ရွှေခလောက် - မြန်မာတွေရဲ့ မဲဆောက်အိပ်မက်
ရွှေခလောက် - မြန်မာတွေရဲ့ မဲဆောက်အိပ်မက်
(မိုးမခ) ဇူလိုင် ၉၊ ၂၀၂၂
ထိုင်းနိုင်ငံမှာ တရားမဝင် လာရောက်နေထိုင်သူတွေကို ၁၀ နှစ်ခံ ပန်းရောင်ကတ်တွေပြုလုပ်ပြီး တရားဝင် အလုပ်လုပ်ခွင့်ပေးဖို့နဲ့ နေထိုင်ခွင့်ပေးဖို့ ထိုင်းအာဏာပိုင်တွေက ၂၀၂၂ ဇူလိုင် ၅ရက်နေ့မှာ ခွင့်ပြုပေးလိုက်ပါတယ်။ ပန်းရောင်ကတ် ပြုလုပ်ဖို့ ထိုင်းအလုပ်ရှင်တွေက ထိုင်းအစိုးရ၊ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနမှာ သူတို့ရဲ့လုပ်သားစာရင်းကို တင်ပြပြီး ၂ လအတွင်းမှာ အလုပ်လုပ်ကိုင်ခွင့် (Work Permit) လျှောက်ထားပေးရမှာ ဖြစ်ပါတယ်။
၁။ မြန်မာပြည်ကို ဘာကြောင့် စွန့်ခွာခဲ့ကြရသလဲ။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပြဿနာတွေကြောင့် ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးပြီး စားဝတ်နေရေး ကျပ်တည်းလာတဲ့အတွက် ပြည်သူတွေဟာ ပြည်ပမှာ အလုပ်အကိုင်ရှာဖွေဖို့ကြိုးစားလာကြတာပါ။ ငွေကြေးမတတ်နိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာအိမ်နီးချင်းထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံတို့ကို အထောက်အထားမဲ့ ထွက်ခွာလာကြပြီး ငွေကြေးတတ်နိုင်သူတချို့ကတော့ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုရီးယားတို့လို နိုင်ငံတွေမှာ အလုပ်လုပ်ကိုင်ခွင့်ရဖို့ ကြိုးစားလာကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ မြဝတီမြို့တဘက်ကမ်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်ခြမ်း ထွက်ခွာခဲ့တဲ့ မြန်မာပြည်သူ သိန်းနဲ့ချီရှိလာတယ်လို့ လေ့လာသူတွေက ခန့်မှန်းထားပါတယ်။
၂။ အလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်ပြီး မြန်မာပြည်မှာ ဘာတွေဖြစ်နေသလဲ။
ရန်ကုန်တိုင်းထဲက စက်မှုဇုန်တွေမှာ စက်ရုံအလုပ်ရုံစုစုပေါင်း ၆ ထောင်ကျော်ရှိပြီး အဲ့ဒီအထဲက တရုတ်စက်ရုံတွေရဲ့ ၆၀ရာခိုင်နှုန်းကျော် ၇၀ရာခိုင် နှုန်းလောက်ဟာ ဧပြီ၊ မေနဲ့ဇွန်လတွေမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ တရုတ်လုပ်ငန်းရှင်တွက စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အထွေထွေကျပ်တည်းမှုတွေကြောင့် စက်ရုံတွေရပ်နားခဲ့ပေမယ့် လက်ရှိအချိန်မှာ အထည်ချုပ်စက်ရုံအများစု ပြန်လည်ဖွင့်လှစ်လာတာပါ။ အလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းရလာနိုင်တယ်ဆိုပေမယ့် စက်ရုံတွေကရတဲ့အကျိုးအမြတ်ရာခိုင်နှုန်းတစ်ခုဟာ စစ်ကောင်စီအတွက် အထောက်အပံ့ဖြစ်လာမှာပါ။ နိုင်ငံတကာမျက်နှာစာမှာလည်း စက်ရုံအလုပ်ရုံတွေလည်ပတ်နိုင်တယ်ဆိုပြီး မျက်နှာကောင်းပြလာနိုင်မယ့် အခြေအနေတစ်ရပ်ဖြစ်လာပါတယ်။
ရန်ကုန်တိုင်းအတွင်း လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မင်္ဂလာဒုံ၊ ဒဂုံ(အရှေ့ပိုင်း)၊ ဒဂုံ(တောင်ပိုင်း)၊ ဒဂုံ (ဆိပ်ကမ်း) မြို့နယ်တွေမှာ ရွှေလင်ပန်း၊ ငွေပင်လယ်၊ ဝါးတရာ၊ ပျဉ်းမပင်၊ ရွှေပေါက္ကံစတဲ့ စက်မှုဇုန်တွေကို အရင်အစိုးရတွေလက် ထက်က ထူထောင်ထားတာပါ။ စက်မှုဇုန်တွေမှာ တရုတ်လုပ်ငန်းရှင်တွေကအများဆုံးရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး ထိုင်း၊ ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံတွေကလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ရှိပါတယ်။ စက်ရုံတွေအပြားပြန်လည်ဖွင့်လှစ်လာပေမယ့် အလုပ်သမားတွေကို အနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်နှုန်းမပေးချင်တာကြောင့် ၃၆၀၀ ကျပ်နှုန်းနဲ့နေ့စားဝန်ထမ်းတွေကိုပဲ ခန့်အပ်တာတွေ့ရပါတယ်။
အလုပ်သမားတွေကို ခေါင်းပုံဖြတ်တာတွေ၊ အလုပ်သမားဥပဒေပါအခွင့်အရေးတွေကိုချိုးဖောက်တာတွေ၊ အလုပ်ရှင်အလုပ်သမား EC စာချုပ်တွေမချုပ်ဆိုတော့ဘဲ လက်သင့်ရာအလုပ်ခန့်ပြီး လုပ်အားခပေးချင်သလိုပေးတာတွေကို လုပ်ငန်းရှင်တချို့က ပြုလုပ်လာကြပါတယ်။ ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ စက်ရုံအလုပ်သမတစ်ယောက်ကတော့ တစ်နေ့ထက်တစ်နေ့စားဝတ်နေရေးကြပ်တည်းလာတာကြောင့် ခေတ်ဆိုးခေတ်ပျက်ထဲကနေ အမြန်ဆုံးလွတ်မြောက်ချင်နေပြီး အရင်လိုအခြေအနေမျိုး ပြန်ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သိန်းနဲ့ချီတဲ့လုပ်သားတွေဟာ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးကျပ်တည်းခဲ့တာဖြစ်ပါတယ်။ တရားဝင်လမ်းကြောင်းဖြစ်တဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကနေတဆင့် MOU ထိုးပြီးစေလွှတ်တဲ့ လုပ်သားတွေလည်းရှိလာပြီး ၂၀၂၂ ဇွန်လဆန်းအထိ လုပ်သားတစ်သောင်းလောက် ထိုင်းနိုင်ငံကိုပို့ပေးခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ လက်တွေ့မြေပြင်မှာတော့ ဝန်ထမ်းတွေကအဂတိလိုက်စားတာ၊ အလုပ်ရှင်တချို့က ခေါင်းပုံဖြတ်အမြတ်ထုတ်တာတွေကို အလုပ်သမားတွေက ရင်ဆိုင်နေရပါတယ်။
ဒီအခြေအနေတွေက အခြေခံစက်ရုံလုပ်သားတွေရဲ့ ဖြစ်ရပ်တွေကို မြင်သာအောင်ခြုံငုံပြီး မှတ်တမ်းသဘောမျိုး တင်ပြတာ ဖြစ်ပါတယ်။ လက်တွေ့အခြေအနေမှာတော့ မြန်မာပြည်တွင်းက CDM ဝင်ထားတဲ့ သိန်းနဲ့ချီတဲ့ဝန်ထမ်းတွေ၊ ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းတွေ၊ အသေးစားအလတ်စားလုပ်ငန်းရှင်တွေ၊ အသေးစားကုန်သည်ပွဲစားအလုပ် လုပ်ကိုင်သူတွေနဲ့ ဆက်စပ်သူအားလုံးဟာ လုပ်ငန်းပုံမှန် မလည်ပတ်နိုင်တော့တဲ့အတွက် ဆက်လက်ရှင်သန်ရေးနည်းလမ်းကို စဉ်းစားနေရတာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကိုယ်တိုင် ထိုင်းနိုင်ငံဘက်ကို ထွက်ခွာပြီး သူတို့လုပ်ငန်းတွေကို ပုံစံပြောင်းလည်ပတ်ဖို့ ကြိုးစားတာ၊ ပြင်ဆင်တာတွေလည်း ရှိလာပါတယ်။
စစ်ကောင်စီနဲ့ ပုလဲနံပသင့်တဲ့ တရုတ်လုပ်ငန်းရှင်တွေက စက်ရုံတွေပြန်ဖွင့်ပြီး လုပ်ငန်းလည်ပတ်ဖို့ကြိုးစားလာပေမယ့် ပြည်တွင်းက အသေးစားနဲ့ အလတ်စား SME စက်ရုံလုပ်ငန်းရှင်တွေကတော့ လုပ်ငန်းပုံမှန်လည်ပတ်ဖို့ ရုန်းကန်နေရပါတယ်။ လျှပ်စစ်မီးမရတာ၊ စက်သုံးဆီဈေးတက်တာ၊ ဒေါ်လာဈေးမငြိမ်တာ၊ ဘဏ်စနစ် ပုံမှန်မလည်ပတ်နိုင်တာ၊ အင်တာနက်နဲ့ ဆက်သွယ်ရေးစနစ်တွေပျက်စီးကုန်တာ၊ အွန်လိုင်းငွေလွှဲလုပ်ငန်းတွေကို ရာခိုင်နှုန်းပေးပြီး ငွေလွှဲနေရတာတွေကြောင့် အခက်အခဲတွေ့နေပါတယ်။ စစ်ကောင်စီက အလုပ်လုပ်ဖို့ဖြစ်နိုင်ခြေမရှိတဲ့ လုပ်ငန်းစုံတင်ဒါတွေလည်းအများကြီးခေါ်နေပေမယ့် လုပ်ငန်းရှင်တွေကတော့ သူတို့နဲ့ပတ်သက်ပြီး အလုပ်လုပ်ဖို့စိတ်ကူးမရှိဘူးလို့ ဆိုကြပါတယ်။
ဒီအကြောင်းအချက်တွေကြောင့် အခြေခံပြည်သူတွေဟာ မြန်မာပြည်ထဲမှာဆက်နေမယ်ဆိုရင် စားဝတ်နေရေးနဲ့ ရှင်သန်ရေးအတွက် အာမခံချက်မရှိတော့သလို ဖြစ်လာတာကြောင့် ပြည်ပထွက်ပြီးအလုပ်အကိုင်ရှာဖွေတဲ့ နည်းလမ်းကို စဉ်းစားလာကြတာဖြစ်ပါတယ်။
၃။ ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားတွေ ဘာတွေရင်ဆိုင်နေရသလဲ။
စစ်ကောင်စီ အာဏာမသိမ်းခင်ကတည်းက ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာပြည်သူ ၄ သန်းဝန်းကျင်အထိ ရှိခဲ့တယ်လို့ ပြည်ပရောက် မြန်မာအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးချိန်မှာတော့ အထောက်အထားမဲ့ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့ မြန်မာပြည်သူ သိန်းနဲ့ချီရှိလာပြီး လက်ရှိအချိန်အထိ နေ့စဉ်ခိုးဝင်သူတွေရှိနေပါတယ်။
နှစ်နိုင်ငံသဘောတူညီမှု စာချွန်လွှာ (MOU) တွေအရ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား သုံးနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား တစ်သိန်းလေးသောင်းကျော်ကို ၂၀၂၂ နှစ်ဆန်းပိုင်းမှာ ထိုင်းနိုင်ငံက အလုပ်လုပ်ကိုင်ခွင့် ထပ်မံပေးထားပါတယ်။ မြန်မာနိုင်ငံက တစ်သိန်းကျော်၊ လာအိုနဲ ကမ္ဘောဒီးယားနိုင်ငံက အလုပ်သမား ၃ သောင်းကျော် လုပ်ကိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ တဖက်မှာလည်း တရားမဝင် ဝင်ရောက် လာသူတွေကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီးပြီး မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ပို့တာတွေ ရှိနေပါတယ်။ အဖမ်းခံရတဲ့ မြန်မာ နိုင်ငံသားတွေဟာ ကူကယ်ရာမဲ့နေတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က အကူအညီတွေပေးစေချင်တယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့မှာ အခြေစိုက်တဲ့ မြန်မာလူမှုကူညီရေးအဖွဲ့အစည်းတစ်ခုက မေတ္တာရပ်ခံခဲ့ပါတယ်။
လတ်တလောမှာ ထိုင်းနိုင်ငံရောက် မြန်မာလူမှုကူညီရေးအဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေက ထိုင်းနိုင်ငံအတွင်း အဖမ်းခံရသူတွေရဲ့ စားဝတ်နေရေးအတွက် တတ်နိုင်သလောက်အကူအညီပေးနေကြပါတယ်။ ဒီအခြေအနေမှာ ဘာအထောက် အထားမှမရှိတဲ့ မြန်မာ နိုင်ငံသားတွေကို ပန်းရောင်ကတ်တွေပြုလုပ်ပြီး နေထိုင်၊ အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ ထိုင်းအာဏာပိုင်တွေက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းစစ်ရေးအခြေအနေတွေကြောင့် ပြည်တွင်းကိုပြန်မပို့ဘဲ ငဲ့ညှာတဲ့အနေနဲ့အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ အရပ်ဖက်အဖွဲ့တွေက တောင်းဆိုတဲ့အတွက် အခုလိုခွင့်ပြုတာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ထိုင်းနိုင်ငံရောက်အလုပ်သမားအရေးကူညီပေးနေသူတွေကတော့ မြန်မာ-ထိုင်း နှစ်ဖက်အစိုးရသဘောတူညီချက်နဲ့ တရားဝင်လမ်း ကြောင်းကနေလာတာက ပိုပြီးကောင်းတယ်လို့ အကြံပြုကြပါတယ်။ တရားမဝင်လာရင် အဖမ်းခံရနိုင်သလို လုပ်အားခအနှိမ်ခံရတာ၊ နေစရာစားစရာမရှိတာ၊ အလုပ်အကိုင်အလွယ်တကူမရနိုင်တာတွေကြောင့် ပိုဆိုးတဲ့အခြေအနေနဲ့ရင်ဆိုင်လာရနိုင်တဲ့အတွက် အခုလိုအကြံပေးတာလို့ ဆိုကြပါတယ်။ မြန်မာတွေအားကိုးပြီးလာတဲ့ ထိုင်းနိုင်ငံကိုယ်တိုင်က ကိုဗစ်ကပ်ဘေးကို ၂နှစ်ကျော်ရင်ဆိုင်ခဲ့ရတာကြောင့် စက်ရုံအလုပ်ရုံတွေ ပုံမှန်ပြန်လည်ပတ်နိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ထိုင်းပြည်သူတွေကိုယ်တိုင် အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေနည်းပါးတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတဲ့အတွက် အထောက်အထားမဲ့မြန်မာတွေအတွက် အလုပ်ရဖို့ဆိုတာ မလွယ်ကူဘူးလို့ဆိုကြပါတယ်။
၄။ မဲဆောက်ရောက်မြန်မာတွေကို အရပ်ဘက်အဖွဲ့တွေ ဘယ်လိုကူညီဖို့ ကြိုးစားနေသလဲ။
အရပ်ဖက်အဖွဲ့တချို့က မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို စက်ချုပ်သင်တန်းတွေပေးပြီး ထိုင်းနိုင်ငံအထည်ချုပ်စက်ရုံတွေမှာ အလုပ်ဝင်လုပ်နိုင်ဖို့အကူအညီတွေပေးနေပါတယ်။ New Myanmar Foundation နဲ့ Women Lead Resource Center တို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံမဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို စက်ချုပ်သင်တန်းတွေ ဆက်တိုက်ပေးနေပြီး သင်တန်းပြီးသွားရင် ထိုင်းအထည်ချုပ်စက်ရုံတွေမှာ အလုပ်ဝင်ပြီး နေထိုင်ခွင့်ရတဲ့အထိ ဆက်လက်အကူအညီပေးနေတယ်လို့ WLRC အမျိုးသမီးဦးဆောင်ဖွံ့ဖြိုးမှုစင်တာ တာဝန်ရှိသူကပြောဆိုထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို အကူအညီပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို အလုပ်အကိုင်ရှာဖွေပေးနိုင်ဖို့ကြိုးစားနေကြပါတယ်။ အမျိုးသမီးတွေအတွက် စက်ချုပ်သင်တန်း၊ လက်မှုလုပ်ငန်းသင်တန်း၊ ကွန်ပျူတာသင်တန်းတွေပေးနေပြီး အမျိုးသားတွေကိုတော့ မွေထိုင်းလက်ဝှေ့ကလပ်တွေနဲ့ချိတ်ဆက်ပေးတာ စက်ရုံတွေမှာ အလုပ်သွင်းပေးတာမျိုးတွေ ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ်။
အရပ်ဘက်အဖွဲ့တွေက အကူအညီပေးဖို့ကြိုးစားနေတယ်ဆိုပေမယ့် ဝန်နဲ့အားကမမျှပါဘူး။ အထောက်အထားမဲ့ရောက်လာသူ သိန်းချီနေချိန်မှာ အကူအညီပေးနိုင်တာ ရာဂဏန်းအများဆုံးဖြစ်တဲ့အတွက် အားမရပေမယ့် အရွေ့တစ်ခုဖြစ်နိုင်ဖို့ ကြိုးစားနေရတယ်လို့ အရပ်ဖက်အဖွဲ့တွေကပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ပြည်တွင်းမှာ စစ်ရေးအသာစီးရနိုင်ဖို့၊ နယ်မြေစိုးမိုးနိုင်ဖို့၊ CDM ထောက်ပံ့ပို့၊ နိုင်ငံတကာကအသိအမှတ်ပြုလာဖို့၊ စစ်ကောင်စီကို နိုင်ငံတကာဥပဒေခုံရုံးမှာ အရေးယူနိုင်ဖို့၊ စစ်ဘေးသင့်ပြည်သူတွေကို ထောက်ပံ့ဖို့ စသဖြင့်ရုန်းကန်နေရတာဖြစ်တဲ့အတွက် အခြေခံပြည်သူတစ်ယောက်ချင်းစီအပေါ် အကူအညီပေးနိုင်ဖို့ မလွယ်ကူတဲ့အခြေအနေမှာပဲရှိနေတာကို တွေ့ရပါတယ်။
၅။ မဲဆောက်အိပ်မက်များ
မြန်မာနိုင်ငံတဝှမ်း စက်ရုံ၊ အလုပ်ရုံပေါင်း ၇ထောင့် ၂ရာနီးပါးမှာ အမျိုးသားလုပ်သား ၁သိန်း ၉သောင်းကျော်၊ အမျိုးသမီးလုပ်သား ၄သိန်း ၉သောင်းကျော် စုစုပေါင်း လုပ်သား ၆သိန်း ၉သောင်းကျော် အလုပ်လုပ်ကိုင်ခဲ့ကြတယ်လို့ ၂၀၂၀ ခုနှစ် NLD အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနရဲ့မှတ်တမ်းတွေက ဖော်ပြပါတယ်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ကတော့ မြန်မာပြည်တွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာတွေကို စုံစမ်းဖို့ ကော်မရှင်တစ်ရပ်ဖွဲ့စည်းမယ်လို့ ထုတ်ပြန်ထားပါတယ်။ ILO က မြေပြင်အထိတကယ်ဆင်းနိုင်ပြီး အလုပ်သမားတွေရဲ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဖြေရှင်းပေးနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
တော်လှန်ရေးမအောင်ခင် ကြားကာလမှာတော့ ပြည်သူတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး စားဝတ်နေရေးအတွက် ရုန်းကန်ရှင်သန်ရဦးမှာပါ။ မြန်မာပြည်ထဲမှာ ဘယ်အလုပ်ကမှ အဆင်မပြေတဲ့အတွက် အခြေခံပြည်သူတွေဟာ အနီးစပ်ဆုံးနဲ့ ကုန်ကျစရိတ်အနည်းဆုံး ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ခြမ်းကို သွားရောက်အလုပ်အကိုင်ရှာကြဖို့ ဆုံးဖြတ်လာကြတာဖြစ်ပါတယ်။ မဲဆောက်ရောက်ရင် မြန်မာပြည်မှာထက် အလုပ်အကိုင်အခွင့်အလမ်းပိုရနိုင်တယ်၊ မိသားစုစားဝတ်နေရေးအတွက် အဖြေတစ်ခုရလာနိုင်တယ်ဆိုပြီး မဲဆောက်အိပ်မက်ကို မြန်မာအခြေခံပြည်သူတွေ မက်လာကြတာဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ အာဏာမသိမ်းခင်ကတည်းက ထိုင်းနိုင်ငံကိုရောက်နေပြီး ကျင်လည်နိုင်ခဲ့ကြတဲ့ မြန်မာလုပ်သားတချို့ကိုယ်တိုင် ကိုဗစ်ပြဿနာကြောင့် အလုပ်လက်မဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရလို့ မြန်မာပြည်ကိုပြန်ဖို့ကြိုးစားခဲ့ကြတာပါ။ နောက်တစ်ချက်က ထိုင်းနိုင်ငံမှာအလုပ်ရရင် လုပ်ခလစာမြန်မာနိုင်ငံမှာထက်ပိုများနိုင်တယ်ဆိုတာမှန်ပေမယ့် ကုန်ဈေးနှုန်းကလည်း မြန်မာနိုင်ငံမှာထက် ၂ဆနီးပါးရှိနေတာကြောင့် အလုပ်အကိုင်နဲ့ပုံမှန်ဝင်ငွေမရှိဘဲ ထိုင်းနိုင်ငံမှာ နေ့စဉ်စားဝတ်နေရေးကို ရင်ဆိုင်ဖြတ်သန်းဖို့ဆိုတာ မလွယ်ကူလှပါဘူး။
လာမယ့်ရာသီမှာ လယ်ယာစိုက်ပျိုးရေးလုပ်ဖို့မဖြစ်နိုင်တော့တာ၊ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ရပ်နားထားတာ၊ အစိုးရ-ပုဂ္ဂလိက လုပ်ငန်းအားလုံးနီးပါး ပုံမှန်မလည်ပတ်နိုင်တာ၊ အိုးအိမ်တွေမီးရှို့ဖျက်ဆီးခံရပြီး သားချင်းတွေသတ်ဖြတ်ခံရတာ၊ မိသားစုတွေတကွဲတပြားဖြစ်ပြီး ရှင်သန်ရေးအာမခံချက်မရှိတာတွေကြောင့် အသက်ရှင်သန်ရေးအတွက် ဝင်ငွေရဖို့ မဲဆောက်အိပ်မက်ကို မြန်မာပြည်သူတွေ မက်နေကြရတာဖြစ်ပါတယ်။
ဘယ်လိုပဲပြောပြော ဒီဖြစ်ရပ်တွေအားလုံးရဲ့အခြေခံဟာ စစ်ခေါင်းဆောင်တွေရဲ့အာဏာသိမ်းမှုနောက်ဆက်တွဲဖြစ်ပြီး လတ်တလော မဲဆောက်အိပ်မက်တွေ အကောင်အထည်ပေါ်ဖို့ ဆုတောင်းပေးနေသလို တော်လှန်ရေး အမြန်အောင်ဖို့ကလည်း အလွန်အရေးကြီးနေပါကြောင်း။ ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar