Breaking News

ဝဇီရာဒီဖိုး - ရှက်တတ်ရင် (၃) + (၄)

ရှက်တတ်ရင် -၃

လူမဆန်တဲ့ သတ်ဖြတ်မှုနဲ့
မီးလောင်တိုက်တွေထဲ
မငြိမ်းချမ်း မလွတ်လပ်တာကို
ငြိမ်းချမ်းလွတ်လပ်သယောင်
နိုင်ငံတကာက ထင်ယောင်မှားအောင်
လုပ်နေသူတွေအစား
ငါ ရှက်တယ်။

အာဏာရှင်ခေတ်ဆိုးကြီးထဲ
လွတ်လပ်သောစာပေဂီတလို့ သုံးစွဲရမှာလည်း
ငါ ရှက်တယ်။

တော်လှန်နေတဲ့ သားငယ်သမီးငယ်လေးတွေနဲ့
ပုန်းရ ပြေးရ မိသားစုနဲ့ အိုးအိမ်ပစ်ပြေးနေရတဲ့ 
စာပေဂီတအနုပညာရှင်များအတွက်
မလွတ်မလပ်ကို လွတ်လပ်တယ်လို့
ပြောမိတဲ့ ငါ့စာ ငါ့ကဗျာ ငါ့ဟောပြောချက်တွေကို
ငါ ရှက်တယ်။

ခေါင်းစဥ်တွေ အလွယ်တတ်
နေတတ်တော့ ကျေနပ်နေသူတွေ အစား
ငါ ရှက်တယ်။

ဆရာမကြီး ခင်နှင်းယု ပြောသလိုမျိုး
ကိုယ့်နေရာလေး ကွက်အေးနေတာနဲ့ပဲ
နွေကို ပူတယ်လို့ မထင်သူတွေအတွက်လည်း
ငါ ရှက်တယ်။

ရှက်တတ်သူတွေမှ
ရှက်တတ်ကြ
မရှက်တတ်သူတွေအတွက်လည်း
ငါ ရှက်ရ။

ယိုသူမရှက် မြင်သူရှက်
အနေချောင်ရင် အသေကြပ်လိမ့်။

ဒီလိုတွေကြောင့်
နွေဦးရေ....
ငါ ရှက်ရပေါ့။              ။

ဝဇီရာဒီဖိုး
 12:45, 18-6-2022
တတယပက

- - - - - - - - -

ရှက်တတ်ရင် -၄

ထမင်းအငတ်နဲ့
ဖက်ဆစ်စစ်ဖိနပ် ကြိုးပြတ်တွေကို
လျှာနဲ့ ယက်နေသူတွေ အစား
ငါ ရှက်တယ်။

ဥပဒေမဲ့က ဥပဒေအရဆိုတဲ့
လျှိုဝှက်သေဒဏ်တွေနဲ့ စစ်ဘီလူးတွေကို
ထောက်ခံနေသူတွေ အစား
ငါ ရှက်တယ်။

ပြည်သူ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့
အောက်တန်းစား မဟာဗျူဟာနည်းဗျူဟာတွေနဲ့
တူးမီးသေနတ်ကို လေယာဥ်နဲ့ ပစ်နေရတဲ့
ဂုဏ်သိက္ခာမဲ့ အရည်အသွေးမြင့်မားမှု
တိုက်ရည်ခိုက်ရည်တွေနဲ့
ပြည်သူမချစ်လို့ ကမ္ပည်းမတင်တော့တဲ့ 
ရှက်ကြောပြတ် ခေတ်မီလပ်တီးကို 
ထောက်ခံအားပေးနေသူတွေ အစား
ငါ ရှက်တယ်။

တို့မေတ္တာအစွမ်း ကမ္ဘာလွှမ်းတဲ့
ယူကရိန်းကို မကြည့် ကိုယ့်နိုင်ငံ့အရေးကို မသိ
အဓမ္မအတွေးနဲ့ ရှရှားပြည်ကြီးငြိမ်းချမ်းပါစေဆိုတော့
ပြည်ပအားကိုး ပုဆိန်ရိုးဆိုတာတွေကို ပြန်သတိရ
ငါ့ဘာသာအစား အလွန်အင်မတန်မတရား
ငါ ရှက်တယ်။

အလှဓာတ်ပုံတွေနဲ့
ပုထိုးမြို့ရိုး ကျောင်းကြိုကျောင်းကြား
မစားရ ဝခမ်းမှန်း ကဗျာစပ်ကျား​တွေကို မြင်ရတာလည်း
ငါ ရှက်တယ်။

မရှက် မကြောက် ခရီးသွားပို့စ်တွေနဲ့
ခါချဥ်ကောင် ခါးနဲ့
ခါးတောင်းကျိုက်တခြား ဖင်တခြားတွေကို မြင်နေရတာလည်း
ငါ ရှက်တယ်။

အမေ အမေနဲ့
ပြေးပြေးတွေ့ပြီး ဓာတ်ပုံရိုက်တတ်တဲ့
တိုက်ပုံ မည်းမည်းကြီးတွေ
အမေ့ မွေးနေ့လေးတောင် မသိသလိုနေတာတွေလည်း
ငါ ရှက်တယ်။

ရေပေါ်ဆီတွေ ခပ်ဖို့မစဥ်းစားနဲ့
ဒေါ်လာတွေ ပေါ်မလာဇာတ်ကားရိုက်ဖို့
အကန်းတွေအရမ်းတွေရဲ့ ဖို့နဲ့ဘို့ကို 
ခွဲမသိတဲ့ မင်းတို့ အစား
ငါ ရှက်တယ်။

ရှက်တတ်သူတွေမှ
ရှက်တတ်ကြ
မရှက်တတ်သူတွေအတွက်လည်း
ငါ ရှက်ရ။

ယိုသူမရှက် မြင်သူရှက်
အနေချောင်ရင် အသေကြပ်လိမ့်။

ဒီလိုတွေကြောင့်
နွေဦးရေ....
ငါ ရှက်ရပေါ့။              ။

ဝဇီရာဒီဖိုး
23:43, 25-7-2022
ဘကဘဝ
 
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar