ကဗျာဆရာများ - မောင်မှိုင်းလွင်(အင်းဝ)၏ " မကြွေပန်း "နှင့် အခြားကဗျာများ (ခိုင်မာကျော်ဇော၊ ဝင်းမြင့်၊ ကရော်ဟုန်း၊ ညိုထက်ညို၊ မိုးမြင့်ယံ)
မကြွေပန်း
မောင်မှိုင်းလွင်(အင်းဝ)
ထောင်ထဲ
ထားရဲသလား နေရဲတယ်။
ကြိုးစင် တင်
သတ်ရဲသလား သေရဲတယ်။
တိုက်ပွဲ
အနိုင်ယူရဲလို့ တိုက်ရဲသူတွေ
အောင်ပွဲနီးလေ ခရီးကြမ်းလေ။
အသေခံပြီး
အနိုင်ယူရဲတဲ့ သတ္တိက
ဒင်းတို့တွေ အသက်ရှုမိတိုင်း
ခြောက်လှန့် ကြောက်လန့်စေတော့မယ်။
လိပ်ပြာ မှာ
သိက္ခာ နဲ့ သစ္စာ ထွင်းပြီးသား။
အမှောင်ထဲမှာ ပွင့်တဲ့ပန်း
ပိုပြီးလန်းဆန်း ပိုပြီးမွှေးမြ။ ။
၂ ၅ . ၇ . ၂ ၀ ၂ ၂
.....
အလှည့်
ခိုင်မာကျော်ဇော
အမုန်းပေးရင် အမုန်းပြန်ရမယ်
ကြိုးပေးရင်လည်း ကြိုးပြန်ရမယ်
မီးရှို့ရင် မီးပြန်လောင်မယ်
သတ်လို့သေရပေမဲ့ မသေသူက ပြန်သတ်မှာပဲ
မျက်ရည်အကြွေး ပြန်ပေးတဲ့အခါ
ငိုသံတွေ မပါစေနဲ့။
ဇူလိုင် ၂၅၊ ၂၀၂၂
.....
အိပ်နေကြပြီ
ဝင်းမြင့်
လမ်းကလေးရဲ့ ဘေးမှာ
အိမ်လေးတွေက ပိတ်လို့
အိမ်တွေထဲမှာ
တံခါးတွေက ပိတ်လို့
ပါးစပ်တွေက ပိတ်လို့
နားတွေလည်း ပိတ်လို့
မျက်လုံးတွေလည်း ပိတ်လို့
အိပ်နေကြပြီ ။
အိပ်နေကြပြီ ဆိုပေမယ့်
သူတို့ ပျော်ပါ့မလား ။ ။
.....
ဝရဇိန်နဲ့ ပြန်ခွင်းမယ်
ကရော်ဟုန်း
အ မင်္ဂလာသတင်းဆိုးက
ပြည်လုံးကျွတ်ထုကို ထွင်းဖောက်
မြင်းကောင်း ခွာလိပ်စဉ်မှာ
ရဲရဲတောက်သွေးကို မိစ္ဆာသောက်။
အမှောင်ခွင်းဖို့ ကြိုးစားရင်း
အမှောင်ကျခဲ့ရပေမယ့်
အမှောင်တွင်းက မီးတိုင်များအဖြစ်
ကမ္ပည်းတင်နေရစ်ကြမှာပ။
ဘယ်သူရဲကောင်း တယောက်တလေကိုမှ
ကမ္ဘာမြေက လျစ်လျူမရှုခဲ့ပါဘူး။
ကိုဂျင်မီ
ကိုဖြိုးဇေယျာသော်
သွေး၊ ဦးနှောက်၊ နှလုံးသားများနဲ့
ဦးညွှတ် အလေးပြုပါတယ်။
မိစ္ဆာများအတွက်
ထိုက်တန်တဲ့ ကလဲ့စားဟာ
အက်စစ်မုန်တိုင်းအဖြစ် ပြန်လာစေရမယ်။
၂၂၀၇၂၄
.....
ကြယ်တစင်း ရဲ့ ခရီးစဉ်
ညိုထက်ညို
ကြွေစရာ
နေရာမရှိ ။
ငါ့ရင်ကို ဆောက်နဲ့ထွင်း
ကြိုလင့်ပါ၏ ။ ။
(Dedicated to PZYT and others)
.....
အမည် ပေးမထား
မိုးမြင့်ယံ
တိတ်တိတ်လေးပဲ
လင်းပစ်လိုက်တယ်
ကြယ်ဆိုတာ
ကြွေမှ လှတာ ...
ဟိုး ... ဟိုး ...ဘဝတွေမှာ
ကြယ်ဝင်စား အဖြစ်
ဒီနိုင်ငံမှာပဲ လူဖြစ်ခွင့်ရချင်တယ်
အကြွေးဆိုတာ သူ မဆပ်ရင်
ကိုယ်က ရင့်ရင့်ရဲရဲ တောင်းခွင့်ရှိတယ်
ခဏ. .......
ငါတို့ ပြန်လာခဲ့မယ် .......
ချစ်ခြင်းမေတ္တာနဲ့ စီးတဲ့ ခရီး
သတိ......
ငါတို့ ဒီနိုင်ငံကို ပြန်ယူဖို့ လာခဲ့မယ် .....။
26 . July . 2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar