Breaking News

ဇင်ယော်နီ - ဒေါသဖြေဆေး အီကြာကွေး

ဒေါသဖြေဆေး အီကြာကွေး
ဇင်ယော်နီ ရေးသည်
(မိုးမခ) ဩဂုတ် ၁၅၊ ၂၀၂၂

(၁)

ကျွန်ုပ်၏ဘဝတွင် အီကြာကွေးဟူသောအရာနှင့် မှတ်မှတ်ထင်ထင်ပတ်သက်ခဲ့ရသောအကြောင်းအရာများ ရှိခဲ့ဖူးပါ သည်။ 

ကျွန်ုပ် စာပေလောကသို့ အခြေချမိနိုင်ရန် ကျေးဇူးကြီးမားလှသူများထဲတွင် ကဗျာဆရာကြီး ဓနုဖြူကျော်ထွန်းခေါ် တခေတ်တယောက် သရော်စာဆရာကြီးအီကြာကွေးသည်လည်း အဓိကနေရာမှ ရှိခဲ့ပါလေ၏။ ဆရာကွေး၏ လမ်းကြောင်းချပေးမှုဖြင့် ကျွန်ုပ်သည် ကျော်ပြောင်ဟူသော ကာတွန်းနှင့် သရော်စာ ကလောင်တစ်ချောင်းကို ပိုင်ဆိုင်ခဲ့ရပါလေ၏။
၁၉၈၀ ကျော် ကာလများတွင် ဦးလေးကြီးဦးတင်မောင်၏ သင့်ဘဝမဂ္ဂဇင်း၌ ကလောင်သစ်များကို ဦးစားပေးသောကဗျာကဏ္ဍများ ပါရှိ၏။ ထိုကဗျာကဏ္ဍများ၏အယ်ဒီတာမင်းမှာ ဆရာကွေးခေါ် ဓနုဖြူကျော်ထွန်း ဖြစ်ပါလေတော့၏။ 
ကျွန်ုပ်၏ပထမဆုံးသော ခဲစာလုံးပုံနှိပ်ကဗျာမှာ ၁၉၈၇ ခု၊ ဩဂုတ်လထုတ် သင့်ဘဝမဂ္ဂဇင်း ကဗျာ့ပွဲခင်းသာကဏ္ဍမှ အစပြုခဲ့ခြင်း ဖြစ်လေ၏။
ဆရာကွေးအား ပရိသတ်အများစုက ဓနုဖြူကျော်ထွန်းဟူသော ကလောင်နှင့် တွဲ၍ မသိကြပါချေ။ သို့သော် ဆရာကွေး၏ ''တိုက်ပွဲပျော်'' ဟူသော ကဗျာကလေးကိုမူ အသိများကြလေ၏။ 
(မမီလိုက်သော လူငယ်များအတွက် ထိုကဗျာလေးကို ဖော်ပြလိုက်ပါသည်)

'' တိုက်ပွဲပျော် ''

ပုခက်ထဲက၊ အူဝဲဟစ်ကာ
စစ်ကြေငြာပြီး၊ လောကကြီး၏
ခါးသီးတွေ့ကြုံ၊ အလုံးစုံကို
မဖြုံအံခဲ၊ ပွဲဆက်နွှဲရင်း
လူလည်းတော်တော် ကြီးခဲ့ပေါ့ ...။
မိုက်လည်းမိုက်လို့၊ တိုက်လည်းတိုက်ခဲ့
ရှုံးလိုက်တာလည်း အသင်္ချေ ...။
ရဲလည်းရဲလို့၊ နွှဲလည်း နွှဲခဲ့
နိုင်ပွဲတွေလဲ အနန္တ ...။
ဒီလိုပဲပေါ့
တိုက်ပွဲဆိုတာ၊ သာချင်သာမယ်၊
တိုက်ပွဲဆိုတာ၊ နာချင်နာမယ်၊
ဘယ်မှာ ခန့်မှန်းသိနိုင်မလဲ ...။
နာနာသာသာ၊ ဘာမှမဖြုံ
စိတ်လုံခြုံရင်
မတုန် မလန့်ဖျပ်ပါဘူး။
အဟုန် မတန့်ရပ်ပါဘူး ...။
ရှေ့ကဆီး၍
လမ်းခရီးထဲ၊ သစ်ပင်လှဲမလား၊
ရှေ့ကကန့်၍
အဟန့်အတား၊ ဆူးတွေတားမလား၊
ယောကျာ်းဟေ့နော် တိုက်ပွဲပျော် ...
ကျွန်တော်တိုက်ရင်း တက်မှာပဲ ...။

ဓနုဖြူကျော်ထွန်း
--------------------------------
ကျွန်ုပ် ကာတွန်းလမ်းကြောင်းပေါ် ရောက်ရှိလာခန်းကလည်း ဆန်းတော့ဆန်း၏။ 
အသုဘတခု အကြောင်းပြု၍ ကာတွန်းကျော်ပြောင် ပေါ်ပေါက်လာရသည်ဟု ဆိုရပေတော့မည်။
ဆရာကွေးနေထိုင်ရာ တောင်ဥက္ကလာမင်္ဂလာလမ်းထဲတွင် ဆရာကွေးနှင့်လွန်စွာကျွမ်းဝင်သော ကိုသိန်းဌေးဆိုသူ ရှိလေ၏။ 
ကျွန်ုပ်သည် တောင်တွင်းကြီးတွင်နေထိုင်ရာမှ ရံဖန်ရံခါ ရန်ကုန်သို့ သုံးလေးငါးရက် ဆင်းလာတတ်၏။ ထိုသို့ဆင်းလာတိုင်း ဆရာကွေးထံ၌ တည်းခိုတတ်မြဲဖြစ်လေတော့၏။ 
ထိုသောအခါများဝယ် ကိုသိန်းဌေးက ဆရာကွေးနှင့်ကျွန်ုပ်အား မနက်/ည လက်ဖက်ရည်တိုက်လေ့ရှိလေ၏။ 
တခါတွင်မူ ကိုသိန်းဌေး၏ ဖခင်ကြီးကွယ်လွန်သည်နှင့် တည့်တည့်တိုးပါလေတော့၏။ 
ဆရာကွေးနှင့် ကျွန်ုပ်တို့ ထိုင်နေသော လက်ဖက်ရည်စားပွဲအနီးသို့ လူငယ်အချို့ရောက်လာ၏။ စားပွဲပေါ်တွင် စက္ကူများ ဆော့ပင် အနီအပြာများတင်ကာ တစုံတရာကို ငြင်းခုန်နေကြ၏။ 
အသုဘလိုက်ပို့မည့်ကားများတွင်ကပ်ရန် ''ဦးဘယ်သူ၊ အသက်ဘယ်လောက်'' ဟူသောစာရွက်များကို  'မင်းရေး ... ငါရေး ...'နှင့် ငြင်းခုန်နေကြခြင်း ဖြစ်လေ၏။ ဘာမဟုတ်သော်လည်း ရေးကျင့်မရှိပါက အဆင်မချောတတ်ဘူး မဟုတ်ပါလော ...။

 ဤတွင် မနေထိုင်မထိုင်နိုင် ကျွန်ုပ်က ...
''ကျွန်တော် ကူညီပါ့မယ် ...'' ဟုဆိုကာ ဝင်ရေးပေးဖြစ်လေ၏။ 
ဘာမဟုတ်သည့် အသုဘဆိုင်းဘုတ်ကို လက်ဝဲစာလုံးတွေ၊ အကွပ်တွေ အညွန့်တွေ၊ စာလုံးရှိတ်တွေဘာတွေနှင့် အပီအပြင် အကျအန ရေးနေသော ကျွန်ုပ်အား ဆရာကွေးက မျက်လုံးကြီးပြူးကြည့်ရင်း -
''ဟ ... မင်းက ပန်းချီဆရာလားကွ ...'' ဟု မေးလေတော့၏။

''ပန်းချီဆရာ မဟုတ်ပါဘူး၊ ဝါသနာပါတာပါ ဆရာကွေးရယ် ...'ကျွန်တော်တို့ တောင်တွင်းကြီးမှာက ဗီဒီယိုရုံတွေမှာ မြေဖြူပန်းချီပိုစတာတွေ အပြိုင်အဆိုင်ရေးကြတာ၊ ကျွန်တော်က ဗီဒီယိုရုံမှာ စက်ဘီးစောင့်သမားလုပ်ရင်း ပိုစတာတွေ ကူရေးတယ်။ 
ကူရေးတယ်ဆိုတာက ပန်းချီဆရာက ကျော်ဟိန်းပုံ ကျော်သူပုံ ဘရုစလီပုံ ဗန်ဒိမ်းပုံ ရှောင်ကွန်နရီပုံ .... အဲဒါမျိုးတွေ ရေးတယ်။ ကျွန်တော်က ဇာတ်ကားအမည်နဲ့ သရုပ်ဆောင်အမည်တွေ ဝိုင်းရေးတဲ့ စာလုံးသမားပေါ့ ...."

''ဟုတ်ပြီကွ ...၊ ဒီလိုလုပ်၊ ကဗျာသမား စာသမားတွေက တစ်နိုင်ငံလုံး ရှောင်လို့ မလွတ်ဘူး။ ငါတို့ သမ္ဘာကြီးတွေတောင် ခါနာမနိမ်းအောင် မနည်း ရုန်းကန်နေရတာ။ မင်းက သရော်စာလည်း ရေးနိုင်တယ်။ ပန်းချီအခံလေးလည်း ရှိတယ်ဆိုတော့ ကာတွန်းရေးကွာ ...''

''အာ ... မရေးရဲပါဘူး ဆရာကွေးရယ် ...''

''စိတ်ကူးမလွဲနဲ့ကွ...၊ တွတ်ပီဆွေမင်းတို့၊ ရဲခေါင်မဲမောင်ခေါ် နေမျိုးအေးတို့ဆိုတာ ငါဂိုက်လိုင်းချပေးခဲ့တာ ...။ ဒီအချိန်မှာ ကာတွန်းလူသစ်တွေလည်း တိုးဝင်နေကြပြီ၊ စိတ်ကူးမလွဲနဲ့၊ ကာ တွန်းရေးစမ်းပါကွာ ...'' ဟု ဇွတ်အတင်းပင် တိုက်တွန်းလေတော့၏။
ဤသည်က အစပြု၍ ကျွန်ုပ်သည် အသုဘတခုကို အကြောင်းပြုကာ  ဆရာအီကြာကွေး၏ လမ်းကြောင်းချပေးမှုဖြင့် ကာတွန်းလမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့ရပါလေတော့သတည်း။

(၂)

၁၉၉၄ ခုနှစ်ဆီက ဖြစ်လေ၏။ တနေကုန် စာအုပ်ဖြန့်ချိရေး အလုပ်သမားအဖြစ် ပြေးပြေးလွှားလွှား လုပ်ကိုင်ခဲ့ပြီးနောက် ညနေစောင်းမှောင်ရီပျိုးအချိန်များဆိုလျှင် ကျွန်ုပ်သည် မြို့ထဲ လမ်း ၃၀ မှတ်တိုင်မှနေ၍ ၃၁ ဗိုက်ပူဘတ်စ်ကားကြီးများကိုစီးကာ တောင်ဥက္ကလာရှိ ကွန်းခိုရာအိမ်ကလေးသို့ ပြန်လာလေ့ ရှိလေ၏။ 

ထိုစဉ်က ကျွန်ုပ်၏ အစ်ကိုဝမ်းကွဲ ကိုကျော်ဌေးအောင်ဆိုသူနှင့် လွန်စွာရင်းနှီးသော မိတ်ဆွေများဖြစ်သည့် ဦးမျိုးဝင်း ဒေါ်ဝင်းတင့်ဟူသောမိသားစုက သူတို့၏ လွတ်နေသော အိမ်ကလေးတလုံးတွင် နေထိုင်ခွင့်ပြုခဲ့သောကြောင့် ကျွန်ုပ်မှာ ကျောတခင်းစာနေရာကလေး အဆင်ပြေနေခဲ့ရပြီးလျှင် ရန်ကုန်၌ ခြေကုပ်ယူနိုင်ရန် ကြီးစွာသော အထောက်အပံ့ ရခဲ့ပါလေသည်။
(အထက်ပါ ကိုကျော်ဌေးအောင်ဆိုသူမှာလည်း ရန်ကုန်စက်မှုတက္ကသိုလ်တွင် ကိုဝင်းနိုင်ဆိုသော ကာတွန်းဆရာနှင့် အဆောင်အတူ နေခဲ့ကြဖူး၏။ စက်မှုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းများတွင် ပါရှိသော ကာတွန်းများကို လက်နှင့်ထောက်လျက် ...

''ဟောဒီ ကာတွန်း မန်းဘဲဆိုတာ ကျောင်းမှာ ငါနဲ့ အတူနေကြတာကွ ...'' ဟုလည်း ပြောပြလေ့ ရှိလေ၏။ ယင်း ကိုဝင်းနိုင်ခေါ် ကာတွန်းမန်းဘဲမှာ ယခုအခါ နိုင်ငံကျော်ကာတွန်းဆရာ ကြီး ဆရာအော်ပီကျယ် ဖြစ်လာပါလေတော့သတည်း)

ထိုစဉ်က ဘတ်စ်ကားခမှာ ဟိုနားဒီနား တစ်ကျပ်ဖြစ်၏။ 
၎င်း ဟိုနားဒီနားကိုကျော်လျှင် နောက်ထပ် တစ်ကျပ် ထပ်ပေးရလေ၏။ 

မြို့ထဲမှ တာမွေဗလီအထိ တစ်ကျပ်ဖြစ်ပြီး ဗလီကျော်လျှင် တစ်ကျပ်ထပ်ပေးရလေ၏။ 
ကျွန်ုပ်သည် အောင်မင်္ဂလာလမ်းထဲရှိ ရုပ်ရှင်မျက်မှန်မဂ္ဂဇင်းတိုက်သို့ ဝင်ရန် အလုပ်ကိစ္စ ပါလာသော ညနေစောင်းများဆိုလျှင် မဂ္ဂဇင်းတိုက်မှ ပြန်အထွက်၌ ဘတ်စ်ကားမစီးတော့ဘဲ တာမွေဗလီအထိ ကိုးခြောက်ကိုးသုံးဟု နောက်ပြောင်ပြောဆိုလေ့ရှိကြသည့် စကားအတိုင်း ကိုယ့်ခြေထောက် ကိုယ်သုံးကာ လမ်းလျှောက်လေတော့၏။ 

သုံးလေးမှတ်တိုင်ခန့်ကို ငွေတစ်ကျပ် ထပ်ကုန်မည်စိုး၍  ချွေတာရခြင်း ဖြစ်ပါ၏။ 
ဗလီမရောက်မီ ၂ မှတ်တိုင်ခန့်အလို သီတာလမ်းမှတ်တိုင်အနီးတွင် နှစ်ချို့လက်ဖက်ရည်ဆိုင်တဆိုင်ရှိလေ၏။ ဆိုင်ရှင်မှာ တရုတ်ကြီးတဦးဖြစ်၏။ ကျွန်ုပ်သည် လမ်းလျှောက်ရင်း ထိုလက် ဖက်ရည်ဆိုင်ထဲသို့ မျက်လုံးဝေ့ဝဲကြည့်ရှုကာ ကျွန်ုပ်ရှာဖွေနေသူတဦး ရှိနေသောအခါများဆိုလျှင် ဆိုင်ထဲသို့ ဝင်သွားတတ်လေ၏။
ကျွန်ုပ် ရှာဖွေနေသောသူတဦးဆိုသည်မှာ ကိုပန်းမောင်ဆိုသော တရုတ်သွေးနှောသည့် စာရေး ဆရာတဦး ဖြစ်လေ၏။ သူသည် ပန်းမောင်(မြန်မာစာ) ဟူသောအမည်ဖြင့် စာများရေးလေ့ရှိလေ၏။ ညနေ ၆ နာရီ ၇ နာရီခန့်ဆိုလျှင် ထိုလက် ဖက်ရည်ဆိုင်၌ လာထိုင်လေ့ရှိလေ၏။ ကျွန်ုပ်က နှစ်ဦးသား စကားပြောကြရန်ဟူသည့် ရည်ရွယ်ချက်ဖြင့်သာ ထိုဆိုင်ထဲသို့ ဝင်သွားခဲ့ခြင်း ဖြစ်ပြီး လက်ဖက်ရည်သောက်ရန်ကိုမူ ရည်ရွယ်ချက် မရှိပါပေ။ 

အကြောင်းမူကား ထိုစဉ်က ကျွန်ုပ်၏ဝင်ငွေအခြေအနေက တလနေ၍ လက်ဖက်ရည် ၃ ခွက်ခန့် သောက်ရန်ပင် အခြေ အနေမပေးသောကြောင့် ဖြစ်လေ၏။ နောင်တော်မိတ်ဆွေကြီး ကိုပန်းမောင်ကမူ ...
''ကျွန်တော်တိုက်ပါမယ်၊ သောက်စမ်းပါ ကိုကျော်ပြောင်ရဲ့ ...၊ အဲဒီ ဆေးပေါ့လိပ်ကြီးလည်း ခဏဖယ်ထား၊ စီးကရက်တလိပ်သောက် ...'' ဟု စေတနာကောင်းလေ့ရှိလေ၏။ 
များသောအားဖြင့် ကျွန်ုပ်ကမူ ရေနွေးကြမ်းကလေးကိုသာ ငှဲ့သောက်နေလေ့ ရှိပါ၏။ တစ်ခါတွင်မူ ကိုပန်းမောင်က ...
''ဒီနေ့ ကျွန်တော် စာမူခလေးတွေ ရထားတယ်ဗျ၊ လက်ဖက်ရည်လည်း သောက်၊ စီးကရက်လည်းသောက်၊ မုန့်တခုခုလည်း စားဗျာ ...''ဟု  အတော်ပင် တွန်းတွန်းတိုက်တိုက် တိုက်တွန်းလေ၏။ 

''ဒီဆိုင်က အီကြာကွေးက နာမည်ကြီးတယ်ဗျ ...'' ဟုလည်း လမ်းညွှန်လေ၏။ 

ထို့ကြောင့် ကျွန်ုပ်လည်း လက်ဖက်ရည်နှင့် အီကြာကွေးကိုမှာယူကာ ဆာဆာနှင့် အငမ်းမရ စားသောက်ပါလေတော့၏။ ထိုစဥ်က ကျွန်ုပ်၏ ဘဝမှာ မနက် ၈ နာရီခန့် အလုပ်မသွားမီ တမင်းကြမ်းရော နေ့လယ်စာပါ တနေကုန်စာ စားသွားပြီးသည့်နောက် ကျွန်ုပ်၏ဗိုက်ထဲ၌ လမ်းဘေးရေအိုးစင်က ရေမှလွဲ၍ တနေ့လုံး ဘာမျှ ရှိမနေတတ်ပါလေ။ 
ထိုသို့ ကျွန်ုပ် အားပါးတရ စားသောက်သည်ကိုကြည့်ရင်း ကိုပန်းမောင်က -
'' ခင်ဗျားက အီကြာကွေး မစားတတ်ဘဲကိုးဗျ ...၊ 
အီကြာကွေးဆိုတာ နှစ်ခြမ်းဖြဲပြီး စားရတာမျိုးဗျ ...'' ဟု ပြောလေတော့ရာ ကျွန်ုပ်က ...
'' ဗျာ ... ဒီအတိုင်း စားလို့ မရဘူးလား ...'' ဟု ပလုတ်ပလောင်းနှင့် ပြန်၍ အမေးထုတ်မိပါလေတော့၏။ ထိုအခါ ကိုပန်းမောင်က သူ၏ ထုံးစံအတိုင်း လေအေးအေးကလေးဖြင့် တအိအိရယ်မောရင်း ...
''ဒီလိုဗျ ...၊ အီကြာကွေးမှာ သမိုင်းဇာတ်ကြောင်း ပုံပြင်လေး ရှိတယ်။ 

တခါတုန်းက စိနခေါ် စိန့်တိုင်းပြည်ကြီးမှာ အင်မတန် ဆိုးရွားရက်စက်လွန်းတဲ့ ဘုရင်တပါး အုပ်ချုပ်ခဲ့ဖူးတယ်။ လူတယောက်ရဲ့အသက်ကို ဖက်ရွက်လောက်တောင် တန်ဖိုးမထားဘူးဆိုတဲ့ လူစားမျိုးပေါ့ ...။ ဉာဏ်ရည်ဉာဏ်သွေးကိုယ် စွမ်းကိုယ်စကနည်းရတဲ့အထဲ ထင်ရာစိုင်းတဲ့နေရာမှာလည်း နှစ်ယောက်မရှိဘူး။ 
အဲသည်တော့ တိုင်းသူပြည်သားတွေဟာ သူ့အမည်ကိုတောင် စကားထဲ ရဲရဲထည့်မပြောရဲလောက်အောင် ကြောက်လန့်ကြရတဲ့အပြင် ချေးထက်တောင် ရွံတယ်ဆိုတာမျိုးပေါ့ဗျာ ...။

တနေ့မှာတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ မုန့်ဆရာက လူပါးတုန်း ပျင်းပျင်းရှိတာနဲ့ ဂျုံနဲ့ အရုပ်ကလေးလုပ်နေသတဲ့ ...။ လူဦးခေါင်းသဏ္ဍန်ကလေးရယ်၊ ကိုယ်လုံးရယ်၊ လက်တွေခြေတွေရယ်နဲ့ လူရုပ်ကလေး ခပ်ကြမ်းကြမ်းပေါ့လေ ...။ 

ပြီးတော့ အဲဒီလူရုပ်ကလေးကို ဆီပူအိုးထဲ ရှဲခနဲပစ်ချလိုက်တယ်။ ပြီးတော့ ပါးစပ်က ပွစိပွစိနဲ့ မကျေမချမ်းတွေ ရေရွတ်ရင်း ယောက်မကြီးနဲ့ မွှေနေသတဲ့။ ပြီးလည်းပြီးရော ဆီပူအိုးထဲက ဆယ်ပြီး ''မင်း ဘာတတ်နိုင်သေးလဲကွ ...'' လို့ ကြိမ်းဝါးပြီး လူရုပ်ကို ခြေနှစ်ချောင်းကနေ ပေါင်ကိုဆွဲဖြဲလိုက်တယ်။ ဘီလူးက လူကို စားသလို ဝါးစားတယ်။
အဲဒါကို သတိထားမိနေတဲ့ လူတစ်ယောက်က -

''မုန့်ဆရာ ... ဘာတွေလုပ်နေတာလဲ ...'' လို့စပ်စုတော့ မုန့်ဆရာက  မျက်နှာရိပ်မျက်နှာကဲနဲ့ ...
''ဟိုကောင်ကြီးကို ဝါးစားနေတာ ...၊ ဟိုကောင်ကြီးကို ...'' လို့ ပြန်ဖြေတယ်။ 
အဲဒီလူကလည်း ချက်ဆို နားခွက်က မီးတောက်တယ်။ ချက်ချင်း သဘောပေါက်တယ်။
''ဟာ ... ခင်ဗျားတယောက်တည်း အဲသလိုတော့ လူလည်မကျနဲ့လေဗျာ ...၊ ကျုပ်ကိုလည်း တကောင်လုပ်ပေး ...'' လို့ အဲဒီလူက ပူဆာတယ်။ အဲဒါနဲ့ မုန့်ဆရာလည်း နောက် တရုပ် လုပ်ပေးရတော့တာပေါ့ ...။
အဲဒါကို သတိထားမိကြပြန်တော့ အခြားလူ သုံးလေးယောက်ကပါ တီးတိုးပူဆာကြလို့ မုန့်ဆရာလည်း ထပ်လုပ်ပေးရပြန်တယ်။ 
နောက်တော့ အဲသည့် ထူးခြားဖြစ်စဉ်ကို တဆိုင်လုံးမှာ ရောက်နေတဲ့လူတွေ သိသွားကြပြီး မုန့်ဆရာဆီ ဝိုင်းလာကြတော့တယ်။ များလာတော့ မုန့်ဆရာလည်း ဘယ်တတ်နိုင်ပါတော့မလဲ။

''တော်ကြပါတော့ဗျာ ...၊ မလုပ်နိုင်တော့ပါဘူး ...'' လို့ တောင်းပန်ရတယ်။ လူတွေက -
''အံမာ ... မင်း ... အဲသလို တစ်ကိုယ်ကောင်းဆန်လို့ ရမလား၊ မင်းတို့ကျတော့ စားကြသောက်ကြပြီး ငါတို့ကျ မစားရဘူးဆိုတော့ ...'' ဘာညာနဲ့ ဒေါသတွေထွက်ပြီး မုန့်ဆရာကို ရိုက်မယ်နှက်မယ်အထိ ဖြစ်ကုန်ကြတယ်။ အဲဒါနဲ့ မုန့်ဆရာလည်း -
''ကျွန်တော် ကြိုးစားပြီးလုပ်ပေးပါ့မယ်ခင်ဗျာ ...'' လို့ ဝန်ခံပြီး လူရုပ်လေးတွေ အများကြီးလုပ်ပေးရတော့တယ်။ 

ဒါပေမဲ့ များလွန်းမက များလာတဲ့အခါ လူရုပ်ကို ပီပီပြင်ပြင် မလုပ်ပေးနိုင်တော့ဘူး။ 

လူခန္ဓာပုံ ဂျုံတောင့်လေးလုပ်၊ မျက်လုံးနေရာ တူကလေးနဲ့ တို့၊ ဂျုံတောင့်အလယ်ကနေ တူနဲ့ဖိချ၊ ဟောဒါ... ပေါင်နှစ်ချောင်းပဲဗျာ ...''ဆိုပြီး အဖြစ်ကလေးပဲလုပ်ပေးနိုင်ရှာတော့တယ်။ 
ဒါပေမဲ့ အဲသလောက်ဆိုလည်း လူတွေက ကျေနပ်ပါတယ်။
ဂျုံတောင့်လေးလုပ်လိုက်၊ ပေါင်နှစ်ချောင်းဆိုပြီး တူလေးနဲ့ အရာပေးလိုက်၊ ဆီပူအိုးထဲ ပစ်ချလိုက်၊ ပြန်ဆယ်လိုက်တဲ့အခါ လူတွေက အလုအယက် ယူကြပြီး ...

''အင်းဟာ ... ဟိုကောင်ကြီး၊ ဟိုသတ္တဝါကြီး ... မင်းဘာတတ်နိုင်သေးလဲကွ ...'' ဆိုပြီး လူရုပ်ကို ပေါင်နှစ်ခြမ်း  ဇွိခနဲဖြဲ ...၊ ''ကိုင်းဟာ ... ကိုင်းဟာ ...'' ဆိုပြီး သွားတွေတောင် ပဲ့ထွက်မတတ် နာကြည်းစွာနဲ့ ဝါးစားကြတယ် ...။
နောက်နေ့တွေမှာလည်း အဲဒီဆိုင်ကိုရောက်လာသူတွေက အဲသည့် လူရုပ်ကိုပဲ ကြော်ခိုင်းနေကြရာကနေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပြီး အီကြာကွေးဆိုတာ အခိုင်အမာ ပေါ်ပေါက်လာခဲ့တာဗျို့ ...၊
အဲဒီတော့ အီကြာကွေးဆိုတာမျိုးက စားတဲ့အခါ ဗျန်းခနဲ နှစ်ခြမ်းဆွဲဖြဲပြီး စားမှ သဘာဝကျတာဗျို့ ...'' ဟူ၍ ကိုပန်းမောင်က ရှည် လျားထွေပြားစွာသော အီကြာကွေးသမိုင်းကြောင်းကို ရှင်းပြပြီးနောက် တအိအိရယ်မောနေပါလေတော့၏။ 
(မှတ်ချက်။  ။ အခြားသော အီကြာကွေးသမိုင်းဒဏ္ဍာရီ မူကွဲများလည်း တွေ့ရဖူးပါသည်)
ထိုသည်မှ စ၍ ကျွန်ုပ်သည် အီကြာကွေးစားသောအခါတိုင်း ဗျန်းခနဲနေအောင် နှစ်ခြမ်း ဆွဲဖြဲမိလေတော့၏။ 
တစုံတယောက်ကို စိတ်တိုဒေါသထွက်သောအခါများ၌လည်း အီကြာကွေးကောင်းကောင်းရသော ဆိုင်သို့သာ ပြေးမိပါလေတော့သတည်း ...။
                                         ဇင်ယော်နီ
                                    ၂၀၂၂ ဩဂုတ် ၁၀
မှတ်ချက်။ ။ စာရေးသူ၏ခွင့်ပြုချက်ဖြင့် ‌တင်ဆက်ပါသည်။
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar