Breaking News

အောင်သူငြိမ်း - ဗီယက်နမ်စစ်ပွဲ (၇)

အောင်သူငြိမ်း - ဗီယက်နမ်စစ်ပွဲ (၇)
(မိုးမခ) သြဂတ်စ် ၃၊ ၂၀၂၂

ဗီယက်နမ်စစ်ပွဲဟာ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးနေဝင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း “တော်လှန်ရေးကောင်စီ” အစိုးရခေတ်၊ နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စတင်ထူထောင်တဲ့အချိန်တွေနဲ့ တိုက်ဆိုင်နေပါတယ်။ ဗီယက်နမ်စစ်ပွဲအပေါ် အဲဒီအချိန်က အာဏာသိမ်းအစိုးရနဲ့ မြန်မာစစ်ခေါင်းဆောင်က ဘယ်လိုသဘောထားခဲ့ပါသလဲ။ 

၁၉၆၂ ခုနှစ်မှာ တိုင်းပြည်ချောက်ထဲကျတော့မယ်ဆိုတဲ့ ဆင်ခြေနဲ့ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရက စစ်အာဏာသိမ်းလိုက်ပါတယ်။ စစ်အာဏာသိမ်းတာဟာ အဲဒီအချိန်က သိပ်ထူးဆန်းတဲ့အနေအထားတော့ မဟုတ်ပါဘူး။ လွတ်လပ်ရေးရပြီးခါစ နိုင်ငံအများစုမှာ တက်သစ်စ နိုင်ငံရေးပါတီတွေ၊ အင်အားစုတွေက အာဏာလေဟာနယ်ကို ဘယ်သူဖြည့်မလဲဆိုပြီး၊ နိုင်ငံ အတော်များများမှာ အားစမ်းနေခဲ့ကြပါတယ်။ လွတ်လပ်ရေးရပြီးစ တပ်မတော်တွေကလည်း တိုင်းပြည်ကို သူတို့ လွတ်မြောက်အောင် တိုက်ခိုက်ခဲ့တာဆိုပြီး၊ “ထိန်းသိမ်းစောင့်ရှောက်သူ” “ကျေးဇူးရှင်” အနေအထားကို ယူနေတတ် ကြပါတယ်။ စစ်တပ်ကနေပြီး တိုင်းပြည်ကို ဦးဆောင်လို့ရတယ်လို့ ထင်ခဲ့တာ မြန်မာတနိုင်ငံတည်းတော့ မဟုတ်ပါဘူး။ အဲဒီအချိန် တောင်ကိုရီးယားမှာ ဗိုလ်ချုပ် ပက်ချုံဟီးက အာဏာစပြီး ယူခါစ၊ နောက် ၂၆ နှစ်ကြာ အာဏာကို ဆက်ထိန်း ခဲ့ပါတယ်။ (သူတို့စီးပွားရေးကို ကိုင်တွယ်ခဲ့ပုံကတော့ မြန်မာနဲ့ တဘာသာစီပါ)။ ပါကစ္စတန်မှာတော့ ဖီးမာရှယ် အာယွတ်ခန်က ၁၉၅၈ ခုနှစ်မှာ ပြုပြင်ပြောင်းလဲရေး ကြွေးကြော်သံများနဲ့ အာဏာသိမ်းပြီး၊ ရာဝါပင်ဒီ မှာ မြို့တော်သစ် ဆောက်ဖို့ ကြံစည်နေပါတယ်။ နောက်ပိုင်း ၁၉၆၅ မှာ သမ္မတရွေးကောက်ပွဲဝင်ပြိုင်ပြီး၊ အငြင်းပွားစရာ သက်တန်းတခုလည်း ထပ်တိုးခဲ့ပါသေးတယ်။  ထိုင်းနိုင်ငံမှာတော့ ဖီးမာရှယ် ဆာရစ် ထနာရတ် (Sarit Thanarat) က အာဏာသိမ်းပြီး၊ ရေရှည်အာဏာထိန်းချုပ် စစ်အာဏာရှင် လုပ်နေပါတယ်။ (၁၉၅၇ မှာ အာဏာသိမ်းပြီး ၁၉၆၃ မှာ ကွယ်လွန်တယ်)။ ဆရစ်ရဲ့အာဏာ အဆုံးသတ်ဖို့ လမ်းစ မမြင်သေးပါဘူး။ ဆာရစ်က အသည်းပြဿနာနဲ့ ၁၉၆၃ ခုနှစ်မှာ ရုတ်တရက် ကွယ်လွန်ပြီး သူ့လက်ထောက်ဗိုလ်ချုပ် ထနွန် ကစ်တီကာချွန်က ဆက်ခံတယ်။ အဲဒီ အချိန်မှာ မြန်မာက ဒေသတွင်းမှာ ဒီမိုကရေစီ၊ သူများက လေးစားမနာလို ဖြစ်နေရတဲ့ အခြေအနေလို့ ကိုသန့်မြင့်ဦးက သူ့ရဲ့ The River of Lost Footsteps စာအုပ်မှာ ရေးခဲ့ပါတယ်။ အဲဒီအချိန်မှာမှ ဗိုလ်ချုပ်ကြီးနေဝင်းက စစ်အာဏာသိမ်းလိုက်ပြီး ဒီမိုကရေစီကို နိဂုံးချုပ်စေခဲ့တာပါ။ 

ကိုသန့်မြင့်ဦးရေးတဲ့ “ခြေရာပျောက်မြစ်” The Rivers of Lost Footsteps အခန်း ၁၂- ကျားမြီးဆွဲမိခြင်း (The tiger’s tail) မှာ အဲဒီအချိန် မြန်မာနိုင်ငံအခြေအနေ ဖော်ပြထားတာ ဖတ်ရပါတယ်။ “စစ်သားတွေ အာဏာသိမ်းပြီးတော့ သူတို့က အကုန်သိအကုန်တတ် စီမံ ကြတယ်။ အိန္ဒိယနွယ်ဖွားတွေကို မောင်းထုတ်တယ်။ စီးပွားရေးစနစ်ကို ပြည်သူပိုင်သိမ်းတယ်။ နိုင်ငံကို ကမ္ဘာနဲ့ တသီးတခြား တခါး ပိတ်လိုက်ကြတယ်” ဆိုပြီး ဖော်ပြထားပါတယ်။ အဲဒီမှာ သူရေးတာက စစ်အစိုးရက ပထမမှာ တက်ခနို ကရက် (တတ်သိပညာရှင်) တွေ ဖက်လှည့်တယ်။ အစိုးရအရာရှိတွေ၊ အဆင့်မြင့် ပညာရှင်တွေနဲ့ အချို့ကို မယုံဘူး။ ပ ထုတ်တယ်။ သေချာလေ့ကျင့်ထားတဲ့ ပညာတတ်တွေ၊ အရာရှိတွေ ကုန်တာပဲ။ နောက်တော့ နိုင်ငံခြား အကူအညီပေးရေး အေဂျင်စီတွေ၊ အကြံပေးတွေဖက် လှည့်လာတယ်။ မောင်းထုတ်ပြန်တယ်။ နောက်တော့ ဖူးလ်ဘရိုက် ပညာသင်အစီအစဉ်နဲ့ နိုင်ငံခြား ပညာတော်သင်အစီအစဉ်တွေကို ရပ်လိုက်တယ်။ အဲဒီ အချိန်က ဝါရှင်တန်ဒီစီ၊ အီတလီက ဘိုလွန်းဂါး၊ မြန်မာက ရန်ကုန်၊ တရုတ်နိုင်ငံက နန်ကင်းမှာ ကျောင်းခွဲတွေရှိနေတဲ့ ဂျွန်ဟော့ကင်း တက္ကသိုလ်၊ School of Advanced International Studies ကိုလည်း အထုပ်သိမ်း ထွက်သွားစေတယ်။ ပုဂ္ဂလိကကျောင်းတွေကို ပြည်သူပိုင် သိမ်းတယ်။ ၁၉၆၃ ခုနှစ်မှာ ဘွိုင်းစကောက် (ကျား- ကင်းထောက်) အသင်းနဲ့ မော်တော်ကားအသင်း (Automobile association) တွေကို ပြည်သူပိုင် သိမ်းတယ်။ နောက်ပိုင်း ပုဂ္ဂလိက လုပ်ငန်းတွေကို ကြီးကြီးသေးသေး ပြည်သူပိုင် သိမ်းပိုက်တယ်။ ဒါကြောင့် အကျိုးဆက်အဖြစ် စီးပွားရေးကျဆင်းမှုတွေ ကြုံလာရတယ်။  

ရန်ကုန်က နိုက်ကလပ်တွေကိုလည်း အသံတိတ်စေတယ်။ အဲဒီအချိန်က မင်္ဂလာဒုံလေယာဉ်ကွင်းမှာ ဆင်းနေကြတဲ့ (စင်္ကာပူ ကို မရောက်ခင်မှာ ရန်ကုန်မှာတထောက်နားကြရတာ) ကမ္ဘာ့လေကြောင်းလိုင်းတွေ ဖြစ်တဲ့ Pan Am, BOAC, Northwest, Air France, KLM ဂျက်လေယာဉ်တွေလည်း မလာကြတော့ဘူး။ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ နောက်ပိုင်း တော့ ဦးနေဝင်းက “စီးပွားရေးနဲ့ ပတ်သက်လို့ သူဘာမှ နားမလည်ဘူးလို့ ကျနော့်ကို ဝန်ခံတယ်။ စီးပွားရေးပညာရှင်တွေက တယောက်တမျိုး လာအကြံပေးနေကြတယ်။ ဘာကို ယူရမှန်းသူမသိဘူး” လို့ အမေရိကန်သံအမတ်ကြီး ဟင်နရီ ဘိုင်ရုဒ် (Henry Byroade) နဲ့ တွေ့စဉ် ပြောပါတယ်။ “ကျနော် ကျားမြီးဆွဲမိသလို ဖြစ်နေပြီ”လို့ သူပြောခဲ့တာကိုလည်း ဖတ်ရပါတယ်။ 

အဲသည်လို “ကျနော်ကျားမြီးဆွဲမိသလို ဖြစ်နေပြီ”လို့ ဆိုတဲ့ အပြောကို ကွယ်လွန်လေပြီဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ရွှေကျင် ပြန်ပြောပြတာကိုလည်း ကျနော်ကိုယ်တိုင် ကြားရဖူးပါတယ်။ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်စဉ် ဦးနေဝင်းနဲ့ တွေ့စဉ်မှာ သူတို့ကို ဦးနေဝင်းက ပြောပြခဲ့တာပါ။ အဲဒါကို ဥက္ကဋ္ဌ နိုင်ရွှေကျင်က ယုံမိကြောင်းလည်း ကျနော်တို့ကို တောထဲမှာရှိစဉ် ပြောပြခဲ့တယ်။ နောက်ထပ် ဦးနေဝင်းအတွက်အပူထပ်ဆင့်စေတာကတော့ ၁၉၆၀ ခုနှစ်နှောင်းပိုင်း၊ အတိအကျ ဆိုရရင်တော့ တရုတ်-ဗမာ အဓိကရုဏ်း (၁၉၆၇) ဖြစ်ပွားပြီးနောက် တရုတ်ပြည်ကနေ ဗမာပြည် ကွန်မြူနစ် ပါတီကို ပြောင်ပြောင်တင်းတင်း ထောက်ပံ့မှုတွေ စတင်နေခဲ့ပါပြီ။ ကချင် လွတ်မြောက် ရေးတပ်မတော် (KIA) ကလည်း သူပုန်ထပြီး မြောက်ပိုင်းဒေသ တောင်တန်းတွေကို ထိန်းချုပ်လာနေတယ်။ 

၁၉၆၅ ခုနှစ်မှာတော့ ဗီယက်နမ်စစ်ပွဲက အရှိန်ရလာနေပြီ။ အဲဒီအချိန်မှာ မြန်မာနိုင်ငံမှာတော့ လုပ်ငန်းကြီးကြီး သေးသေး တွေကို ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်း စီးပွားရေးကတော့ ဗွက်ပေါက်နေပြီ။ ဦးနေဝင်းက နိုင်ငံရေးပါတီတွေအားလုံးကို ဖျက်သိမ်းထားရာကနေ “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ”ကို စတင် ထူထောင်တယ်။ တပ်က တပ်မှူးတွေ၊ တပ်ထွက်အရာရှိတွေ၊ သူ ယုံကြည်နိုင်တဲ့ လက်ဝဲနိုင်ငံရေး သမားတွေ ပါဝင်ကြတယ်။ 

နိုင်ငံထဲမှာ အနောက်အုပ်စုဖက်က အကူအညီပေးရေး အေဂျင်စီတွေကို ရပ်ဆိုင်းလိုက်ပေမယ့်၊ ဦးနေဝင်းက ဆိုဗီယက်ယူနီယံ ဖက်က အကူအညီတွေတော့ ဆက်ခွင့်ပြုထားပါသေးတယ်။ အမေရိကန်နဲ့ သူက ခပ်လှမ်းလှမ်းနေတယ်။ သူက ဆိုရှယ် လစ်စနစ် ထူထောင်မယ်လို့ ပြောနေတယ်။ အရှေ့အုပ်စုနဲ့လည်း နီးတယ်။ ဒါပေမယ့် အမေရိကန်ဖက်က သူ့ကို လက်ဝဲဖက်နဲ့ သိပ်နီးတယ်၊ ကွန်မြူနစ်လို့ ထင်သွားမှာကိုလည်း စိုးရိမ်ပြန်ပါတယ်။ သူက လက်ဝဲအစစ်လည်း မဟုတ်ပြန်ဘူး။ အဲဒီအချိန်မှာ ဘာတွေ ဖြစ်နေသလဲ၊ ၁၉၆၃ ခုနှစ် နိုဝင်ဘာမှာ တောင်ဗီယက်နမ် သမ္မတ ငိုဒင်ဇင်အပေါ် အမေရိကန် ကျောထောက် နောက် ခံပေးတဲ့ အာဏာသိမ်းမှုဖြစ်ပြီး သတ်ခံရတယ်။ ၁၉၇၀ ခုနှစ်မှာ အမေရိကန် ကျောထောက်နောက်ခံပေးတဲ့ ဗိုလ်ချုပ်ကြီး လုံနိုး က မင်းသားကြီး သီဟာနုဦးဆောင်တဲ့ အစိုးရကို အာဏာသိမ်းတယ်။ အမေရိကန် စီအိုင်အေက ကျောထောက်နောက်ခံပေး တဲ့ တရုတ်အမျိုးသားရေးဝါဒီ (ကူမင်တန်) တပ်တွေက ရှမ်းပြည်က ဒေသအချို့ကို သိမ်းထားတာ ကြာပြီ။ ဒါပေမယ့် အမေရိကန်က ဦးနေဝင်းကို သိပ်ပြီးအန္တရာယ် ရှိတဲ့သူလို့ ထင်ထားတာ မဟုတ်ပါဘူး။ အမှန်ပြောရရင် သူ့ကို လိုလားတဲ့ သဘောတောင် ရှိနေပါတယ်။ 

ဗိုလ်ချုပ်ကြီးနေဝင်း အမေရိကန်သွားခြင်း
၁၉၆၆ ခုနှစ်၊ အမေရိကန်သမ္မတ လင်ဒွန် ဘီ၊ ဂျွန်ဆင်လက်ထက်မှာ မြန်မာ အာဏာသိမ်းအစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်းကို အမေရိကန်ကို ဖိတ်ခဲ့ပါတယ်။ စက်တင်ဘာလရဲ့ ပူနွေးတဲ့ နေ့လည်ခင်းတခုမှာတော့ အိမ်ဖြူတော် တောင်ဖက် ကွင်းပြင်ကို ရဟတ်ယာဉ်နဲ့ ဆင်းသက်ပြီး ဦးနေဝင်း သမ္မတဂျွန်ဆင်နဲ့တွေ့ဖို့ ရောက်လာခဲ့ပါတယ်။ သူကို ရေတပ်မရင်း ဂုဏ်ပြုတပ်ဖွဲ့တွေနဲ့အတူ ပြုံးနေတဲ့ သမ္မတဂျွန်ဆင်က လက်ခံ ကြိုပါတယ်။ ဒီလို နိုင်ငံခေါင်းဆောင်တွေ တွေ့တဲ့အခမ်းအနားတွေက ပုံမှန်ဆိုရင် ဂုဏ်ပြုမိန့်ခွန်းတွေ၊ ထုံးတမ်း ခမ်းနားအစီအစဉ်တွေ ပြည့်နေတတ်ပါတယ်။ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်နဲ့ တွေ့တာက ဒီလိုမဟုတ်ပါဘူး။ ခပ်တိုတို နိုင်ငံတော် နေ့လည်စာ တွေ့ဆုံမှုမျှသာ ဖြစ်ပါတယ်။ ကိုသန့်မြင့်ဦးက သူ့စာအုပ်မှာ ဖော်ပြထားရာမှာ ဦးနေဝင်းက ဝိုင်ခွက်ကိုမြှောက်ရင်း၊ “ခုတွေ့ဆုံမှုက ပိုကောင်းမွန်တဲ့ နားလည်မှု တွေ ပေါ်ထွန်းစေမယ်လို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။ 

ဦးနေဝင်း ရည်ရွယ်ချက်က သူ့ကို အရှေ့အုပ်စုနဲ့ နီးတယ်လို့ မြင်နေကြတယ်။ သူက “ဘက်မလိုက်နိုင်ငံတခု” အဖြစ် ရပ်တည် ကြောင်း သေသေချာချာ ပြချင်တာလို့ ဆိုပါတယ်။ အမေရိကန်ဖက်ကလည်း ပြဿနာ မရှိပါဘူး။ ဦးနေဝင်းကို စိတ် သက်တောင့်သက်သာ ဖြစ်စေချင်တယ်၊ သမ္မတ ဂျွန်ဆင်ကလည်း လူချင်းသိရရုံ ဆိုသလောက်ပါပဲ။ မြန်မာနိုင်ငံထဲမှာ ပြဿနာ ဘယ်လောက် ရှိနေပါစေ၊ အမေရိကန်အကျိုးစီးပွားအတွက် သူ့ကိုလိုပါတယ်။ “တင်းကျပ်တဲ့ ဘက်မလိုက်မူဝါဒ” ရပ်တည် တယ်ဆိုတာလည်း အမေရိကန်ဖက်က သိထားပြီးသားပါ။  

ဒါဟာ ဦးနေဝင်းအတွက် ပထမဦးဆုံး အမေရိကန်ခရီးစဉ်တော့ မဟုတ်ပါဘူး။ အရင်က ၅ ကြိမ် ရောက်ဖူးပါတယ်။ အခု တကြိမ်က “နိုင်ငံတော်ခရီးစဉ်”ပါ။ ၁၉၆၀ ခုနှစ်တုန်းက “တရားဝင်ခရီးစဉ်” လာရာမှာ အဖုအထစ်ကလေးတွေ ရှိခဲ့ဖူးပါ တယ်။ သူ့အိပ်တွေကို အကောက်ခွန်က ဖောက်စစ်တယ်။ ပင်တဂွန် စစ်ဌာနချုပ်ကို သွားလည်တော့ သူအတော် စောင့်နေရ သေးတယ်။ နောက်တခုက အရင် သမ္မတကတော် မာမီး အိုင်ဆင်ဟောင်းဝါး (Mamie Eisenhower) က သူ့ဇနီး ဒေါ်ခင်မေ သန်းကို မနှစ်မြို့ဖွယ် မှတ်ချက်ပြောတာကိုလည်း နားစွန်နားဖျား ကြားလိုက်ရတာမျိုးပါ။ အခုတကြိမ်တော့ ဒါတွေ မကြုံချင်သလို၊ အမေရိကန်ဖက်ကလည်း အကုန်အဆင်ပြေစေချင်ပါတယ်။ ဒီလိုနဲ့ ၁၁-ရက်ကြာ ခရီးစဉ်မှာ သမ္မတဂျွန်ဆင်နဲ့ တနာရီလောက်ကြာ ပြောဆိုဆွေးနွေးတယ်။ အရာရှိအချို့နဲ့တွေ့တယ်။ နယူးယောက်ကိုသွား ဦးသန့်နဲ့ ခနတွေ့တယ်။ သတင်းစာ ရှင်းလင်းပွဲတွေလည်း မရှိပါဘူး။ လာလည်သလိုပဲ၊ ဟာဝိုင်အီကျွန်းကို ထွက်သွားတယ်။ ဦးနေဝင်းက ပြောတယ်။ “စက်ရုံတွေဘာတွေ လိုက်ကြည့်တာတွေ၊ ဘာတွေ မလုပ်ချင်ပါဘူး။ မွေ (Maui) ကိုသွားမယ်။ ဂေါက်သီး ကစားမယ်” ဆိုပြီး ကိုသန့်မြင့်ဦး စာအုပ်မှာ ရေးခဲ့တယ်။ အချိန် အများစုကို ဟာဝိုင်အီကျွန်းပဲ ကုန်စေခဲ့တယ်။ 

အမေရိကန်မှာ အစိုးရစာရွက်စာတမ်းတွေကို လျှို့ဝှက်အဆင့် (classified) ကာလတစုံတရာ သတ်မှတ်ထားတတ်ပါတယ်။ နောက်ပိုင်း သက်တန်းပြည့်ရင်တော့ ပြည်သူအများ ဖတ်ခွင့်ရှိတယ်။ ဒီလိုနဲ့ ၁၉၆၄-၁၉၆၈ ကာလ အမေရိကန်ပြည်ထောင်စု- မြန်မာ သံတမာန်ဆက်ဆံရေး စာပေးစာယူ မှတ်တမ်းတွေကို ပြန်ဖတ်ရတယ်။ ဦးနေဝင်းခရီးစဉ် (၁၉၆၆) နဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ ရှိနေတဲ့ အမေရိကန်သံအမတ်ကြီး ဘိုင်ရုဒ် (Byroade) က ဩဂုတ် ၁၈ မှာ ပို့ထားတဲ့ ကြေးနန်းစာကိုလည်း ဖတ်ရပါသေးတယ်။ 

“အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြားမှာ နိုင်ငံ့ခေါင်းဆောင်အဆင့် ဖြေရှင်းရမယ့် လက်ငင်းပြဿနာ မရှိပါဘူး။ ဘယ်လို သဘောတူညီချက်မှလည်း ရယူဖို့ မရှိပါဘူး။ ဘယ်လိုမျိုး အကူအညီကိုမှ တောင်းဆိုဖို့မရှိသလို၊ လက်ခံဖို့လည်း မရှိ ပါဘူး။ တခုတည်းသော မှတ်တမ်းလိုအပ် ပတ်သက်တာကတော့ နှစ်ဖက်လက်ခံနိုင်တဲ့ ထုတ်ပြန်ကြေညာချက်ပါပဲ။ နှစ်ဖက် စလုံးက လက်ခံနိုင်ဖို့ နူးညံ့ပျော့ပြောင်းဖို့ လိုအပ်ပါတယ်” လို့ ဖော်ပြထားပါတယ်။ ဦးနေဝင်းက အမေရိကန်ကို လာလည်ရုံ၊ သမ္မတက လက်ခံတွေ့ရုံပါပဲ။ ကျနော်တို့ သူ့ကိုလက်ခံတယ်။ စကားပြောတယ်။ ဒီလောက်ပါပဲ။  

“ဦးနေဝင်းရဲ့ အမေရိကန်ကို လာလည်တဲ့ အဓိကရည်ရွယ်ချက်ကတော့ သူ့ရဲ့ဘက်မလိုက်မှုကို သက်သေပြဖို့ပါပဲ။ မကြာသေးခင်က သူ ပီကင်းနဲ့ မော်စကိုကို အလည်ပတ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ကာလတွေမှာ ကွန်မြူနစ်နိုင်ငံတွေကို အကြိမ်ကြိမ်သွား လည်ခဲ့တာ ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်။ သူ့ရဲ့ ဘက်မလိုက်ကြားနေကြောင်း ဆုံးဖြတ်ထားတာကို ပြန်လည်ဖြေရှင်းလိုရုံမျှသာ ဖြစ်ပါတယ်။ ကျနော်တို့ဖက်က ဒီရည်ရွယ်ချက်ကို ကူညီဖြည့်ဆည်းသင့်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတခု အနေနဲ့ အစစ် အမှန် ကြားနေတာကို ကျနော်တို့က လက်ခံကြောင်း ပြသဖို့ပါပဲ” ကြေးနန်းမှာ ရေးထားပါတယ်။ “ပထဝီအရ မြန်မာက တရုတ် နိုင်ငံနဲ့ မိုင်ပေါင်း ၁,၂၀၀ ကျော် နယ်နိမိတ်ထိစပ်နေရတယ်။ ဒါကို သူက အလေးထားတယ်။ ကျနော်တို့ဖက်ကလည်း နားလည်မှု ပေးလိုက်ပါ။” 

“ဦးနေဝင်းက ဗီယက်နမ်နဲ့ ပတ်သက်လို့ သူ့ပုဂ္ဂိုလ်ရေးအရ စိတ်ပိုင်းဖြတ်မှု ရှိတယ်။ ကျနော်တို့ဖက်က ရပ်တည်ချက်ကို ပွင့် ပွင့်လင်းလင်း ပြောဆိုငြင်းခုံတဲ့အခါ စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် ဒီလိုဆောင်ရွက်တာက သူ့ဆီက လူသိ ရှင်ကြား ထောက်ခံမှုကို ရယူဖို့ ဖြစ်ပါတယ်။ သူက ကျနော်တို့ကို ဗီယက်နမ်မှာ မရှုံးစေချင်ပါဘူး။ နောက်ပြီး စစ်ပွဲကြီးထွားလာရင် မြန်မာနိုင်ငံကို ပတ်သက်လာမှာကိုလည်း စိုးရိမ်နေပါတယ်။ သူက အခုပဋိပက္ခကနေ ဝေးဝေးနေလိုပါတယ်။ …. ကျနော် တို့ဖက်ကလည်း အရှေ့တောင်အာရှ ပဋိပက္ခတွေမှာ အလား တူ တန်းတူလိုလားကြောင်း ဖော်ပြပါ”။ “ကျနော်တို့ အရေးအကြီးဆုံး သူ့ကို ထင်မြင်စေချင်တာက အမေရိကန်ကို မကြောက်ရွံ့နေဖို့ပါပဲ” လို့ ဖော်ပြခဲ့ပါတယ်။ 

ကြေးနန်းရဲ့ အသေးစိတ်အပိုင်းတွေမှာလည်း “ဦးနေဝင်းက အတိတ်က၊ ဒါမှမဟုတ် အနာဂတ်မှာ အမေရိကန်ပြည်ထောင်စု ဆီက စစ်ရေးအကူအညီနဲ့ ပတ်သက်လို့ ဘယ်လိုကိစ္စကိုမှ မြှင့်တင် ဆွေးနွေးမှာမဟုတ်။ ကျနော်တို့ ဖက်ကလည်း ဆွေးနွေး စရာမရှိ” ဆိုပြီး သံအမတ်ကြီး ဘိုင်ရုဒ် (Byroade) ရဲ့ ကြေးနန်းမှာ ထပ်ပြီး ဖော်ပြခဲ့ပါသေးတယ်။

တရုတ်-ဗမာ အဓိကရုဏ်း (၁၉၆၇) 
၁၉၆၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှာတော့ လူစုလူဝေးနဲ့ တရုတ်စာသင်ကျောင်း ၂ ခုကို ဝိုင်းပါတယ်။ ရန်ကုန်မှာ တရုတ်ပိုင် စီးပွား ရေး လုပ်ငန်းတွေကို ဖျက်ဆီးလုယက်ခဲ့ပါတယ်။ တရုတ်လူမျိုး အချို့လည်း ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရပါတယ်။ တရုတ်သံရုံးကိုလည်း လူစုလူဝေးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အဆောက်အဦး အချို့ကို မီးတင်ရှို့ခဲ့ကြပါတယ်။ 

စီးပွားရေး ကျဆင်းလို့ ဖြစ်လာတဲ့ ပြဿနာအပေါ် လူစုလူဝေးနဲ့ တရားခံရှာ တုံ့ပြန်ကြတာပါ။ ရဲတွေက ကြားဝင်ကာကွယ် ပေးမှုတွေ မရှိတော့ အစိုးရဖက်က လိုလားသလို ယူဆကြပါတယ်။ အစိုးရဖက်ကလည်း တရုတ်နိုင်ငံက ဗမာပြည် ကွန်မြူနစ် ပါတီကို တိုးလို့ ထောက်ပံ့လာတာကြောင့် သူတို့ကိုယ်တိုင် အမျက်ထွက်နေကြတာပါ။ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လမှာ တရုတ်နိုင်ငံ က ပထမဦးဆုံး ဟိုက်ဒြိုဂျင်ဗုံးကို စမ်းသပ်ဖောက်ခွဲခဲ့ပါတယ်။ အဲဒီကာလမှာပဲ တရုတ်-ဗမာ အဓိကရုဏ်းအပြီး၊ ပီကင်း ရေဒီယိုကလည်း “နေဝင်းဖက်ဆစ်အစိုးရ” ကို ဆန့်ကျင် ပုန်ကန်ကြဖို့ ပြောင်ပြောင်တင်းတင်း လှုံ့ဆော်တာတွေ လုပ်လာခဲ့ပါတယ်။ 

ခေတ်ပြိုင်အိမ်နီးချင်း ထိုင်းနိုင်ငံ
အဲဒီကာလမှာ ထိုင်းနိုင်ငံမှာ ဖီးမာရှယ် ထနွန် ကစ်တီကာချွန် (Field Marshal Thanom Kittikachorn) က ဗီယက်နမ်စစ်ပွဲ ကို တက်တက်ကြွကြွ ထောက်ခံပါဝင်ခဲ့ပါတယ်။ တပ်ဖွဲ့မျိုးစုံက ထိုင်းစစ်သား ၄၀,၀၀၀ ကို စေလွှတ်ခဲ့ပြီး၊ ၃၅၁ ဦး ကျဆုံးခဲ့ ပါတယ်။ ၁,၃၅၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

အမေရိကန်လေတပ် (USAF) နဲ့ ရေတပ်ကို ထိုင်းနိုင်ငံမှာ (၁၉၆၁ ခုနှစ် ဧပြီလကစလို့) အခြေစိုက်ခွင့်ပေးပါ တယ်။ ဒွန်မူအန်၊ ကိုရတ်၊ နကွန်ဖနုမ်၊ နမ်ခေါင်၊ တာ့ခ်လီ၊ ဥဘွန်၊ ဥဒွန် နဲ့ အူတာပေါင် လေဆိပ် (၈) ခုမှာ အခြေချခဲ့ပါတယ်။ စစ်ပွဲ အမြင့်မားဆုံးအချိန်မှာ အမေရိကန်စစ်သား ၅၀,၀၀၀ လောက် (အထူးသဖြင့် လေတပ်က) ထိုင်းနိုင်ငံမှာ အခြေချခဲ့ ကြပါတယ်။ ထိုင်းတော်ဝင်လေတပ်ကလည်း ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးကိစ္စတွေ ကူညီခဲ့ကြပါတယ်။ 

စစ်ပွဲအတွင်း အမေရိကန်ပြည်ထောင်စုက ထိုင်းနိုင်ငံထဲကို စစ်ရေးနဲ့ စီးပွားရေးအကူအညီ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ လောက် ပေးကမ်းကူညီခဲ့ကြပါတယ်။ USAID ကလည်း နောက်ထပ် သန်း ၅၉၀ လောက် ကူညီပေးခဲ့ပါတယ်။ ထိုင်းအမျိုး သမီးတွေတော့ အပျော်မယ်တွေ ဖြစ်ရတာပေါ့။ ဒါပေမယ့် ထိုင်း လုပ်ငန်းရှင်တွေက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ အတော့်ကို ငွေရွှင်အလုပ်ဖြစ်ခဲ့ကြပါတယ်။ စစ်ကြီးပြီးတဲ့အခါ ထိုင်းနိုင်ငံမှာ အခြေခံ အဆောက်အဦ လမ်းမကြီးတွေ၊ လေဆိပ်တွေ၊ စစ်အသုံးအဆောင် ယာဉ်ကရိယာတွေ ကျန်ခဲ့ပါတယ်။ ခေတ်မီရေးအတွက် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။  

အကိုးအကား
Office of the Historian. The United States. (September 3, 1966). Memorandum From Secretary of State Rusk to President Johnson. Washington D. C. SUBJECT: Your Meetings with General Ne Win, Chainnan of the Revolutionary Council of the Union of Burma.
Myint-U, Thant. (2008 January). The River of Lost Footsteps: A Personal History of Burma. Farrar, Straus and Giroux. (p. 376, 387, 391)



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar