ကိုလူမိုဃ်း - ပရက်ဆိုခုန်း အိပ်မက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရွေ့
(မိုးမခ) သြဂတ်စ် ၃၊ ၂၀၂၂
လက်ရှိအခြေအနေမှာ မအလတို့ရဲ့ ဖက်ဆစ်အယုတ်တမာတွေ ရှုံးခြေများနေပြီဆိုတာကို အားလုံးက တွက်ဆထားကြပြီလို့ ယူဆရပါတယ်။ အထူးသဖြင့် မအလတို့ကိုယ်၌က လက်ခံထားပြီဆိုတာ သိသာလာတယ်။ ဘာကြောင့်လဲဆိုရရင် ကိုဂျင်မီ၊ ကိုဇေယျာသော်တို့လို နိုင်ငံရေးမှာ ထင်ရှားသူတွေကို သူတို့အတွက် အကျိုးထက် အဆိုးပဲဖြစ်စေမယ့် အပြုအမူကို ကျင့်သုံးခဲ့တာဟာ ထင်ရှားတဲ့ သက်သေပြယုဂ် ဖြစ်ပါတယ်။ မအလဖက်ဆစ်အယုတ်အကန်းတွေဟာ တိုင်းပြည်ကို မြောက်ကိုရီးယားပုံစံထိ အဆုံးဆွဲချသွားတော့မယ် ဆိုတာကို ပိုင်းပိုင်းဖြတ်လိုက်တာပါပဲ။ ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတာ သူတို့ တွက်ဆထားပြီးသားပါ။ ဒါကြောင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ပို ရက်စက်၊ ပိုကြမ်းတမ်းတဲ့ ခြိမ်းခြောက်မှုတွေကို ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ တိုးဆင့်လာဖို့ ရည်ရွယ်ထားပြီးလည်း ဖြစ်ပုံရပါတယ်။
အထူးသဖြင့် လူနေထူထပ်တဲ့ ရန်ကုန်မြို့ပေါ်လို နေရာမျိုးမှာ ပိုလုပ်ပြလိမ့်မယ်လို့ ယူဆရပါတယ်။ (၃၁.၇.၂၀၂၂) ရက်နေ့က အခြေအနေတချို့ကို ပြောပြပါမယ်။ လူစည်ကားရာ လမ်းဆုံလမ်းခွများ၊ ရှောပင်းမောများ၊ ဆန္ဒပြမှု ပြုလုပ်လေ့ရှိတဲ့နေရာများ စတဲ့နေရာတွေမှာ စစ်ခွေးတွေ တင်းကြမ်း ချထားတာတွေ့ရပါတယ်။ ထိုနေ့က မြို့တွင်းအဝင် ဘတ်စ်ကားတွေပါမချန် ခရီးသည်တွေကို အောက်ဆင်းခိုင်းပြီး ဖုန်း၊ ပိုက်ဆံအိတ်၊ လက်ကိုင်အိတ် စတာတွေကို ဖွင့်ခိုင်းကာ စစ်ဆေးမှုတွေပြုလုပ်တာကို ကိုယ်တွေ့ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ ဆန္ဒပြမှု ဖြစ်နိုင်ခြေရှိတဲ့နေရာတွေမှာ ကြိုတင် ကင်းချပြီး စောင့်ဆိုင်းနေကြတာတွေ တွေ့ရပါတယ်။ ဒါက ဘာကို ပြနေသလဲဆိုရင် ပြည်သူလူထုရဲ့ နိစ္စဓူဝ ရှင်သန်နေရမှုမှာ ထိတ်လန့်ကြောက်ရွံ့စိတ်တွေနဲ့ ဖြစ်နေစေအောင် ဖက်ဆစ်အယုတ်အကန်းတွေရဲ့ ကြံဆောင်မှုလုပ်ငန်းစဥ်တွေပဲ ဖြစ်ပါတယ်။
မအလရဲ့ အပြုအမူဟာ နိုင်ငံတကာကိုလည်း သောက်ဂရုမစိုက်ကြောင်း ပုဆိုးလှန်ပြနေတဲ့ သဘောပါပဲ။ အာဆီယံကိုယ်စားလှယ်လိုမျိုးကို ခေါင်းထဲထည့်ထားပုံတောင် မရပါဘူး။ တရုတ်က လက်ခံတွေ့လိုက်ဆိုလို့သာ တွေ့လိုက်တဲ့ သဘောလောက်ပဲ ရှိပါတယ်။ ဒါကြောင့်လည်း အာဆီယံ ၉ နိုင်ငံရှေ့ မှာ မအလရဲ့ အရှက်မပါတဲ့ မျက်နှာနဲ့ ကတိကဝတ်ခံခဲ့တဲ့ ဘုံသဘောတူထားတာကြီးက တစ်နှစ်ခွဲကျော်တဲ့အချိန်ထိ ဘာအကောင်အထည်မှ ဖြစ်မလာတာပါပဲ။ ဒီနေရာမှာ အာဆီနိုင်ငံများဘက်က အရေးတကြီး အထူးဂရုပြုဖို့အချက် ရှိပါတယ်။ အဲဒါဟာ ပြည်သူလူထုဘက်က အဆုံးအရှုံး အရင်းအနှီးတွေ များလွန်းခဲ့ပြီမို့ တော်လှန်ရေးရေချိန် ပျိုးခါစလောက်က ရည်ရွယ်ထားတဲ့ အာဆီယံ ဘုံသဘောတူ ညီချက်ဟာ အသုံးမတည့်နိုင်တော့ဘူးဆိုတာပါပဲ။ တိုးရမယ့် တင်းရမယ့်သဘော ပါဖို့ လိုပါမယ်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံများကလည်း အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ကြဆိုတဲ့ သံယောင်လိုက်တဲ့ လေသံလောက်နဲ့ အလုပ်မဖြစ်တော့ပါဘူး။ တော်လှန်ရေးသမား နိုင်ငံရေးသမားတွေကို ကြက်ကလေး ငှက်ကလေးများလို လွယ်လင့်တကူ သတ်ဖြတ်ပြနေတဲ့ မအလဖက်ဆစ်အုပ်စုရဲ့ အပြုအမူဟာ လူသားချင်းစာနာမှုကို အလေးပေးနေတဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းကိုတောင် ခြိမ်းခြောက်ပြနေပြီဆိုတာပါပဲ။ ပြောရရင် လက်နက်ကိုင်ထားရင် ကမ္ဘာကိုတောင် ခြိမ်းခြောက်နိုင်တယ်ဆိုတဲ့ ရုရှားတို့ မြောက်ကိုရီးယားတို့ရဲ့ မူနောက် လိုက်နေပြီလို့ တိတိကျကျ ပြောရပါမယ်။ မအလမှာ နျူးကလိယ မပိုင်နိုင်သေးတာက တစ်ကဏ္ဍပေါ့။
မြန်မာ့အရေးလှုပ်ခတ်မှုကြောင့် နိုင်ငံတကာက ပြန်အာရုံစိုက်ချိန်ကို အမိအရယူကာ တစ်ဆင့် တက် ရွေ့လျားနိုင်အောင် ကြိုးစားကြရမှာက နွေဦးတော်လှန်ရေးကို ဦးဆောင်နေတဲ့ နိုင်ငံရေးသမားများ ရဲ့ အထူး Mission ပဲ ဆိုတာကိုလည်း သတိချပ်ကြရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားက ဗီတိုအာဏာ မသုံးတော့တာကို အမိအရလှမ်းကိုင်ပြီး ခပ်သွက်သွက်လှုပ်ရှားကြဖို့ ဖြစ် ပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီပြောသွားတဲ့ တည့်တိုးဆန်တဲ့ အပြောမျိုးတွေဟာ သိပ်ကို အရေးပါပါတယ်။ လက်နက်အထောက်အပံ့၊ R2P ဘာညာ ဖြစ်တာမဖြစ်တာ အသာထား၊ ကမ္ဘာကို ခပ်တင်းတင်းပြောဖို့ လိုလာပါပြီ။ ဒီအချိန်ဟာ ချိုသာစွာ ဆွဲဆောင်ရမယ့် သံခင်းတမန်ခင်း အချိန်မဟုတ်တော့ပါဘူးလို့ ယူဆပါတယ်။ နိုင်ငံစုံနားကို တည့်တည့်ပေါက်မယ့် စကားမျိုးတွေ ရွေးသုံးလေ ပိုကောင်းလေပါပဲ။ NUG ဟာ ကမ္ဘာ့နိုင်ငံအများစု ကို ကိုယ့်ဘက်ပါအောင် ဆွဲခေါ်ပြရမယ့် အချိန်အခါကောင်း ဖြစ်နေပါပြီ။
အရေးကြီးတာတစ်ခု ပြောချင်ပါသေးတယ်။ အာဆီယံရဲ့အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခုန်းက ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ဦးတည်သည့် နိုင်ငံရေး လုပ်ငန်းစဥ်နှင့် တွေ့ဆုံဆွေးနွေးရးကို ဖန်တီးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာကို သုံးဖို့ အိပ်မက်မက်နေတဲ့သတင်းကို ဖတ်လိုက်ရတယ်။ အဟိံသ အကြမ်းမဖက်နိုင်ငံရေးနည်းလမ်းကို တစိုက်မတ်မတ် ကိုင်ဆွဲသူ ဒေါ်အောင်ဆန်းစုကြည်က ရရာလက်နက်ကိုင်ပြီး ခုခံတွန်းလှန်နေကြတဲ့ PDF တော်လှန်ရေးသမားများကို နားချဖျောင်းဖျနိုင်လိမ့်မယ်ဆိုတဲ့ သဘောမျိုးကို ပြောနေတယ်။ အကယ်၍ တွေ့ခွင့်ရခဲ့သည်ရှိသော် တိုင်းသူပြည်သားတွေကို ရန်သတ္တရုပြု၊ အိုးအိမ်စည်းစိမ်တွေကို လုယက်ဖျက်ဆီးအကြမ်းဖက်မှုများစွာ ကျူးလွန်နေကြတာ ဘယ်သူ ဘယ်အဖွဲ့အစည်းတွေလဲ၊ တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်း အစဥ်ကြံစည်နေတာ ဘယ်သူတွေလဲ ဆိုတဲ့ မေးခွန်းမျိုးတွေနဲ့ စာကြေအောင် မကျက်လာသူ ပရက်ဆိုခုန်းတစ်ယောက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လှန်မေးခွန်းထုတ်မှာကိုပဲ မြင်ယောင်မိပါတယ်။
တစ်ဆက်တည်းမှာ ပြောလိုတာ ရှိပါသေးတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ရာမှာ နောက်ဆုံးလမ်းဆုံးနေရာဟာ နိုင်ငံရေးစားပွဲဝိုင်းဆိုတာကို နိုင်ငံရေးသမားရင့်မကြီး မဟုတ်တောင် နိုင်ငံရေးအသိ သာမန်မျှရှိသူ၊ နည်းနည်းပါးပါး လေ့လာသူများပင် သိမိရိပ်မိပါတယ်။ ဘယ် သကောင့်သားကမှ ဝင်ဝင်ပြီး နိုင်ငံရေးထွက်ပေါက်ဟာ တွေ့ဆုံရေးစားပွဲဝိုင်းပါ ဘာညာနဲ့ ဆရာကြီး အထာ ဝင်မလုပ်သင့်ပါဘူး။ တကယ်လုပ်ရမယ့်အလုပ်က လက်နက်အားကိုးသူတစ်စုရဲ့ အာဏာရူးမှုကြောင့် တိုင်းပြည်ပျက်စီးခြင်းဆိုက်နေတာကို မြင်အောင်ကြည့်ပြီး နစ်နာသူဘက်ကလိုက်ပြီး နစ်နာအောင်ပြုကြသူတွေကို ဘယ်လို အရေးယူမှုပြုနိုင်အောင် ကြိုးစားမလဲ ဆိုတာမျိုးပဲ တွေးဆသင့်ပါတယ်။ "ဟျောင့် မင်းလုပ်တာတွေက များနေပြီ၊ တော်တော့" ဆိုတာမျိုး အရပ်စကားနဲ့ ပြောသင့်တယ်ထင်ရင်တောင် ပြောရတော့မယ့်အချိန် ဖြစ်နေပြီ။ သံတမန်သဘောအရ ဘက်လိုက်ခွင့်တော့ဖြင့် ဘယ်ရှိပါ့မလဲ။ သို့ပေမဲ့ သံတမန်အပြုံးနဲ့ ချိုသာနွဲ့နှောင်းနေလို့ မရတော့ပါဘူး၊ အအုပ်ချုပ်ခံပြည်သူတွေရဲ့ နစ်နာဆုံးရှုံးနေတာကိုတော့ဖြင့် စာနာမှုသဘောနဲ့ ၀ေဖန်ထောက်ပြပြောစေချင်တယ်လို့ ဆိုချင်တာပါ။ စကစကိုယ်စားလှယ်တက်ခွင့်မရတဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးမှာ မြန်မာကို ပြင်းပြင်းထန်ထန် အရေး ယူနိုင်ဖို့ တိုက်တွန်းမယ်လို့ပြောတဲ့ မလေးရှားနိုင်ငံခြားရေး၀န်ကြီးရဲ့ အပြောမျိုးတွေမျိုး အင်မတန်လိုအပ်နေပါတယ်။
ပြည်သူလူထုအပေါ် သြဇာလွှမ်းဆဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကလည်း ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးရယ်၊ ငါ့ဂျန်ဇီလေးတွေရယ် ဖက်ဒရယ်ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ကြရအောင်လို့ ပြောနိုင်၊ ပြောရမယ့် အနေအထား ရှိမနေတော့ပါဘူး။ တချို့ကိစ္စတွေ - ဥပမာဆိုရရင် PDF တွေ ဖွဲ့ကြရတဲ့အကြောင်းရင်း၊ ဘယ်လိုဖွဲ့ကြလဲ၊ ဖက်ဒရယ်ပြည်ထောင်စု သဘောထားမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေဘက်က ဘယ်လိုလဲ စတာမျိုးတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် ပြန်ပြီး ကျကျနနလေ့လာရအုံးမယ်လို့ ယူဆပါတယ်။
ပရက်ဆိုခွန်းမျှော်လင့် အိပ်မက်မက်နေသလို မအလရဲ့ ပိုနေမြဲ ကျားနေမြဲ အယူအဆနောက်ကို လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာကို အလွဲအသုံးချသွားတာမျိုး ဖြစ်မှာကြောင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ဖွယ်ရာလို့ မမြင်နိုင်ပါဘူး။ သို့သော် မအလတို့ဆီက ခွင့်ပြုချက်ရလို့ တွေ့ခွင့်ရ စေအုံးတော့ ပရက်ဆိုခုန်းမျှော်လင့်သလို ဒေါ်အောင်ဆန်းစုကြည်က အိမ်ဖြည့်အဖြစ် ပါ၀င်ကပြဖို့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။
အဆုံးသတ်အနေနဲ့ ပြောချင်တာက ကျန်းမာရေးကောင်းနေသရွေ့ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် အရေးပါနေအုံးမယ် ဆိုတာရယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြောလေ့ရှိတဲ့ "ပြည်သူဖြစ်စေချင်တဲ့ဆန္ဒကို ဦးစားပေးရမယ်" ဆိုတဲ့ စကားရယ်ကို သတိရကြဖို့ပါ။ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ကြိုးစားကြသူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးကြီးသူတစ်ယောက် အဖြစ် ဆက်ပါနေအုံးမှာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့အချိန်တွေတုန်းကလို စစ်တပ်နဲ့ တစ်ဖက်သတ် ရင်ကြားစေ့ဖို့ လူစကား နားမလည်သူတွေကို လူလိုသွားပြောမိလေခြင်းဆိုတဲ့ နောင်တဖြစ်စေမယ့် အသွင်သန္တာန်မျိုးနဲ့ မဟုတ်နိုင်ဘူးလို့ ထင်မြင်ယူဆမိပါကြောင်း။
ကိုလူမိုဃ်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar