Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၁၃ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၁၃ မြင်ကွင်း

သြဂုတ် ၁၃ ရက်


ဒေါ်လာစျေး၊ ရွှေစျေးနဲ့ လောင်စာဆီဈေးရဲ့ ဂယက် 

ဗဟိုဘဏ်ရဲ့ ဒေါ်လာလဲနှုန်း သြဂုတ်လ ၅ ရက်နေ့မှာ တိုးမြှင့်သတ်မှတ်လိုက်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ လောင်စာဆီဈေးက ရုတ်တရက် ၁ လီတာကို ကျပ် ၃၀၀ လောက် တက်သွားပြီးနောက်တပတ်အကြာမှာ ၅၀၀ ကျော်အထိ မြင့်တက်ကာ လောင်စာဆီ ဝယ်ဖို့ ခက်ခဲတာတွေ ဖြစ်လာပြီး နယ်မြို့တွေမှာ ရန်ကုန်ထက် ၁ ဆခွဲကနေ ၂ ဆအထိ မြင့်တက်လာတာတွေ ကြားသိနေရပါတယ်။ ရှမ်းမြောက် လားရှိုး၊ မူဆယ်တို့လို မြို့တွေမှာ ဓာတ်ဆီတလီတာကို ၄၅၀၀ လောက်ထိ ဖြစ်လာနေတယ်လို့ သတင်းတွေထဲ တွေ့နေရတာ ဖြစ်ပြီး လောင်စာဆီ စတင်ရောက်ရှိတဲ့ ရန်ကုန်မြို့ မှာတော့ အနိမ့်ဆုံး ဓာတ်ဆီ တလီတာ ကျပ် ၂၂၀၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။ 

ရန်ကုန်မြို့မှာ ပုဂ္ဂလိက ဓာတ်ဆီ၊ ဒီဇယ်ဆီ အရောင်းဆိုင်တွေမှာ ဒီဇယ်ပဲ ရှိပြီး ဓါတ်ဆီမရှိတာ၊ ဓါတ်ဆီ ၉၂ နဲ့ ၉၅ အမျိုးအစား ၂ မျိုးအနက် ၉၂ ပဲရှိတာ၊ အချို့ဆိုင်တမျိုးမှ မရှိလို့ ဆီပြတ်နေတဲ့ဆိုင်းဘုတ်ထောင်ထားတာ စသဖြင့် အမျိုးမျိုး မြင်ကွင်းတွေ တွေ့မြင်နေရပြီး မန္တလေးမြို့မှာလည်း လောင်စာဆီတန်းစီတဲ့ ဆိုင်ကယ်တွေ၊ ကားတွေရဲ့ ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ အများအပြား တွေ့နေရပါတယ်။ 

မော်လမြိုင်မှာ လောင်စာဆီ ဝယ်ရခက်တဲ့ သတင်း၊ မန္တလေးမှာ ဝယ်ရခက်ခဲ့တဲ့သတင်း လားရှိုးမှာ ဝယ်ရခက်ခဲတဲ့ သတင်းတွေနဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာတွေမှာ ပြည့်နှက်နေတာ ဖြစ်ပါတယ်။ အလုပ်သွားဖို့၊ ဈေးသွားဖို့ ၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ဖို့အတွက် ဈေးလည်း ရုတ်တရက် ပြန်မြင့်တက်သွားတဲ့အပြင် ဝယ်ရခက်နေတဲ့ လောင်စာဆီရရှိဖို့ရာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတာဖြစ်ပါတယ်။ 

ဒီအချိန်မှာပဲ မြန်မာကျပ်ငွေတန်ဖိုးကို ဖော်ပြတဲ့ ငွေလဲနှုန်းနဲ့ ရွှေဈေးက နေ့တွင်းချင်း နာရီအလိုက်မြင့်တက်နေတာ ဖြစ်ပါတယ်။ ဒေါ်လာလဲနှုန်းက နာရီပိုင်းအလိုက် မြင့်တက်လာတာ တဒေါ်လာ ကျပ် ၃၀၀၀ လောက်ထိရောက်ရှိခဲ့ပြီး ရွှေဈေး ကျပ် ၂၇ သိန်းကျော်အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဒေါ်လာနဲ့ ရွှေက လူတိုင်း ဝယ်ယူစရာမလိုတာမို့ ကိုယ့်နဲ့ တိုက်ရိုက်မဆိုင်ဘူးလို့ ဆိုကောင်းဆိုပေမယ့် ဒီလဲနှုန်းတွေက နာရီပိုင်းအတွင်းမဟုတ်ပေမယ့် ရက်အတန်ကြာတဲ့အခါ အခြားသော သွင်းကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို ပြောင်းလဲစေမှာ ဖြစ်ပါတယ်။ 

ဒီလို မြန်မာငွေတန်ဖိုး သိသာစွာ ကျဆင်းနေတာ ဘယ်တော့ ရပ်တန့်သွားမလဲ၊ ဘာကြောင့် ဖြစ်လာတာလဲ၊ ဘယ်သူတွေ အများဆုံးထိခိုက်မလဲ၊ အကြောင်းကို ဘယ်လို ဖြေရှင်းနိုင်မလဲ သို့မဟုတ် စီးပွားရေးအကျပ်အတည်းကို နိုင်ငံရေးအမြတ်အဖြစ် အသုံးချနိုင်မလား ဆိုတဲ့မေးခွန်းတွေ အများကြီးရှိနေတာ ဖြစ်ပါတယ်။ 

နံပါတ် ၁ မေးခွန်း အခုလို ငွေတန်ဖိုးကျမှု ဘယ်တော့ ရပ်တန့်သွားမလဲဆိုတာ ဘယ်သူမှ မဖြေနိုင်တဲ့မေးခွန်း ဖြစ်နေဆဲလို့ ထင်ပါတယ်။ အကြောင်းရင်းက ဘာလဲဆိုတာကို သိရှိပြီး အကြောင်းရင်းကို ဖြေရှင်းတာ၊ ဘယ်လို ကိုင်တွယ်သလဲ စတဲ့ မှန်ကန်တဲ့ လုပ်ဆောင်မှု ရှိမှသာလျှင် တန်ဖိုးကျဆင်းတာ ရပ်တန့်သွားမှာဖြစ်ပါတယ်။ 

သို့ပေမဲ့ အထက်ကအချက်တွေက စစ်အာဏာသိမ်း ကောင်စီလက်ဝယ်မှာ ဖြစ်နိုင်ချေ အလွန်နည်းပါးနေတာ ဖြစ်ပါတယ်။ နိုင်ငံကို အစိုးရအဖြစ် မောင်းနှင်နေတဲ့ စစ်ကောင်စီကို ယုံကြည်မှုကျဆင်းခြင်းတွေက စီးပွားရေးပြဿနာကြုံခြင်းရဲ့  အဓိကကျတဲ့ နိုင်ငံရေး အကြောင်းရင်းတရပ် ဖြစ်နေတာလည်း ဖြစ်ပါတယ်။ 

ဧပြီလ ဆန်းက ထုတ်ပြန်လိုက်တဲ့ နိုင်ငံခြားငွေတွေကို မြန်မာကျပ်ငွေနဲ့ လဲလှယ်ခိုင်းတဲ့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်က အခုလို အဖြစ်အပျက်တွေ ဖြစ်လာဖို့ စတင်လိုက်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ သို့မဟုတ် တခြားတွေးဆမှုတခု နဲ့တွေးရင် စစ်ကောင်စီ လက်ထဲမှာ နိုင်ငံခြားငွေ အခက်အခဲ အကြပ်အတည်းဆိုက်နေလို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ကို ထုတ်တယ်ဆိုခဲ့ရင်လည်း ပြဿနာကြောင့် ဒီဗဟိုဘဏ် အမိန့်ကို ထုတ်တယ်လို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။ 

အဲလိုမဟုတ်ပဲ သီရိလင်္ကာနိုင်ငံလို ကြမ္မာမျိုးကြုံရနိုင်ခြေရှိလို့ ကြိုတင် ကာကွယ်မှုအနေနဲ့ ထုတ်တယ်ဆိုရင်တော့ အမိန့်ထုတ်တာကြောင့် ပြဿနာကို ဖန်တီးလိုက်သလိုဖြစ်ပြီး ပြဿနာကြုံရနိုင်ခြေကို ပိုပြီးမြှင့်လိုက်သလို ဖြစ်သွားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပို့ကုန်နဲ့ သွင်းကုန် တွေအကြား ဒေါ်လာရောင်းဝယ်မှုကို အာဏာသိမ်း စစ်ကောင်စီအစိုးရက ဝင်ရောက်ထိန်းချုပ်မှုကြောင့် မှောင်ခိုစျေးကွက်ဖြစ်လာတာ၊ သွင်းကုန်သမားတွေသာမက ပို့ကုန်သမားတွေ အတွက်ပါအခက်အခဲတွေ ရှုပ်ထွေးမှုတွေ ကြန့်ကြာမှုတွေ ဖြစ်ပေါ်လာစေပြီး မြန်မာကျပ်ငွေ အပေါ် စိုးရိမ်မှုတွေပါ ထပ်မံပေါ်ပေါက်လာပြီး အကောင့်ထဲရောက်တဲ့ နိုင်ငံခြားငွေမဟုတ်ပဲ ပြင်ပစျေးကွက်မှာ နိုင်ငံခြားငွေကို အလုအယက် ဝယ်ယူလာကြတာတွေ ဖြစ်လာတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့မဟုတ် စစ်ကောင်စီရဲ့ နိုင်ငံခြားငွေလိုအပ်ချက် ပမာဏကြီးမားလာတာကို ဖြည့်ဖို့ စျေးကွက်ထဲက နိုင်ငံခြားငွေ နဲ့ ပို့ကုန်က ရတဲ့နိုင်ငံခြားငွေကို အခွင့်အရေးယူ ဝင်ရောက်ဝယ်ယူတာကြောင့်လည်း မထင်မှတ်တဲ့ စျေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်နိုင်ပါတယ်။ 

အကြောင်းရင်းက ဘာဆိုတာ သတင်းအချက်အလက်တွေကို သိနိုင်တဲ့ အခွင့်အရေးရှိသူတွေသာ အကဲဖြတ်နိုင်မှာ ဖြစ်ပြီး ပြင်ပက သူတွေအဖို့တော့ ဒီအကျိုးဆက်တွေကို ထိခိုက်နိုင်ခြေလျော့နည်းအောင် စီမံခန့်ခွဲတာတွေ ၊ အချို့ကတော့ စျေးကစားတာတွေပဲ တတ်နိုင်ကြမယ့်သဘောဖြစ်ပါတယ်။ 

ငွေစျေးပြောင်းလဲမှု လောင်စာဆီစျေးကြီးမြင့်မှုတွေ က သယ်ယူပို့ဆောင်ရေး၊ စီးပွားရေး လုပ်ငန်းဆောင်တာ ကုန်ထုတ်လုပ်မှုတွေကို ထိခိုက်ကာ အလုပ်အကိုင်အခွင့်အလမ်းတွေကိုလျော့နည်းစေပြီး လူနေမှုစရိတ်တွေ မြင့်တက်စေမှာ ဖြစ်ပါတယ်။ ဒီလို စီးပွားရေး အကျပ်အတည်းတွေ ကြုံတွေ့နေချိန်မှာ နယ်မြေဒေသတွေ မအေးချမ်းမှုကြောင့် စိုက်ပျိုးရေးတွေ မလုပ်ကိုင်နိုင်ကြတာ၊ သွင်းအားစု မြေဆီ၊ သယ်ပို့စရိတ်မြင့်တက်မှုတွေကြောင့် စိုက်ပျိုးရေး ထွက်ကုန်ကျဆင်းတာတွေက အဆိုးသံသရာကျော့သလို အပြန်အလှန်ထပ်မံ ထိခိုက်မှုတွေ ဖြစ်စေဦးမှာ ဖြစ်ပါတယ်။ 

အထက်က ပြောသလို စီးပွားရေးကျပ်တည်းမှုတွေကို နိုင်ငံရေး အခွင့်အလမ်းအဖြင့် အသုံးချပြီး စစ်အာဏာသိမ်းကောင်စီကို ပြုတ်ကျအောင် လုပ်ဆောင်နိုင်မလားဆိုတဲ့ မေးခွန်းလည်း ရှိနေတာဖြစ်ပေမယ့် ဒီလို အခွင့်အလမ်းက တရားဥပဒေစိုးမိုးမှုကိုပါ ပျက်စီးစေပြီး ပြဿနာပေါင်းဆုံကာ အကြပ်အတည်း ဝဲဂယက်ထဲ ပိုနက်ရှိုင်းစွာကျဆင်းပြီး ပြန်လည် ထူမတ်ဖို့ ခက်ခဲသွားနိုင်တဲ့ အလားအလာကိုလည်း ထည့်သွင်းစဥ်းစားစရာ ရှိနေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar