Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၁၅ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၁၅ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၆၊ ၂၀၂၂


နောက်ထပ် ထောင် ၆ နှစ် ချခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အတွက် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာ နိုင်ငံပိုင်မြေနေရာကို ငှားရမ်းတဲ့အပေါ် နဲ့ နေပြည်တော် လရောင်တော စိုက်ပျိုး မွေးမြူရေးပညာသင်တန်းကျောင်း ဖွင့်လှစ်ဖို့လုပ်ဆောင်ရာမှာ နိုင်ငံအနေနဲ့ နစ်နာမှုရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အာဏာသိမ်းပြီးနောက်မှာ အဂတိကော်မရှင်ကို စုံစမ်းစစ်ဆေးစေပြီး တရားစွဲစေခဲ့တဲ့ အမှု ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။ အခုလို စွဲဆိုတဲ့အမှုတွေဟာ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းထားချင်တာကို အကြောင်းပြဖို့ အကြောင်းရှာ အမှုဆင်ပြီး ရုံးတင်တာ၊ အဂတိ လိုက်စားတယ်ဆိုတဲ့ နိုင်ငံရေးသိက္ခာချဖို့ ရည်ရွယ်တာ သက်သက်ဖြစ်တယ်လို့ အများက ယူဆလက်ခံထားကြပေမယ့် စစ်ကောင်စီကတော့ အမှုပေါင်း ၁ ဒါဇင်ကျော် အထိ ဆင်ပြီး စွဲဆိုပြစ်ဒဏ်ချခဲ့ နောက်ထပ်လည်း ချမှတ်ဖို့ လုပ်နေဆဲဖြစ်ပါတယ်။ 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဟာ အကျိုးအမြတ်အတွက် လုပ်တဲ့အဖွဲ့အစည်းမဟုတ်သလို ပုဂ္ဂလိကအကျိုးစီးပွားအတွက် လုပ်ဆောင်တာလည်း မဟုတ်ပေမယ့် စစ်ကောင်စီက အခုလို တရားဥပဒေအရ အမှုရင်ဆိုင်ဆဲသူ၊  ပြစ်ဒဏ်ချမှတ်ခံထားရသူ ဆိုတဲ့ ပုံရိပ်ကို ပြသချင်တာကြောင့် လုပ်ဆောင်တာလို့ အများက နားလည်ထားကြပါတယ်။ အာဆီယံကိုယ်စားလှယ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းဆိုတဲ့အခါမှာ အထက်က အကြောင်းပြချက်ကို စစ်ကောင်စီက ပြောဆိုအကြောင်းပြ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ 

အမှန်တကယ်တော့ ဒီလို အမှုတမှုပြီးတမှု ဆင်ကာ တရားရုံးတင်နေတာတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အတည်ယူပြီး ခုခံလျှောက်လှဲဖို့တောင် မလိုအပ်ဘူးလို့ ဆိုရမှာပါ။ စစ်ကောင်စီက ဆင်ထားတဲ့အမှုတွေမို့ ဥပဒေကြောင်းအရ အချက်အလက်အရ လျှောက်လှဲပေမယ့်လည်း ဘာမှ အကျိုးထူးမှာမဟုတ်လို့ တရားစီရင်မှုကို အခြားသောအခွင့်အလမ်းအဖြစ်သာ အသုံးချပြီး အမှုတွေမှာ ဘယ်လောက်ပြစ်ဒဏ်ချချ အရေးထားစရာမလိုတဲ့ သဘောမျိုးနဲ့ ရင်ဆိုင်သင့်တဲ့ အခြေအနေမျိုးလို့ ယူဆပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ထပ်မံချမှတ်တဲ့ အကြောင်းအရာအပြင် အခြားသော စိတ်ဝင်စားစရာသတင်းကတော့ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပြတ်လပ်မှုနဲ့ စျေးနှုန်းမြင့်တက်မှု အကြောင်းဖြစ်ပါတယ်။ သွင်းကုန်ဒေါ်လာ ဝယ်ယူဖို့အခက်အခဲပေါ် အကြောင်းပြုပြီး ပုဂ္ဂလိက လောင်စာဆီအရောင်းဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်နေတာ ရက်အတန်ကြာရှိပြီဖြစ်ပါတယ်။ သြဂုတ်လဆန်း ဗဟိုဘဏ်ရဲ့ ဒေါ်လာလဲနှုန်း ပြင်ဆင်သတ်မှတ်ပြီးနောက်ရက်အနည်းငယ်မှာ စက်သုံးဆီစျေး တလီတာ ကျပ် ၂၀၀၀ အောက်မှာ သီတင်းပတ်အနည်းငယ်ရှိနေရာက ရုတ်တရက် မြင့်တက်ခဲ့သလို စက်သုံးဆီလည်း လိုသလောက် ဝယ်လို့မရနိုင်တာတွေ ဖြစ်ပွားနေတာပါ။ စက်သုံးဆီတင်သွင်းရာ ဆိပ်ကမ်းမြို့ ရန်ကုန်မြို့မှာပင်လျင် ပုဂ္ဂလိက စက်သုံးဆီဆိုင်တွေမှာ ဒီဇယ်တမျိုးပဲ ရှိတာ၊ဓာတ်ဆီ ၉၂ တမျိုးပဲရှိတာ သို့မဟုတ် ဓါတ်ဆီရော ဒီဇယ်ပါ ကုန်နေတာမျိုးတွေ ဖြစ်ပေါ်နေပြီး ရောင်းချပေးတဲ့ဆိုင်မှာ ကားတန်းရှည် တန်းစီတဲ့မြင်ကွင်းတွေ တွေ့နေရပါတယ်။ 

ရန်ကုန်မြို့မှာ ကားအသွားအလာ မရှိသလောက်ဖြစ်တယ်ဆိုတဲ့ သတင်းတွေ ဖော်ပြနေကြပေမယ့်လည်း အပြင်မှာတော့ ကျောင်း၊ ကုမ္ပဏီ၊ ပစ္စည်းပို့ဆောင်တာ ဈေးကား စတာတွေအပြင် အိမ်စီးကားတွေလည်း ပုံမှန်နီးနီး သွားလာနေကြတာ တွေ့ရပါတယ်။ စက်သုံးဆီ ဝယ်ဖို့အတွက် အချိန်ပိုပေးရတာ ငွေပိုပေးရတဲ့ အခြေအနေမျိုးတော့ ရင်ဆိုင်နေကြရပြီး သယ်ပို့စရိတ် မြင့်တက်လာလို့ ကုန်ပစ္စည်းတွေ ဝန်ဆောင်မှုစရိတ်တွေ ထပ်မံမြင့်တက်လာတဲ့ ဒဏ်ကို ခံစားကြရဦးမှာ ဖြစ်ပါတယ်။ 

ဒေါ်လာစျေး ရွှေစျေးတွေ နေ့အလိုက် မကြုံဖူးတဲ့ စျေးနှုန်းတွေအထိ မြင့်တက်လိုက် အနည်းငယ်ပြန်ကျလိုက် ဖြစ်နေပြီး အဲဒီဂယက်တွေက အခြားသော စီးပွားရေး လုပ်ငန်းဆောင်တာတွေကိုပါ ရိုက်ခတ်နေတာလည်း တွေ့ရပါတယ်။ ငွေပိုငွေလျှံရှိသူတွေက မြန်မာကျပ်ငွေကို လက်ဝယ်မှာ မထားလိုတော့ဘဲ ပိုင်ဆိုင်မှုပစ္စည်းတွေ ဖြစ်တဲ့ ရွှေ၊ ဒေါ်လာ နဲ့ မြေ၊ တိုက်ခန်းတို့ကို ဝယ်ယူမှုတွေ များပြားလာပြီး စျေးကွက်မှာ ဂယက်ရိုက်ခတ်နေတာလည်း ဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာ အလုပ်အကိုင်ရှားပါးမှု စစ်ဖြစ်နေတဲ့ ကျေးရွာတွေ၊ ဒေသတွေက စိုက်ပျိုးရေး လုပ်ကိုင်သူတွေ မိမိတို့ အလုပ်ကို ကောင်းကောင်းမလုပ်ကိုင်နိုင်တော့ပဲ ထွက်ပြေးတိမ်းရှောင်နေရတာတွေ အသက်ဆုံးရှုံးနိုင်တဲ့ ဘေးကနေ လွတ်ဖို့ အခြားဒေသ၊ မြို့ ရွာကို တိမ်းရှောင်ကြရတာ အလုပ်လုပ်နိုင်တဲ့ အရွယ် လူငယ်တွေ နိုင်ငံခြားမှာ ရွှေ့ပြောင်းလုပ်သားအဖြစ်နဲ့ လုပ်ကိုင်ဖို့ တရားဝင်ရော တရားမဝင်ပါ ထွက်နေကြရတာက ဒီနေ့ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကားချပ်သဖွယ် ဖြစ်နေပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar