Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၁၄ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၁၄ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၅၊ ၂၀၂၂


လေကြောင်းစစ်နဲ့ စစ်သုံးစရိတ် တိုးမြှင့်လာတဲ့ စစ်ကောင်စီ

ခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းထဲက ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာကို စစ်ကောင်စီတပ်တွေက သတင်းအရ ရဟတ်ယာဥ်နဲ့ ဝင်လာပြီး ပစ်ခတ်ကာ တပ်တွေကိုပါ ရဟတ်ယာဥ်နဲ့ချကာ ကျေးရွာထဲမှာ ရှိနေတဲ့ PDF တွေကို ဝိုင်းပြီးတိုက်ခိုက်ခဲ့ပါတော့တယ်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ကချင်ပြည်နယ်ဘက်က ဆင်းလာပြီး သူတို့ဒေသကို ပြန်ဖို့လမ်းမှာ စခန်းထောက်နားစဥ်မှာ စစ်ကောင်စီတပ်တွေက ဒီလမ်းကြောင်းကို သတင်းရလို့ ဝင်တိုက်တာလို့ ယူဆရပါတယ်။ ချင်းကာကွယ်ရေးတပ်တွေ နဲ့ ဒေသခံ PDF တွေခုခံတိုက်ခိုက်ကြပြီး PDF တချို့ ကျဆုံးကာ ကျေးရွာသားတချို့လည်း ဖမ်းဆီးခံခဲ့ကြရပါတယ်။ ရက်အနည်းငယ်ကြာတဲ့နောက် စာရင်းချုပ်လိုက်ရာမှာ PDF အပါအဝင် ကျေးရွာသား ၈ ဦးလောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ PDF အချို့ အသက်ရှင်လျက်ပြန်တွေ့ရပြီး ကျေးရွာသားတချို့ကို  စစ်ကောင်စီတပ်တွေက ရဟတ်ယာဥ်နဲ့ ခေါ်ဆောင်သွားတာတွေ ရှိတယ်လို့ဆိုပါတယ်။ 

ပြည်တွင်းစစ် ဖြစ်ပွားနေရာမှာ စစ်ကောင်စီတပ်တွေက မြေပြင်က လာပြီးတိုက်တာတွေတင်မဟုတ်တော့ပဲ မြန်မာနိုင်ငံတောင်ပိုင်းရော အလယ်ပိုင်း မြောက်ပိုင်းမကျန် လေကြောင်းကို နေ့စဥ်လိုလို အသုံးပြုပြီး PDF လက်နက်ကိုင် အဖွဲ့တွေကို တခါတရံ စစ်ဘေးရှောင်စခန်းတွေကိုပါ လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ စစ်အာဏာမသိမ်းမီကဆိုရင် ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာသာ လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်တာတွေ ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက် PDF ခုခံတိုက်ခိုက်မှုတွေ ဖြစ်ပွားလာပြီးနောက်မှာတော့ ဒေသအများအပြားကို လေကြောင်းပစ်ကူနဲ့ ပူးပေါင်းတိုက်ခိုက်သလို ခုရင်ပေါင်တိုင်ရွာလို အဖြစ်အပျက်မှာ စစ်သားတွေကို ရဟတ်ယာဥ်နဲ့ လာရောက်ချပေးပြီး ကျေးရွာတွေကို တိုက်ခိုက်စေတာဖြစ်ပါတယ်။ ‘ပြည်တွင်းစစ်က ပိုမိုပြင်းထန်လာပြီး PDF တွေကို ချေမှုန်းရေးအတွက် စစ်ကောင်စီက စစ်အင်အား၊ ငွေအင်အားသုံးပြီး လုပ်ဆောင်နေတဲ့ သဘောဖြစ်ပါတယ်။ 

ဒီလို စစ်စရိတ်အတွက် ငွေကြေးအင်အားအဆမတန် သုံးစွဲလာတာလည်း တွေ့လာရပါတယ်။ စစ်အသုံးစရိတ်တွေက အရင် ၂၀၁၅-၂၀၂၀ ခုနှစ်တွေထက်ကို ပိုပြီးမြင့်တက်လာနေပြီး ၂၀၂၁-၂၂ မှာ  မြန်မာကျပ်ငွေနဲ့ ဘီလျံ ၄၀၀၀ ကျော် ရှိလာတယ်လို့ အများလက်လှမ်းမီတဲ့ စာရင်းအင်းအချက်အလက်တခုမှာတွေ့ရပါတယ်။ နေ့စဥ်လိုလို စစ်ပွဲတွေ ဖြစ်ပွားနေတာ လေတပ်တွေကို အင်အားအကုန်နီးပါး ထုတ်သုံးနေကြရတာတွေနဲ့ တဖက်မှာ စစ်ပွဲနဲ့ ပဋိပက္ခကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေ ထုတ်လုပ်မှုကျလာတာ လောင်စာဆီစျေးမြင့်တက်မှု နဲ့ အချို့သော ကဏ္ဍတွေမှာ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေရဲ့ သက်ရောက်မှုတွေကြောင့် မြန်မာ့စီးပွားရေးက သိသိသာသာ ကျဆင်းနေချိန်မှာ အခုလို  ဒေါ်လာစျေးနှုန်း၊ ရွှေစျေးနှုန်းတွေက စီးပွားရေးအနေအထားရဲ့ ဆိုးရွားမှု လက္ခဏာပြနေတာ ဖြစ်ပါတယ်။ 

လောင်စာဆီ တင်သွင်းဖို့ရာအတွက် နိုင်ငံခြားငွေ ဝယ်ယူရခက်ခဲတာ၊ သတ်မှတ်စျေးနှန်းနဲ့ ရောင်းခိုင်းတာတွေရဲ့ အကျိုးဆက်က လောင်စာဆီ ပြတ်တောက်မှုတွေ ဖြစ်လာနေပြီး နယ်မြို့တွေမှာ အခြေအနေပိုဆိုးရွားနေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ တနေရာမဟုတ်တနေရာ အချိန်ပေးတန်းစီပြီးဝယ်ယူနိုင်သေးပေမယ့် နယ်မြို့တွေအဖို့ တမြို့လုံးက ဆိုင်တွေ ပစ္စည်းမရှိလို့ အရောင်းရပ်ထားတယ်ဆိုတာမျိုး  လားရှိုး၊ မူဆယ်တို့မှာ ဖြစ်ပေါ်နေပြီး မန္တလေးလို မြို့ကြီးမှာတောင် လောင်စာဆီဝယ်ယူဖို့ မြို့ကို လှည့်ပတ်တန်းစီနေရတဲ့ အခြေအနေမျိုး ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒီလို ဂယက်တွေက ပြီးခဲ့တဲ့ ဧပြီလကတည်းက ထုံ့ပိုင်းထုံ့ပိုင်း ဖြစ်ပွားနေရာကနေ အခုလတွေ သီတင်းပတ်တွေမှာ ပိုပြီးအခြေအနေဆိုးလာတာ ဖြစ်ပါတယ်။   

ဒီအကြောင်းတွေက ဘာကြောင့်ဖြစ်ပေါ်လာလဲဆိုတာ အများသိပြီးဖြစ်တဲ့ ပုဂ္ဂလိကပို့ကုန်က ရတဲ့ ဒေါ်လာ ၊ အခြားသော ပြည်ပပြန်ပို့ငွေလိုမျိုး၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ လုပ်ငန်းသုံးစွဲမယ့် ငွေကြေးတွေလိုမျိုး စစ်ကောင်စီက ထိန်းချုပ်တဲ့ အမိန့်တွေ ချမှတ်ရာက အကြောင်းခံလာတာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်း သီတင်းပတ်ပိုင်းအတွင်း ကုန်စျေးနှုန်းတွေတက်လာတာ ပိုမိုသိသာထင်ရှားလာနေပြီ ဖြစ်ပါတယ်။ ရွှေစျေး ဒေါ်လာစျေးတင်မဟုတ်တော့ပဲ စားသောက်ကုန်တွေ နေ့စဥ် သွားလာစရိတ်တွေ ၊ ဆေးဝါးတွေ ၊ လူသုံးကုန်ပစ္စည်းတွေ အထိ မြင့်တက်လာတာ ပိုထင်ရှားလာနေတာဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာနေချိန်မှာ အခုလို သိသိသာသာ ကုန်စျေးနှုန်းကြီးမြင့်လာတာက ရာဇဝတ်မှုတွေ မြင့်တက်လာစေတဲ့ အကြောင်းတချက်လည်း ဖြစ်လာနေတာပါ။ တရားဥပဒေ စိုးမိုးမှု လျော့လျဲလာတာက ရာဇဝတ်မှု မြင့်တက်စေတဲ့ အဓိကအကြောင်း ဖြစ်သလို အခုလို ကုန်စျေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတွေက ပိုပြီး မီးလောင်ရာလေပင့်ဖြစ်စေတာပါ။ 

ရန်ကုန်မြို့ရဲ့ တခြို့သောမြို့နယ်တွေမှာ မိမိအိမ်ရှေ့မှာ ရပ်နေရင်းနဲ့ကို ဆွဲကြိုးလုပြေးတာ ၊ လမ်းသွားနေသူတွေထံက ဆွဲကြိုးဖြတ်ပြေးတာတွေက ညအချိန်မဟုတ်ဘဲ နေ့ခင်းမှာတင် ဖြစ်ပျက်လာနေကြပါပြီ။ လူထုအနေနဲ့ မလုံခြုံတဲ့ ခံစားမှုကို ပိုပြီးခံစားနေကြရသလို တဖက်မှာလည်း စားဝတ်နေရေးကြပ်တည်းမှုကို ကျော်ဖြတ်ဖို့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ 

ဒီလို တိုင်းပြည်အကျပ်အတည်း ရင်ဆိုင်နေရချိန်မှာ မတရား အာဏာရယူထားတာကို စွန့်လွှတ်ပြီး ရွေးကောက်ပွဲအရ ရွေးချယ်ခံထားရတဲ့ ပါတီ၊ ခေါင်းဆောင် ၊ ကိုယ်စားလှယ်တွေကို ပြန်လွှဲအပ်ရင် အခုလို အခက်အခဲ အကျပ်အတည်းတွေကနေ ၈၀ ရာနှုန်းလောက် လွတ်မြောက်သွားမယ်ဆိုတာ သာမန်အရပ်သားတွေတောင်  နားလည်သဘောပေါက်ပေမယ့် အာဏာနဲ့ အကျိုးစီးပွားအတွက် မျက်စိစုံလုံးကန်းနေသူတွေအဖို့တော့ မျက်စိမှိတ်ပြီး ဆက်လက်မိုက်မဲကြဦးမယ့် အရိပ်အယောင်တွေပဲ တွေ့နေကြရတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar