Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၆ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၆ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၇၊ ၂၀၂၂


 ဗိုလ်နဂါးရဲ့ မြန်မာ့စစ်ရေး နိုင်ငံရေး လက်တွေ့အခြေအနေတွေအပေါ် သုံးသပ်ချက် 

ပုလဲနယ်၊ ယင်းမာပင် နယ်ဘက်မှာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ပုလဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ကို ဦးဆောင်သူ ဗိုလ်နဂါးကို စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့ တချို့မှာ ဆေးကုသမှု လိုက်လံလုပ်ဆောင်ပေးတဲ့ အငြိမ်း လို့ခေါ်တဲ့ အမျိုးသမီးဆရာဝန်မလေးက တနာရီကျော်ကြာ အင်တာဗျူးလုပ်ထားပြီး ယူကျူ့ပေါ်ကနေ ဖြန့်ဝေလိုက်ပါတယ်။ 

ဒီအင်တာဗျူးကို နားထောင်ကြည့်တဲ့အခါ စစ်ကိုင်းတိုင်း ပုလဲ၊ ယင်းမာပင်နယ်က အခြေအနေတချို့၊ လက်နက်ကိုင် တော်လှန်ရေးရဲ့ အခက်အခဲ၊ ဒီတော်လှန်ရေးကို ဦးဆောင်နေတဲ့အဖွဲ့အစည်းဖြစ်တဲ့ NUG အပေါ် ဘယ်လို ဖြစ်စေချင်သလဲ၊ ဘာတွေ မျှော်လင့်ထားသလဲ၊ ဘာတွေမရရှိသလဲ၊ လက်ရှိအခြေအနေကို လက်နက်ကိုင် အဖွဲ့အချို့က ဘယ်လို သုံးသပ်ထားလဲ စတဲ့ မီဒီယာတွေမှာ ပြောနေကျ  ပြောဆိုမှုမျိုး၊ လက်တွေ့အခြေအနေကို ဖုံးကွယ်ထားပြီး စိတ်အားတက်ကြွဖို့ရာ စည်းရုံးရေးသက်သက်စကားမျိုး အပြောတွေနဲ့ ကွာခြားတာတွေ့ရပါတယ်။ 

ဗိုလ်နဂါးလို့ တော်လှန်ရေးကာလမှာ အမည်သစ်ပေးထားပြီး မြန်မာ့တော်ဝင်နဂါးတပ်တော်လို့ ခေါ်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့ကို ဦးဆောင်တည်ထောင်သူ၊ စစ်ကောင်စီရဲ့တပ်တွေကို ဦးဆောင် တိုက်ခိုက်နေသူဟာ လူထုကြားထဲက ထွက်ပေါ်လာတဲ့ လူထုခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက မုံရွာနဲ့ မဝေးလှတဲ့ မြို့နယ်တမြို့နယ်က ထွက်ပေါ်လာတဲ့ သူ့လိုခေါင်းဆောင်တွေ အခြားသော မြို့နယ်တွေမှာလည်း ရှိကြတာဖြစ်ပါတယ်။ PDF အဖွဲ့အချင်းချင်း ကို ဖမ်းဆီးသတ်ဖြတ်မှုနဲ့ NUG ကဖွဲ့တဲ့ ခုံရုံးမှာ စစ်မေးခံနေရဆဲ ယင်းမာပင်နယ်ဘက်က သပြေအေးကျေးရွာက ဗိုလ်သံမဏိလို နာမည်ထွက်တဲ့ ခေါင်းဆောင်တွေလည်း ရှိကြတာဖြစ်ပါတယ်။ သို့သော်လည်း ဗိုလ်နဂါးက အလားတူ လက်နက်ကိုင်အဖွဲ့တွေနဲ့မတူဘဲ ကောင်းမွန်တဲ့ ဂုဏ်သတင်းနဲ့ ထင်ရှားသူ ဖြစ်ပါတယ်။ 

သူက သူဦးဆောင်တဲ့ တပ်ဖွဲ့ရဲ့ စည်းကမ်း၊ လူထုရဲ့ ယုံကြည်မှုတွေရရှိတာ စတာတွေကြောင့် မြန်မာ့နွေဦးတော်လှန်ရေးက အပြောင်းအလဲတွေ အများကြီးဖြစ်လာမလားဆိုရင် အဲလောက်ထိ ပြဿနာက မရိုးရှင်းဘူးလို့ပဲ ပြောရမှာပါ။ စစ်ကိုင်းတိုင်းထဲက နယ်မြေဧရိယာတချို့မှာ အခုလို လက်နက်ကိုင် တိုက်ခိုက်မှုကို လုပ်ဆောင်နိုင်ပေမယ့် အခြားသော နယ်မြေတွေ အခြားသော တိုင်းဒေသ၊ ပြည်နယ်၊ လူမျိုးစု လက်နက်ကိုင်တွေရဲ့ ရပ်တည်ချက်၊ စဥ်းစားသုံးသပ်မှု၊ လက်နက်ကိုင်အဖွဲ့ အချင်းချင်းအကြားက ဆက်ဆံရေး ၊ ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် ပဋိပက္ခ၊ အားပြိုင်မှု စတာတွေ အင်အားကြီးတဲ့အဖွဲ့အစည်းတွေရဲ့ မျှော်မှန်းချက်၊ ရည်မှန်းချက် နဲ့ အဖွဲ့အချင်းချင်းအကြား ဘယ်လိုပုံစံနဲ့ ဆက်ဆံသလဲ အတိတ်က ဘာတွေဖြစ်ပျက်ခဲ့ကြလဲ၊ အတိတ်သမိုင်းရဲ့ အရိပ်ထိုးမှုတွေ ကိုလည်း ထည့်သွင်းတွက်ချက်ရမှာ ဖြစ်ပါတယ်။ 

ဗိုလ်နဂါးလို လူထုလှုပ်ရှားမှုထဲက ပေါ်ထွက်လာသူ၊ နိုင်ငံရေးမှာ ရိုးသားဖို့လိုအပ်တယ်လို့ အလေးထားပြောဆိုသူ၊ ကိုယ်ပါဝင်လှုပ်ရှားတဲ့အဖွဲ့အစည်းမှာ ချမှတ်တဲ့ စည်းမျဥ်းစည်းကမ်းကို ကိုယ်တိုင်လည်း ကျင့်သုံးသူတယောက် ဖြစ်လို့ လူထုခေါင်းဆောင်အဖြစ်နဲ့ ထင်ရှားလာတာလို့ ကောက်ချက်ချရမယ် ထင်ပါတယ်။ 

နိုင်ငံရေးမှာ ရိုးသားဖို့ဆိုရာမှာ နိုင်ငံရေးပရိယာယ်နဲ့ ရိုးသားမှုက ဘယ်သူ့အပေါ်မှာ ပရိယာယ်ရှိပြီး ဘယ်သူ့အပေါ်မှာ ရိုးသားရမလဲဆိုတာတွေကို ရှင်းလင်းဖို့ လိုအပ်မယ် ထင်ပါတယ်။ မိမိတို့ လုပ်ဆောင်နေတဲ့ လူများစုအပေါ်မှာ ရိုးသားမှုရှိဖို့၊ မိမိတို့ လုပ်ဆောင်နေတယ်လို့ အသိပေးကြေညာထားတဲ့ ရည်ရွယ်ချက်အပေါ်မှာ ရိုးသားမှုရှိဖို့ လိုအပ်ပြီး တဖက်ရန်သူလို့ဆိုဆို မိမိတို့ရည်ရွယ်ချက် ပန်းတိုင်ကို ချေဖျက်ဖို့ လုပ်ဆောင်နေတဲ့ ဆန့်ကျင်ဘက်အင်အားစုအပေါ်မှာတော့ ပရိယာယ်ရှိဖို့ လိုအပ်တာဖြစ်ပါတယ်။ ရန်သူ့အပေါ်ထားရှိရမယ့် ပရိယာယ်ကို မိတ်ဖက်အဖွဲ့အစည်းတွေအကြားမှာပါ ကျင့်သုံးတာမျိုးက သံသယ၊ မယုံကြည်မှုတွေ ပေါ်ပေါက်စေပြီး မဟာမိတ်ဆက်ဆံရေး မဟာမိတ်ပူးပေါင်းလှုပ်ရှားမှုတွေကို ပျက်စီးစေမှာ အမှန်ပဲဖြစ်ပါတယ်။ 

ဗိုလ်နဂါးရဲ့ အင်တာဗျူးတွေထဲမှာ NUG ကို အားမရတဲ့ သဘောထားတွေ၊ ပြုပြင်စေလိုတဲ့ မှတ်ချက်တွေ၊ လက်ရှိ အခြေအနေကနေ နောက်တဆင့်တက်နိုင်ဖို့ ဘယ်လို လုပ်နိုင်ရင်ဖြင့် စစ်ကောင်စီ ကျဆုံးနိုင်မယ်လို့ ခန့်မှန်းသုံးသပ်ချက်တွေ ပါဝင်တာ ဖြစ်ပါတယ်။ 

ပရိသတ်အကြိုက် စိတ်အားတက်ကြွစေမယ့် စကားလုံးသက်သက်နဲ့ ခု အောင်နေပြီ၊ မနက်ဖြန်အောင်တော့မယ်၊ မကြာခင် အောင်ပွဲရလိမ့်မယ်ဆိုတဲ့ စည်းရုံးရေးစကားလုံးတွေချည်း သူက ပြောဆိုတာမျိုးမဟုတ်ပဲ လက်တွေ့ မြေပြင်က အခြေအနေမှန်ကို ရှင်းပြတာ၊  ဖြစ်စေချင်တာ သက်သက်နဲ့ ဖြစ်နေပြီဆိုတာမျိုး မပြောဆိုတာတွေက သူ့ရဲ့ ရိုးသားမှု ဂုဏ်အင်္ဂါရပ်ဖြစ်ပါလိမ့်မယ်။ 

လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ နယ်မြေတခုမှာ လှုပ်ရှားတယ်ဆိုတဲ့ အခြေအနေ၊ စိုးမိုးတယ်ဆိုတဲ့ အခြေအနေ၊ ထိန်းချုပ်တယ် ဆိုတဲ့အခြေအနေ နဲ့ နောက်ဆုံးအဆင့် လွတ်မြောက်တယ်ဆိုတဲ့ အခြေအနေတွေကို မတူကြောင်း တိတိကျကျ စကားလုံးနဲ့ ခွဲခြားပြောဆိုသွားပါတယ်။ 

သူဟာ လူထုထဲက ထွက်ပေါ်လာတဲ့ တိုက်ခိုက်ရေး စစ်ရေးခေါင်းဆောင် သက်သက်မဟုတ်ဘဲ နိုင်ငံရေးသဘောသဘာဝ၊ စည်းရုံးရေးသဘောသဘာဝကိုလည်း နားလည်သူ လက်တွေ့ဘဝကနေ နိုင်ငံရေးကို လေ့လာသင်ယူနေသူ နိုင်ငံရေးနဲ့ စစ်ရေးရဲ့ ဆက်နွှယ်မှုကို သဘောပေါက်သူလို့ အကဲဖြတ်နိုင်ပါတယ်။ 

NUG အနေနဲ့ အဝေးက၊ အနယ်နယ် အသီးသီးက လက်နက်ကိုင်အဖွဲ့တွေကို ဆက်သွယ်စည်းရုံးနိုင်မှု အားနည်းနေတာကို လှုံ့ဆော်တိုက်ခိုက်တဲ့ စကားလုံးမပါဘဲ ဝေဖန်ထောက်ပြသွားတဲ့အချက်တွေလည်း သူ့အင်တာဗျူးမှာ ကြားရပါတယ်။ နတ်မျက်စိနဲ့ မြင်နေသလား မသိဘူးဆိုတဲ့ စကားလုံးက NUG အနေနဲ့ မြေပြင်က ဖြစ်ပျက်နေတဲ့အခြေအနေနဲ့ လိုက်ဖက်ညီအောင် ဆက်သွယ်ဆောင်ရွက်မှု အားနည်းနေတယ်ဆိုတာကို သွယ်ဝိုက် ဝေဖန်လိုက်တာလို့ နားလည်ရပါတယ်။

နိုင်ငံရေး ယုံကြည်မှု၊ နားလည်ကျင့်သုံးမှု မပါတဲ့ လက်နက်ကိုင်အဖွဲ့ဟာ ကြာရှည်လာရင် ဓားပြအဖွဲ့လိုမျိုး လက်နက်အားကိုးနဲ့ လူထုအပေါ် ဝန်ထုပ်ဝန်ပိုးပိစေတဲ့ ဆက်ကြေးကောက် အနိုင်ကျင့်တဲ့အဖွဲ့လိုမျိုး ဖြစ်သွားနိုင်ခြေ များပါတယ်။ ဗိုလ်နဂါးကတော့ အဲလို လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်မျိုးမဟုတ်ဘဲ နိုင်ငံရေးကို နားလည်တဲ့ လက်နက်ကိုင် ခေါင်းဆောင်တယောက်လို့ ကောက်ချက်ချနိုင်ပါတယ်။ နိုင်ငံရေးကို ရိုးသားတဲ့စိတ်၊ ရိုးသားတဲ့ ရပ်တည်ချက်နဲ့ ချဥ်းကပ်လုပ်ဆောင်သူ လူထုနဲ့ တသားတည်းရှိသူတယောက် ဖြစ်ပါတယ်။ ပုလဲမြို့နယ်လို ဒေသတခုတည်း သို့မဟုတ် စစ်ကိုင်းတိုင်းတခုတည်းနဲ့ မြန်မာ့နိုင်ငံရေးကို ပြောင်းလဲဖို့ မစွမ်းဆောင်နိုင်တဲ့ အနေအထားလည်း နားလည်လက်ခံရမှာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ ကျယ်ပြန့်ရှုပ်ထွေးတဲ့ ပြဿနာတွေ ဖြစ်တဲ့ တိုင်းရင်းသားအရေးကိစ္စတွေ၊ အိမ်နီးချင်း နိုင်ငံတွေရဲ့ သြဇာလွှမ်းမိုးမှု အကူအညီ၊ ဖိအားပေးမှု စတာတွေကလည်း မြန်မာ့နိုင်ငံရေး စစ်ရေး အပြောင်းအလဲတွေမှာ အတိုင်းအတာတခုထိ အရေးပါနေတာဖြစ်တာ အမှန်ပဲဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar