင်းရာကို
ရွာသူရွာသား၊ မြင်သောအားဖြင့်
နွားမကိုသာ၊ သနားကာဖြင့်
ပဉ္စာလရာဇ်၊ ဖက်ဆစ်သူခိုး
မင်းဆိုးဓားပြ၊ မင်းပါပမှာ၊ နွားမအလား
သားတော်ဖြင့်ညီး၊ သမီးတော်ချစ်
ရင်နှစ်တင့်ကဲ၊ ရှုမရဲနှင့်
သေကွဲရှင်ကွဲ၊ ဖောက်လဲဖောက်ပြန်
ပူပန်မအေး၊ နှလုံးသွေးလျက်
ငိုးကျွေးပင်ပန်း၊ ညှိုးမြန်းသည်ကို
မြင်ရလိုဟု၊ များဗိုလ်(လူထု)
ကျိန်ဆဲမှုကို၊ ဆိုပြီး ရေးပါတယ်။

အခန်း (ခုနှစ်) မှာတော့ အုပ်ချုပ်သူ ရှင်ဘုရင်ကိုယ်တိုင်က ဥပဒေကို မလိုက်နာတဲ့အခါ သီလမစောင့်တဲ့အခါ ကိုယ်ကျိုးရှာတဲ့အခါ တိုင်းပြည်မှာ ရာသီဥတုတွေဖောက်ပြန်ပြီး မိုးခေါင်ပါတယ်။ ဒီခေတ်ဝေါဟာရနဲ့ဆိုရင် သဘာ၀ ပတ်ဝန်းကျင်ဂေဟစနစ် ပျက်စီးကုန်တာပေါ့။ 
ကြာတွေပွင့်ခဲ့တဲ့ ရေကန်တွေ လည်းခန်းခြောက်၊ ရေထဲမှာ မှီတင်းနေထိုင်ကြတဲ့ သတ္တဝါတွေခမျာ ရေခန်းကုန်တော့ အခြားသတ္တဝါတွေက ထိုးသုတ် စားသောက်ကြလို့ သေကြေပျက်စီးကြပါတယ်။ ရေမဲ့ကန်မှာ ခံစားရတဲ့ ရေပိုးရေမွှား ဖားငါးကစ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူကို စိတ်မာန်နဲ့ ကြိမ်းမောင်းကြတာကို အခုလိုတွေ့ရပါတယ်။

ပဉ္စာလနန်းရှင်
ရှင်ဘုရင်ကား၊ မြင်းဆင်စသည့်
စစ်ဆင်ခင်းကျင်း၊ သူ့လက်တွင်းဝယ်
မင်းလည်းပျက်စီး၊ သားသမီးလည်း
ပြုန်းတီးသေကြ၊ ကျီးလင်းတတို့
ထိုးဆွစားသုတ်၊ တပ်လုံးပြုတ်လျက်
ဒုက္ခထိုထို၊ ရောက်သည်ကိုလျှင်
မြင်လိုကြကြောင်း၊ ဆိုပြီး ရေးဖွဲ့ပါတယ်။

နောက်ဆုံးအခန်း အခန်း(ရှစ်)ဇာတ်ပေါင်းခန်းမှာတော့ ...ငါးရာ့ငါးဆယ်ဇာတ်တော်လာအတိုင်း ရှင်ဘုရင်ကို ဘုရားလောင်းရုက္ခစိုးက အခြေအနေတွေကို အမှန်အတိုင်း သိအောင်စုံစမ်းခိုင်းပြီး မှားခဲ့သမျှအတွက် တိုင်း ပြည်ကို ဝန်ချတောင်းပန်ပြီး မျှမျှတတအုပ်ချုပ်စေတယ်လို့ဆိုပါတယ်။ 

အဲဒီလိုသာ အုပ်ချုပ်ကြမယ်ဆိုရင်ဖြင့် ကိုယ့်နိုင်ငံ ငြိမ်းချမ်းရေးသာမက ကမ္ဘာ့ငြိမ်းချမ်းရေးပါ ရရှိမှာဖြစ်တယ်လို့ ဆရာကြီးက ရေးပါတယ်။ ဒါပေမယ့် အဲဒီခေတ်ကာလ အုပ်ချုပ်သူတွေ မရိုးဖြောင့်ကြလို့ အသင်းအဖွဲ့တွေ ကွဲပြား၊ ညီညွတ်မှုနည်းပါးကြပြီး နိုင်ငံမငြိမ်မသက် ဖြစ်ခဲ့ရ၊ တိုင်းပြည်နဲ့လူထု နစ်နာခဲ့ရပုံကိုသမိုင်းတလျှောက်မှာ အခါခါ ''ဘွိုင်းကောက်''ခဲ့တဲ့ ဆရာအရှင်မဟာမှိုင်းရဲ့ အနောက်မြောက် အညာစစ်ကိုင်းဒေသက ပြည်သူတွေရဲ့ ခံစားမှုတွေကို ကိုယ်စားပြုပြီး တိန္ဒုကဇာတ် ဇာတ်သိမ်းပိုင်းကို အခုလိုတင်ပြခဲ့ပါတယ်။

 'ဪ' သူ့အသင်းငါ့အသင်းနဲ့
အချင်းချင်းသတ္တဝါတွေ
နှိမ်မရမူ၍၊ မြန်မာပြည်မငြိမ်ကြပုံက
''အမယ်မင်း'' နရိန်လူ-သမ္မတ၊ ဒုဇနကိုမှ
အမြတ်ထားပေတဲ့
လျှပ်စားဖြတ်စား၊ အမတ် မတရားတွေနှင့်…
(အို ဝန်မင်းရဲ့) အချိန်ရှုရမှာဖြင့်
ကလိန်(ဘု)ကျတဲ့…
တိန္ဒုကဇာတ်အလား။   ။

ထွန်းဝင်းငြိမ်း
၂၅၊ ၇၊ ၂၀၂၂
* အပိုင်း ၁+ ၂ - https://www.moemaka.com/2022/07/blog-post_86.html
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar