Breaking News

မ လ ရ - မုန်တိုင်းထဲက ဖွားတော်မူခန်း


မုန်တိုင်းထဲက ဖွားတော်မူခန်း
မ လ ရ
(မိုးမခ) ဩဂုတ် ၁၂၊ ၂၀၂၂

မုန်တိုင်းကို နှင်းဆီလို့ အမည်ပေးရတော့လည်း ရင်မှတရှိုက် နမ်းရှိုက်ရတော့တာပဲ
သွေးညှီနံ့တွေက ဘယ်လို ရစ်သီ ရစ်သီနေပေမဲ့ပေါ့လေ
မီးတွေကရဲရဲတောက်တယ်ဆိုလည်း ဆူးတွေက သည်းသည်းပေါက်မယ်လို့ ဘာသာပြန်တတ်ရ
ဘာသာစကားတွေကို အသေဖမ်းဆုပ်ရအခက်ဆုံး ကာလကြီးပါပဲ
ဒီလိုနဲ့ မုန့်ဟင်းခါးပွဲအရေအတွက်ဆိုတာဟာ မုန့်ဟင်းခါးသည်အတွက် အားတက်ရတဲ့ကိန်းဂဏန်းမဟုတ်တော့
ဒီနွေဦးမှာ ဒီအသံက ဒီအနက်ကိုပဲ တည့်တည့်လာမှန်တယ်ဆိုတာမျိုး
လယ်မြေတွေကို ကောင်းစွာမစိုက်ပျိုးနိုင်ပေတဲ့ ကောင်းစွာမြေဩဇာ လောင်းပြီးဖြစ်တယ်
သူ့မြေဩဇာအပြင် ကိုယ့်မြေဩဇာတွေပါ ပါဝင်နေခဲ့တာ ခြွင်းချန်မထားလိုက်လေနဲ့
လူတွေကမနပ်တော့ မြေနတ်ကို ဝလင်အောင် ပူဇော်ရတော့တဲ့အကြောင်းတွေပါ
ခေတ်ဟောင်းက ရုပ်ရှင်တွေကိုမကြည့်ဖူးပေမဲ့ နာမည်တွေက မှတ်ဉာဏ်ထဲကျူးဝင်ရဲ့
သွေးနဲ့ ချွေးနဲ့ ရင်းသည့်မြေ၊ မုန်တိုင်း စဲလေသော် တဲ့။ ဇာတ်ကြမ်းတွေလား။ မုန်တိုင်းသည်းနေတုန်းမှာပဲ
အတွေးတွေက လေထဲတဖျတ်ဖျတ်လွင့်တယ် မုန်တိုင်းကို နှင်းဆီလို့ပဲနာမည်ပေး ရင်နင့်အောင်မွှေးရတယ်
မုန်တိုင်းထဲက ဘယ်လိုမွေးဖွားလာမလဲ သွေးအလူးလူး အကျိအချွဲအလူးလူး မွေးကင်းစကလေးဟာ ဘယ်လိုအော်မလဲ
စုတိစိတ်ပြီးတာနဲ့ အလပ်အခြားမရှိ ပဋိသန္ဓေစိတ်ဟာဖြစ်ခဲ့တာကိုတော့ ယုံမှားမရှိလေနဲ့
သက်ဆိုးကြီးကို ဆက်ထားလေတဲ့ ချက်ကြိုးကြီးကို ချက်ချင်းဖြတ်ရလိမ့်မယ်
ဆေးပညာအလိုအရ တကိုယ်လုံးကသွေးတွေကို သွေးသစ်နဲ့ဖလှယ်ထုတ်ဖို့လည်းလိုလိမ့်မယ်
သမိုင်းထဲမှာတော့ မုန်တိုင်းကို မုန်တိုင်းလို့ပဲ သမားရိုးကျအနက်ထွက်အောင် ထည့်မှတ်လိုက်ပေတော့။

ဩဂုတ် ၁၀၊ ၂၀၂၂
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar