မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၈ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၈ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၉၊ ၂၀၂၂
ဒီပဲယင်း၊ ပခုက္ကူနယ်တွေက နေအိမ်မီးရှို့ခံရ၊ မြန်မာနဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရ
ဇူလိုင် ၈ ရက်နေ့ သတင်းတွေမှာတော့ မြန်မာနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့သူ ဂျပန်နိုင်ငံဝန်ကြီးချုပ်အဖြစ် သက်တမ်းအကြာဆုံးထမ်းဆောင်ခဲ့သူ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်နဲ့ ပစ်သတ်လုပ်ကြံခံရပြီး သေဆုံးခဲ့တဲ့ သတင်း၊ ပခုက္ကူမြို့နယ်က ကျေးရွာ ၂ ရွာမှာ နေအိမ်တွေမီးရှို့ခံရတဲ့ သတင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာအချို့မှာ နေအိမ်တွေ မီးရှို့ခံရတဲ့ သတင်းတွေ ဖြစ်ပါတယ်။
ပခုက္ကူမြို့နယ်ထဲက ကျေးရွာ ၂ ရွာဖြစ်တဲ့ ရှားဒူးနဲ့ စိုင်ဖြူရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ပြီး နေအိမ်တွေမီးရှို့ခဲ့လို့ နေအိမ် ၁၅၀ ကျော်မီးလောင်ခဲ့တယ်လို့ ဒေသခံတွေကို ကိုးကားပြီး သတင်းတွေ ဖေါ်ပြထားကြပါတယ်။
အလားတူ ဒီပဲယင်းမြို့နယ်ထဲက ပျံကျကျေးရွာမှာလည်း စစ်ကောင်စီတပ်တွေ ဝင်လာပြီး စစ်ကောင်စီဆန့်ကျင်သူတွေ လို့ သူတို့ သတင်းရထားတဲ့နေအိမ်တွေကို ပစ်မှတ်ထားပြီး မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ သူ့ကိုဆန့်ကျင်သူတွေ လက်နက်ကိုင်တိုက်ခိုက်မှုကို ထောက်ခံအားပေးသူတွေရဲ့ နေအိမ်တွေ မီးရှို့တဲ့နည်းနဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုကို လက်နက်တခုအနေနဲ့ စစ်အာဏာသိမ်းပြီးနောက် နယ်မြေ အများအပြားမှာ သုံးစွဲလာတာ ဖြစ်ပါတယ်။ အရင်ပြည်တွင်းစစ် ဖြစ်ရပ်တွေမှာလည်း အများအပြားရှိခဲ့ပြီး ခုတော့ တိုင်းဒေသအများအပြားနဲ့ ပြည်နယ်အများအပြားမှာ ကျင့်သုံးလာတာ ဖြစ်ပါတယ်၊ မြို့ပေါ်မှာတော့ PDF ထောက်ခံသူ လှုပ်ရှားသူတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်တဲ့နည်းနဲ့ လုပ်ဆောင်သလို နယ်တွေကျေးရွာတွေမှာတော့ မီးရှို့တဲ့နည်းကို ကျင့်သုံးကြတာ ဖြစ်ပါတယ်။
ဒီလုပ်ရပ်တွေကို ဘယ်လို ကာကွယ်တားဆီးနိုင်မလဲ ဆိုတဲ့မေးခွန်းက အရေးကြီးဆုံး အဖြေရှာရမယ့် မေးခွန်းဖြစ်လာနေပြီး ကျေးရွာတွေကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေ သို့မဟုတ် နေအိမ်တွေမီးရှို့မခံရအောင် နည်းပရိယာယ်အရ ဘယ်လို လုပ်ဆောင်နိုင်မလဲ စသဖြင့် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေ အနေနဲ့ အဖြေရှာဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
နို့မဟုတ်ရင် စစ်ကိုင်းတိုင်း နဲ့မကွေးတိုင်း အထက်ပိုင်း ကယားပြည်နယ်တို့က ဒေသခံလူထုတွေရဲ့ အခြေအနေပျက်ပြားကာ တခြားဒေသတွေမှာ ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းနေထိုင်ကြရမယ့် အနေအထားမျိုးရောက်လာနိုင်တာလည်း ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်ကျော်ကာလတွေတုန်းက ကရင်ပြည်နယ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရပြီး နယ်စပ်မှာ ဒုက္ခသည်စခန်းဖွင့်ကာ ဆယ်စုနှစ်နဲ့ချီနေကြရတဲ့ သာဓကတွေလည်း အတိတ်သင်ခန်းစာအနေနဲ့ နှိုင်းယှဥ်ကြည့်ကြဖို့ လိုအပ်ပါလိမ့်မယ်။ လူဦးရေ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အိမ်နီးချင်းနိုင်ငံတွေမှာ အသက်မသေရုံ ရိက္ခာဝေစု လက်ခံရယူပြီး ကလေးတွေရဲ့ ပညာရေး အနာဂတ် မရေရာတာ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းကောင်းမွန်မွန်မရှိတဲ့ ဘဝမှာ ဆယ်စုနှစ်နဲ့ချီနေကြရတဲ့ အခြေအနေမျိုးနဲ့ အသက်ရှင် နေထိုင်ကြရတာဟာ တွေးကြည့်ရင် စိတ်မကောင်းစရာ အဖြစ်တွေဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ မြန်မာနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့၊ ပြီးတော့ ရွေးကောက်ပွဲအရ အာဏာရခဲ့တဲ့ မြန်မာနိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေနဲ့လဲ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့သူ ဂျပန်ဝန်ကြီးချုပ်ဟောင်း သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတဲ့ သတင်းကြောင့် မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေနဲ့ မြန်မာနိုင်ငံက လူအများ စိတ်မကောင်းဖြစ်ကြရပါတယ်။
ဂျပန်နိုင်ငံရဲ့ အာဏာရပါတီကြီးဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှာ သြဇာရှိသူလည်းဖြစ် ဝန်ကြီးချုပ်သက်တမ်းကို နှစ်အရှည်ဆုံး တာဝန်ယူထမ်းဆောင်ခဲ့သူ ရှင်ဇိုအာဘေး ဟာ ဇူလိုင် ၈ ရက်နေ့ နေ့ခင်းက ဂျပန်နိုင်ငံ အနောက်ပိုင်း နာရာမြို့က မဲဆွယ်ဟောပြောပွဲတခုမှာ ဟောပြောနေစဥ် ဂျပန်နိုင်ငံသားတယောက်က လုပ်သေနတ်လို့ ယူဆရတဲ့ သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်တဲ့ နိုင်ငံရေးအစဥ်အလာ နည်းပါးပြီး တရားဥပဒေစိုးမိုးမှု အားကောင်းတဲ့ နိုင်ငံအဖြစ် အများက သတ်မှတ်နားလည်ကြတဲ့ အခြေအနေမျိုးမှာ အခုလို လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာလည်းဖြစ်ပါတယ်။
ကမ္ဘာမှာ စစ်ပွဲတွေ၊ ငွေကြေးဖောင်းပွမှုတွေ၊ စီးပွားရေးကျဆင်းမှုတွေ ပြည်တွင်းရေး မကျေနပ်မှုတွေနဲ့ ဒီမိုကရေစီနဲ့ လစ်ဘရယ်စံနှုန်းတွေ အကျဘက်ကို ဦးတည်နေကြချိန် မှာ အခုလို အဖြစ်အပျက်တွေ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။ ပြည်တွင်းအကြမ်းဖက်မှု လုပ်ကြံမှုတွေဟာ အမေရိကန်ကစလို့ ဂျပန်အထိ ဖြစ်ပွားလာနေပါတယ်။ လုပ်ကြံမှု သတ်ဖြတ်မှုတွေဟာ နိုင်ငံရေးအယူဝါဒ အဓိကမဟုတ်တော့ဘဲ အစွန်းရောက်တဲ့ အမုန်းစိတ်တွေ ဒေါသတွေကနေ ထိန်းမရတဲ့နောက် ပေါက်ကွဲတာမျိုး ဖြစ်နေပါတယ်။
အခုလို နိုင်ငံတကာမှာ မကြုံဖူးတဲ့ အမျိုးမျိုးသော ဆုတ်ယုတ်မှုတွေ နဲ့ ကြုံလာနိုင်တဲ့အနေအထားမှာ မြန်မာနိုင်ငံအနေနဲ့လည်း မိမိတို့ ပြည်တွင်းရေး ပြဿနာကို မိမိတို့ ဘာသာဖြေရှင်း ကြရမယ့် အလားအလာမျိုး မြင်တွေ့နေရတယ်လို့ ကောက်ချက်ချရမယ့် သဘောဖြစ်လာပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar