Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၂ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၂ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၃၊ ၂၀၂၂


ထိုင်ဝမ်အရေးနဲ့ မြန်မာ့အရေး နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ခရီးစဥ် 

ထိုင်ဝမ်ကို အမေရိကန်ပြည်ထောင်စုရဲ့ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သူ လာရောက်တဲ့ကိစ္စက ခုတပတ်မှာ စိတ်ဝင်စားဆုံး နိုင်ငံရေးအဖြစ်အပျက်တရပ်ဖြစ်ပြီး သြဂုတ် ၂ ရက်နေ့ညမှာတော့ စိတ်ဝင်စားမှု အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။ တရုတ်တပြည်ထောင်မူဝါဒကို မူအားဖြင့် လက်ခံထားတဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ လွှတ်တော်ဥက္ကဋ္ဌဖြစ်သူက တရုတ်ပြည်ရဲ့ အစိတ်အပိုင်းတခုလို့ တရုတ်ပြည်မကြီးက ယူဆထားတဲ့ ထိုင်ဝမ်နိုင်ငံကို တရားဝင်ခရီးစဥ်လာရောက်ခြင်းဟာ တရုတ်နိုင်ငံအဖို့ အချုပ်အခြာအာဏာကို ထိပါးတယ်။ ထိုင်ဝမ်ရဲ့ သီးခြားလွတ်လပ်တဲ့ နိုင်ငံဆိုတဲ့အယူအဆကို ထောက်ခံတယ်လို့ ယူဆပြီး ဒီလိုနိုင်ငံရေးအရ ထိပါးမှုကို လက်တုံ့ပြန်မယ် အကျိုးဆက်တွေ အမေရိကန်ပြည်ထောင်စုက တာဝန်ယူရလိမ့်မယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။ 

ခုညမှာတော့ ထိုင်ဝမ်ကို လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ ဆိုက်ရောက်ပြီးနောက်တရက်မှာ တရားဝင် ထိုင်ဝမ်လွှတ်တော်မှာ မိန့်ခွန်းပြောဖို့တောင် အစီအစဥ်တွေလုပ်နေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့တော့ လောလောဆယ် တုံ့ပြန်မှုအနေနဲ့ ထိုင်ဝမ်ကျွန်းရဲ့ ပတ်ပတ်လည်မှာ ရေတပ်၊ လေတပ် စစ်ရေးလေ့ကျင့်မှုတွေ လုပ်မယ်လို့ ကြေညာထားပြီဖြစ်ပါတယ်။ 

ထိုင်ဝမ်အရေးကိစ္စဟာ ဘယ်လောက်ထိ အရှေ့အာရှ၊ အရှေ့တောင်အာရှနဲ့ မြန်မာနိုင်ငံတို့ကို သက်ရောက်မှုရှိစေမှာလည်း ဆိုတာ လောလောဆယ်မှာတော့ အတိအကျ ခန့်မှန်းဖို့ခက်ခဲသေးတာ ဖြစ်ပါတယ်။ သို့ပေမယ့် အနည်းနဲ့အများတော့ အမေရိကန်နဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေး ဆိုးရွားမှု အရှေ့ဘက်ကမ္ဘာမှာ မတည်မငြိမ်မှု၊ ကုန်သွယ်ရေးတွေကို ထိခိုက်နိုင်ခြေ၊ နှစ်နိုင်ငံလုံးနဲ့ ဆက်ဆံနေတဲ့ ဒေသတွင်းနိုင်ငံတွေအကြား တဘက်ဘက်က ဖိအားပေးလာနိုင်ခြေ စတာတွေနဲ့ မြန်မာနိုင်ငံအဖို့ ပြည်တွင်းဒီမိုကရေစီအရေး၊ လက်နက်ကိုင် ပဋိပက္ခ၊ နိုင်ငံရေး စစ်ရေးနည်းအဖြေရှာရေးတွေက ဒေသတွင်း အားပြိုင်မှု၊ အင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာအကြား မှေးမှိန်သွားမယ့် အလားအလာနဲ့ အင်အားကြီးနိုင်ငံတွေက စစ်အင်အားသုံးလာပြီး ပိုမိုဆိုးရွားတဲ့ အခြေအနေတရပ်လိုမျိုးအထိ ရင်ဆိုင်ရမလားဆိုတာ ခုချိန်မှာ မသဲကွဲသေးသလို စိုးရိမ်ရမယ့်အချက် တခုလည်း ဖြစ်နေပါတယ်။ 

မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာ သုံးစွဲသူတွေအကြားမှာတော့ တရုတ်နဲ့ အမေရိကန်တို့ အားပြိုင်မှုအပေါ်မှာ ရုပ်ရှင်ထဲက ဇာတ်လိုက်နဲ့ လူကြမ်းလို၊ ဘောလုံးပွဲကြည့်သလို ကိုယ်အားပေးချင်တဲ့ဘက်ကို နိုင်စေချင်ကြတာမျိုးနဲ့ ရေးသားနေကြတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မြန်မာအပေါ် ထားရှိတဲ့နိုင်ငံခြားရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားတွေကိုသာ ဦးစားပေးပြီး ဒီမိုကရေစီ စံနှုန်းစတာတွေကို ဦးစားမပေးတဲ့အချက်တွေ၊ စစ်အာဏာသိမ်းကောင်စီကို သံတမန်ရေးအရ အတိုင်းအတာတခုထိ အကာအကွယ်ပေးမှုတွေအပေါ်  မနှစ်သက်ကြတာကြောင့် ဘောလုံးပွဲအားပေးသလို တက်က အသင်းကို အားပေးကြတာမျိုး တွေ့ရပါတယ်။ 

အခုအဖြစ်အပျက်ကနေ ဒီဒေသတွင်းက နိုင်ငံရေး မတည်မငြိမ်မှု သို့မဟုတ် အားပြိုင်မှု၊ စစ်ရေးပြင်ဆင်မှုတွေ အဆိုးဆုံးအခြေအနေဖြစ်တဲ့ ထိုင်ဝမ်ကို တရုတ်နိုင်ငံက ဝင်တိုက်ခဲ့ရင်ဆိုတဲ့ အနေအထားအထိ စဥ်းစားတွေးဆပြီး ထောက်ခံတာ ရပ်တည်တာမျိုးတော့မဟုတ်ပါဘူး။ 

နောက်တချက်က ထိုင်ဝမ်အရေးက အခု နန်စီပယ်လိုစီရဲ့ ခရီးစဥ်နဲ့တင် ပြီးဆုံးသွားမှာမဟုတ်ဘဲ စစ်ရေးအားပြိုင်မှု အခင်းအကျင်းတွေ၊ စီးပွားရေး စစ်ပွဲတွေအထိ ရောက်လာခဲ့မယ်ဆိုရင် မြန်မာ့အရေးက ကမ္ဘာ့အရေးရဲ့ အောက်မှာ နစ်မြှုပ်သွားမယ့် အလားအလာမျိုး ရှိသလို၊ ဒေသတွင်း ပဋိပက္ခကြောင့် မြန်မာ့အရေးကို အာဆီယံနိုင်ငံတွေ ဒီအရှေ့အာရှက နိုင်ငံတွေ ဘယ်နိုင်ငံမှ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ခြင်းမပြုနိုင်မယ့် အလားအလာမျိုးလည်း ဖြစ်လာနိုင်ခြေ ရှိပါတယ်။ 

ခု ထိုင်ဝမ်အရေးပေါ်လာတဲ့အခါမှာ ဥရောပမှာ ၅ လကျော်ကြာလာပြီဖြစ်တဲ့ ယူကရိန်း-ရုရှားစစ်ပွဲ အပေါ်တောင် အာရုံစိုက်မှု လျော့နည်းလာနိုင်တာ တွေ့ရမှာ ဖြစ်ပါတယ်။ အရှေ့အာရှမှာ စစ်ရေး မတည်မငြိမ်မှုတွေ ဖြစ်လာခဲ့ရင် ဥရောပက စစ်ပွဲက ဥရောပနိုင်ငံတွေအတွက် မေ့ထားလို့မရတဲ့ စစ်ပွဲဖြစ်ပေမယ့် တကမ္ဘာလုံးရဲ့ အာရုံစိုက်ခံရမယ့် အရေးကိစ္စအဖြစ်ကနေ လျော့ကျသွားနိုင်တာဖြစ်ပါတယ်။ ယူကရိန်းအရေးကြောင့် မြန်မာ့အရေးလိုမျိုးကို အာရုံစိုက်မှု လျော့ကျလာသလို ထိုင်ဝမ်အရေးကြောင့်လည်း မြန်မာ့အရေးက ပိုပြီးနောက်ကို ရောက်သွားနိုင်တာဖြစ်ပါတယ်။ လတ်တလော ဖြစ်တဲ့အကြောင်း နိုင်ငံတနိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီး သက်ရောက်မှု ကြီးမားတဲ့ အရေးကိစ္စတွေ ဖြစ်တာကြောင့်တကြောင်း မြန်မာ့အရေးဟာ ပြည်တွင်းရေးသာသာ ဖြစ်ပြီး နောက်ရောက်သွားနိင်ခြေရှိနေတာ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေမှာ ရုတ်တရက် ဗြုန်းစားကြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ လာရောက်မယ်ဆိုတဲ့ သတင်းကို သြဂုတ်လ ၂ ရက်နေ့မှာ တာ့စ် သတင်းဌာနက စတင်ဖော်ပြခဲ့ပြီး ရောက်ရှိမယ့်နေ့က သြဂုတ်လ ၃ ရက်နေ့ ဖြစ်တယ်လို့ ဆိုထားပါတယ်။ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ရုရှားနိုင်ငံကို သွားရောက်စဥ်မှာ ကာကွယ်ရေးဝန်ကြီးဌာနဘက်က တာဝန်ရှိသူတွေသာ တွေ့ဆုံခဲ့ပြီး ရုရှား သမ္မတပူတင်၊ နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူတွေတွေ့ဆုံခဲ့တာမျိုး မရှိခဲ့လို့ မြန်မာအာဏာသိမ်းစစ်ကောင်စီကို ရုရှားက အရေးတယူမလုပ်ဘူးဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ရှိခဲ့တာဖြစ်ပြီး အခုလို အရှေ့အာရှမှာ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ ဆက်ဆံရေးတင်းမာ ရှုပ်ထွေးနေချိန် ရုရှားနိုင်ငံခြားရေးဝန်ကြီး လာရောက်တာဖြစ်ပါတယ်။ 

ရုရှားနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အာဖရိကတိုက်က ကွန်ဂိုလို နိုင်ငံငယ်အချို့ကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေက သွားရောက်ပြီး သံတမန်ရေး တည်ဆောက်နေတာ ဖြစ်ပါတယ်။ အမေရိကန်၊ အနောက်ဥရောပနိုင်ငံများနဲ့ အရှေ့အာရှက ဂျပန်တို့လို အမေရိကန်မဟာမိတ်တွေက ရုရှားကို စီးပွားရေးပိတ်ဆို့ရာမှာ ပါဝင်ပူးပေါင်းခဲ့ကြတာကြောင့် အခုခရီးစဥ်က ရုရှားရဲ့ မဟာမိတ်နိုင်ငံတွေ နဲ့ ဆက်ဆံရေးပိုခိုင်မာကြောင်း ပြသချင်တဲ့ ခရီးစဥ်တခုဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

ယူကရိန်းအရေးမှာ တရုတ်နိုင်ငံက ရုရှားကို ပိတ်ဆို့တဲ့ ရှုတ်ချတဲ့ လုပ်ဆောင်မှုတွေမှာ မပါဝင်ခဲ့သလို အခု အရှေ့အာရှ ထိုင်ဝမ်အရေးမှာလည်း ရုရှားအနေနဲ့ တရုတ်ကို ထောက်ခံရပ်တည်ပေးမှာ မလွဲပါဘူး။ ချုပ်ပြောရရင်တော့ ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေအကြား ဖြစ်လာတဲ့အားပြိုင်မှုတွေက မြန်မာ့ ဒီမိုကရေစီအရေးအတွက် ကောင်းကျိုးထက်၊ ဆိုးကျိုးကသာများမယ့် အခြေအနေမျိုးလို့ ခန့်မှန်းကြည့်မိပါတယ်။ ခုလိုအချိန်မှာ မြန်မာ့ဒီမိုကရေစီအရေး၊ မြန်မာနိုင်ငံက လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီ စတာတွေက အခြားသော ကမ္ဘာလုံးဆိုင်ရာ စိတ်ဝင်စားကြတဲ့ အကြောင်းအချက်တွေ အောက်မှာ နစ်မြှုပ်သွားနိုင်ခြေလည်း ရှိနေတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar