Breaking News

ခက်စိမ်း - နွေဦးနာရီလေးတလုံး

နွေဦးနာရီလေးတလုံး
ခက်စိမ်း
(မိုးမခ) ဩဂုတ် ၁၇၊ ၂၀၂၂

အကြိမ်ကြိမ်တူးဆွ၊ အကြိမ်ကြိမ် ခုတ်ထစ်ပိုင်းဖြတ်၊ အကြိမ်ကြိမ်ပွတ်တိုက်ပုံသွင်းပြီးမှ ရလာတဲ့ပုံဆောင်ခဲလေးတခုဟာ နွေဦးမှာ နာရီလေးတလုံးအဖြစ်နဲ့ အရောင်းဆိုင်ပေါ်ရောက်လာခဲ့ ။

နွေဦးနာရီလေးဆိုပါတော့..

နာရီလေးမှာ တဖြည်းဖြည်းချင်း ရှေ့တူရူကို ပုံမှန်သွားနေတဲ့ဘီးလေးတွေလည်းရှိ ။
လုပ်နေကျ အတိုင်း ဆန့်ကျင်ဘက်ကို ပြန်သွားနေတဲ့ ဘီးလေးတွေ လည်းရှိ။
ငါ့ကိုမထိရင် မငြိဘူးဆိုတဲ့ ယုတ် (yoke) လည်း ရှိ ။
သူများတွန်းမှ လည်မယ်ဆိုတဲ့ ဘာရယ် (barrel ) လည်းရှိ ။
ရှေ့တိုးမလို နောက်ဆုတ်မလို ရှေ့တိုးနောက်ဆုတ် လည်နေတဲ့
ဟဲယားစပလိမ်  (hair spring ) လည်းရှိ။
လိပ်တကောင်လို ဖြည်းဖြည်းချင်းရွေ့နေတဲ့ ဘီးလေးတွေလည်းရှိ ။
မြင်းတကောင်လို ခွာသံပေး ကဆုန်ပေါက် ပြေးလွှားနေတဲ့ ဘီးလည်းရှိရဲ့ ။

ဘယ်လို အကြောင်းတွေပဲရှိရှိ
နွေဦးနာရီလေးဟာ...
နေရဲ့ထွန်းလင်းချိန် လရဲ့မှောင်မိုက်ချိန်
ကမ္ဘာရဲ့လည်ပတ်မှု
လူပုဂ္ဂိုလ်တွေရဲ့ ပုံမှန်သွားလာနေထိုင်ခြင်း ဖောက်ပြန် ပြောင်းလဲခြင်း အကျိုးမဲ့ခြင်း အကျိုးပြုခြင်းတွေကို ပိုင်းဖြတ် ခြားနားပြတယ်၊
နေထိုင်စားသောက်မှု လှုပ်ရှားသွားလာမှု ကို စည်းကမ်းတကျဖြစ်ဖို့
ပိုင်းဖြတ်ကန့်သတ်ပြတယ် ။
လူ့ဂုဏ်သိက္ခာနေထိုင်မှုအဆင့်အတန်းအတွက် အဆင်တန်ဆာအနေနဲ့ တည်ဆောက်ပြတယ် ။

အဲ့ဒီဆိုင်ပိုင်ရှင်က ...
နာရီလေးကိုမပိုင်ပေ​မယ့် ထားရာနေဖို့ စီမံခန့်ခွဲခွင့်ရှိ။
လိုသလို အလှဆင်ပေးနိုင်သလို မလိုသလိုချောင်ထဲ ထိုးသိမ်းထားခွင့်ရှိ။
နာရီလေး ကောင်းကြောင်းကို ပြောဆိုခွင့်ရှိသလို ညံ့ကြောင်းကိုလဲဆုံးဖြတ်ပိုင်ခွင့်ရှိ ။
သစ်လွင်တောက်ပဖို့ ဖုန်မှုန့်တွေ သုတ်ပေးနိုင်သလို အပျင်းကြီးပြီး ဒီအတိုင်းထားခွင့်လဲ ရှိရဲ့ ။

နာရီလေးရဲ့တောက်ပမှုဟာ လမ်းသွားလမ်းလာတွေ ငေးကြည့်မိလောက်အောင် ထင်ပေါ်တဲ့အခါ
ဆိုင်ရှင်ဟာ ချောင်မထိုးထားပဲ လူမြင်သာဖို့ ထားလိုက်တော့တယ် ။

တချို့ဆို နာရီလေးကိုမြင်တာနဲ့ အငမ်းမရ၊
တချို့ကျ အချောင်လိုချင်စိတ်နဲ့ သွားရည်ယိုကြ၊
တချို့ကျ နာရီလေးထဲ လှပစွာ အစီအရီ ရှိနေတဲ့ ကျောက်ကလေးတွေ ရွှေရောင်လက်တံကလေးတွေကို တစစီ ဖြုတ် တပိုင်းစီ ပိုင်းဖြုတ်ယူချင်နေသူလည်းရှိ၊
အဆင်တန်ဆာတခု ကြွားလုံးအဖြစ်မဝယ်ပဲ ခေတ္တငှားရမ်းချင်သူလဲရှိ တန်ဖိုးထားလိုချင်ပြီး အလှသိမ်းထားချင်သူလဲရှိရဲ့ ။

ဒီလိုလူပေါင်းများစွာထဲမှာ
 တချို့...
"နာရီ လေးကလှလိုက်တာ" ပြောတဲ့ အခါ
ဆိုင်ရှင်က ပြုံးပြုံးကြီး ကြည့်ရင်း

"ဟုတ်ကဲ့ ကျွန်တော်လည်း အလှပျက်သွားမှာစိုးရိမ်နေတာဗျ "
 ပြောတယ် ။

တချို့
"နာရီလေးကို လိုချင်လိုက်တာ"ပြောသံကြားတဲ့အခါ
ဆိုင်ရှင်ကလည်း ပြုံးပြုံးကြီးကြည့်ရင်း
"ကျွန်တော်ပျောက်ရှသွားမှာ စိုးရိမ်နေတာဗျ" 
ပြောတယ် ။

တချို့လူတွေ
"နာရီလေးထဲ စီထည့်ထားတဲ့ ကျောက်ပွင့်လေးတွေက တောက်ပလိုက်တာ " ပြောတဲ့အခါ
ဆိုင်ရှင်ကပြုံးပြုံးကြီး 
"ကျွန်တော်က အဲ့ဒီကျောက်ကလေးတွေ တစစီ ပြုတ်ထွက်သွားမှာ စိုးရိမ်နေတာဗျ "ပြောတယ် ။

တချို့
"ဒီနာရီလေးက အချိန်မှန်လိုက်တာ  ကွက်တိပဲ" ပြောတဲ့အခါ ဆိုင်ရှင်က
"ကျွန်တော် အဲ့ဒီနာရီလေး ပျက်သွားမှာ စိုးရိမ်နေတာဗျ " လို့ပြန်ပြောတယ် ။

အချိန်ကာလတွေ ပြောင်းလာ
စကားလုံးတွေက ဒီအတိုင်းပဲ မပြောင်းမလဲ ။

နွေဦးနာရီလေးဟာ သွားနေကျပုံမှန်သွားနေဆဲ
ကုန်ဆုံးမှုတွေညွန်ပြနေဆဲ
တချက်ချက် တခွပ်ခွပ် မြင်းခွာသံတွေလို ခုတ်မောင်းနေရဆဲ ။

အမှန်တကယ်က...
နွေဦးနာရီလေးဟာ အရာရာစိုးရိမ်နေတတ်တဲ့ ဆိုင်ရှင်ကို နှလုံးရောဂါရသွားမှာ ပိုပြီးတော့ စိတ်ပူပေးနေရတာပေါ့ ။ ။

ခက်စိမ်း
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar