Breaking News

မြတ် - ယုရဲ့ယုန်တွင်းကလေး

Image- Crd
ယုရဲ့ယုန်တွင်းကလေး 
မြတ် 
(မိုးမခ) ဩဂုတ် ၁၂၊ ၂၀၂၂

(၁)

အန်ဒရူးဝိုက်ယက်ရဲ့ခရစ္စတီးနားရဲ့ကမ္ဘာဆိုတဲ့ကမ္ဘာကျော်ပန်းချီကားလေးကိုတွေ့တိုင်းမြို့ငယ်လေးတခုမှာတုန်းကနေခဲ့ဖူးတဲ့အိမ်ကလေးကို ‘ယု’ မကြာခဏသတိရမိတယ်။တောင်ကုန်းမို့မို့ပေါ်ကအိမ်ကလေးကလှမ်းကြည့်ရင်ကာဇက်တို့မွန်ဂိုလီးယားတို့ကစတက်မြက်ခင်းပြင်တွေလိုညိုဝါဝါမြက်ခင်းပြင်ကျယ်ကိုတောင်တက်လမ်းကလေးတလျောက်တွေ့ရတတ်တယ်။

ကျောင်းပြီးစအလုပ်လက်မဲ့ယုအတွက်တော့ခရစ္စတီးနားရဲ့ကမ္ဘာထဲကမိန်းကလေးလိုပဲမြက် ခင်းပြင်ထဲကနေတောင်ကုန်းပေါ်ကအိမ်ကလေးဆီလှမ်းကြည့်ရင်းဘယ်ကိုလွမ်းမှန်းမသိအလွမ်းစိတ်တွေနဲ့ဆွတ်ပျံ့နေတတ်တဲ့အချိန်ကာလတွေပေါ့။ တခါတခါ ယုကိုယ်ယု ပန်းချီကားထဲကခရစ္စတီးနားလိုလိုလည်း ဈာန်ဝင်စားတတ်ပြန်သေးရဲ့။

တက္ကသိုလ်မှာတုန်းကကျောင်းဆင်းချိန်တိုင်းအိမ်အပြန်လိုက်ပို့တတ်တဲ့ကိုမိုးနဲ့အတူ ဖြတ်သန်းနေကျညနေတွေကို လွမ်းစိတ်နဲ့  ‘ညနေညနေဆိုအဝေးကိုလွမ်းမိတယ်’လို့ တကိုယ်တည်းညည်းမိတဲ့အခါညည်းမိ၊ ‘အလွမ်းငှက်’ လိုကဗျာတွေလည်း ရေးဖြစ်တဲ့အခါရေးမိတယ်။

အဝေးညနေများ
လက်ဖျားနဲ့ထိတွေ့ဖို့ရာခဲယဉ်းလှတဲ့အခါ
စိတ်ဝိညာဉ်ရဲ့အနက်ရှိုင်းဆုံးတောအုပ်ဆီ
တေးသီငှက်တကောင်စေခဲ့ပေါ့
ဂီတသံကန်ရေပြင်
ကြယ်စင်များနဲ့
အိပ်မက်တိမ်မျှင်အဖျား
ခိုနားဖူးပေမယ့်
သူ့ရဲ့ဘူမိနက်သန်ဟာ
ဝေးလံသီခေါင်တဲ့
သည်တောသည်တောင်ယံသာဖြစ်ကြောင်း
ငှက်ငယ်ကောင်းစွာသိရဲ့.....

နေဝင်ချိန်တွေဆို ယုတို့နေတဲ့တောင်ပေါ်ကအိမ်ကလေးကနေလှမ်းကြည့်ရင် ဧရာ၀တီမြစ်ကိုလှမ်းမြင်ရတယ်။ မိုးရွာတဲ့အချိန်တိမ်တွေကိုနေထိုးတဲ့အခါ သက်တန့်ကြီးပေါ်လာတာမြင်ရရင်ယုသိပ်ပျော်တာပဲ။ အဲဒီအခါမျိုးကျရင် ယုမြင်သမျှသဘာဝအလှအပတွေကိုကဗျာမစပ်ပဲမနေတတ်ပြန်ဘူး။

မြစ်ပြင်အထက်မှာ
နေခြည်နဲ့မိုးရေစက်က
သက်တန့်ပေါင်းကူးတံတားထိုးလို့
မှိုင်းညိုတဲ့ပန်းချီဆေးနဲ့
တောင်များကအသွေးကျလို့
အဋ္ဌာရသအစုံအလင်နဲ့
တောအုပ်ကညှို့ငင်လို့

*****
(၂)

ညနေဖက်ဆိုမြို့ငယ်လေးမှာတခုတည်းပဲရှိတဲ့စာကြည့်တိုက်ကလေးဆီသွားပြီး စာအုပ်သွားငှားကြတယ်။ ယုတို့နေတဲ့တောင်ကုန်းကလေးနဲ့မလှမ်းမကမ်းကဝန်ထမ်းအိမ်ရာထဲမှာဖွင့်ထားတဲ့စာကြည့်တိုက်ကလေးပေါ့။ စာကြည့်တိုက်ကသေးသေးလေးဆိုပေမယ့် ဆရာမောင်ထွန်းသူဘာသာပြန်တဲ့ ဆိုင်ဂုံလို ရှစ်အုပ်တွဲစာအုပ်တွေ၊ ဆရာဆန်းထွန်း (မန်းတက္ကသိုလ်)နဲ့ ဆရာပါရဂူတို့ဘာသာပြန်တဲ့ ရာဟုလာသံကစ္စည်းရဲ့ ဗော်လဂါမှဂင်္ဂါသို့ လို စာအုပ်တွေ၊ ဆရာမစိန်စိန်ရေးတဲ့ ခရီးဝင်္ကပါလိုစာအုပ်တွေ၊ ဆရာမောင်ထွန်းသူဘာသာပြန်တဲ့ မျှော်တလင့်လင့်လိုစာအုပ်တွေအများကြီးရှိတဲ့စာကြည့်တိုက်လေးမို့ အမြင်သာသေးပေမယ့် ဉာဏ်ပညာမသေးလှတဲ့စာကြည့်တိုက်မှုးတယောက်ဦးစီးတဲ့စာကြည့်တိုက်လေး ဖြစ်ပုံရပါတယ်။

စာငှားစနစ်ကလည်း စနစ်ကျတယ်။ တယောက်ကိုအုပ်ရေငါးအုပ်ထက် ပိုငှားခွင့်မရှိဘူး။ တပတ်ထက်ပိုငှားလို့မရဘူး။ တပတ်ကျော်သွားရင် အငှားစာရင်းထပ်သွင်းရမယ်။ ပျက်စီးပျောက် ဆုံးရင် စာအုပ်တန်ဖိုးအတိုင်း ပေးလျော်ရမယ် စတဲ့စည်းကမ်းချက်တွေနဲ့မို့ ငှားရတာ အတော်အဆင်ပြေပါတယ်။ ယုစာအုပ်သွားငှားတဲ့အခါ ‘ပြာပြာ’ ဆိုတဲ့ညီမဝမ်းကွဲလေးနဲ့အတူ စကားတပြောပြောသွားကြတယ်။ သူ့အမေကယောနယ်ဖက်ကမို့ စကားပြောရင်ယောသံဝဲဝဲလေးနဲ့ပြောတတ်တဲ့ ပြာပြာက လှိုင်းတွန့်ဆံပင်လေးတွေနဲ့ ညိုချောမကလေးပေါ့။

ယုက အတွေးအခေါ်ပါတဲ့စာအုပ်တွေကိုသဘောကျတယ်။ စာဖတ်ပြီးအတွေးနယ်ချဲ့ရတာကိုလည်း ကြိုက်တယ်။ ပြာပြာကတေ ာ့ကာတွန်းရုပ်စုံတွေ၊ မဂ္ဂဇင်းတွေဖတ်ရတာ ကြိုက်တယ်။ကာတွန်းတွေဖတ်ရင်း တယောက်တည်းတခွိခွိရယ်နေတတ်တဲ့ပြာပြာ့ကိုမြင်ရင် ယုမှာပါအပျော်ဓာတ်ကူးရတယ်။

သောကြာစနေလိုရုံးပိတ်ရက်လသာတဲ့ညဖက်တွေဆို ယုတို့တောင်ကုန်းကလေးရှေ့ကမြက် ခင်းပြင်မှ ာဂစ်တာသမားတချို့ ဝိုင်းဖွဲ့တတ်ကြတယ်။ ယုတို့အိမ်မှာက ယုအပါအဝင်ညီအစ်မသုံးယောက်နေတာမို့ ညိုပြာညက်လေး ‘ပြာပြာ့’ ကိုလားဖြူဖြူချောချော ‘နီလာ့’ ကိုလားတယောက်ယောက်ကိုရည်ရွယ်ပြီး သီချင်းတွေလာဆိုနေတာဖြစ်ပါလိမ့်မယ်။ ယုကတော့ကျောင်းပိတ်မှတခါတခါလာလည်တတ်သူမို့ ဒီမြို့ငယ်လေးမှာသိတဲ့သူ နည်းပါတယ်။

ပြီးတော့ ယုမှာအဲဒီအချိန်တုန်းကလွမ်းစရာကောင်းတဲ့ချစ်သူကိုမိုးရှိတယ်လေ။ ကိုမိုးလက်ရေးလှလှလေးတွေနဲ့ တပတ်တခါရေးတတ်တဲ့စာတွေကို စာတိုက်မှာသွားသွားယူရတဲ့နေ့လည်ခင်းတွေက စိတ်လှုပ်ရှားစရာကောင်းလှတယ်။ ကိုမိုးတင်မကပါဘူး။ အဲဒီအချိန်တုန်းက နိုင်ငံရပ်ခြားကနေ ယုဆီပုံမှန်စာရေးလေ့ရှိတဲ့မိတ် ဆွေတယောက်လည်း ရှိခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ယုကိုချစ်ခင်သူတွေဆီကသတိတရရေးတဲ့စာတွေကို ဖတ်ရတာပျော်ရွှင်စရာဖြစ်ခဲ့တယ်။

*****

(၃)

မြို့ကလေးကကျဉ်းကျဉ်းကလေးမို့ဘယ်သွားသွားလမ်းလျှောက်သွားရင်သွားမဟုတ်ရင်စက် ဘီးနဲ့သွားလေ့ရှိကြတယ်။ ယုကတော့ကုန်းတက်ကုန်းဆင်းတွေမှာစက်ဘီးနင်းရမှာဝန်လေးသူမို့ လမ်းလျှောက်သွားရတာကို ပိုသဘောကျတယ်။ ယုစာတိုက်သွားတဲ့အချိန်တွေကအထက် တန်းကျောင်းသူပြာပြာနဲ့နီလာတို့ ကျောင်းတက် နေချိန်ဖြစ်လို့ တယောက်တည်းသွားရတာများပါတယ်။

စာတိုက်ကိုသွားရင် အမေအလုပ်လုပ်နေတဲ့အထက်တန်းကျောင်းကိုကျော်သွားရတယ်။ စာတိုက်ကပြန်လို့အမေ့ကျောင်းကိုခဏဝင်လည်ရင် အမေကဘယ်သူ့ဆီကစာတွေလာတာလဲလို့ စပ်စုတတ်တယ်။ ယုသူငယ်ချင်းတွေဆီကပါလို့ပြောပေမယ့်လည်း အမေယုံမှာမဟုတ်မှန်းယုသိပါတယ်။

အလယ်တန်းအထက်တန်းကျောင်းသူဘဝတွေတုန်းကတော့ ယုနာမည်နဲ့စာလာတိုင်း ဦးဆုံးထုတ်ဖတ်လေ့ရှိတာ အမေဒါမှမဟုတ် ယုတို့အတန်းပိုင်ဆရာမပေါ့။ ခုတော့ တက္ကသိုလ်ဘွဲ့ရပီပီ ယုမှာတကိုယ်ရည်လျို့ဝှက်ချက်တွေရှိလာပြီလေ။ ယုစာတွေကို ယွန်းဗူးလေးထဲမှာထည့်ပြီး အဝတ်သေတ္တာထဲမှာ သော့ခတ်သိမ်းထားရတယ်။

ကိုမိုးရေးလိုက်တဲ့စာတစောင်ထဲမှာ ယုဆီကိုသူလာတွေ့ချင်တဲ့အကြောင်း ပါတယ်။ အမေမသိအောင် ကိုမိုးကို ဘယ်လိုခိုးတွေ့ရပါ့။ ခက်တာက လူဦးရေနည်းနည်းလေးပဲရှိတဲ့ဒီမြို့ငယ်လေးမှာ ခိုးတွေ့ရမယ့်နေရာတနေရာမှ ယုမသိတာပဲ။ ဒီမြို့မှာ အိမ်ရယ်စျေးရယ် စာကြည့် တိုက်ရယ် စာတိုက်ရယ် အမေ့ကျောင်းရယ်ကလွဲပြီး ဘယ်နေရာမှမသွားတတ်တဲ့ယုအတွက်တော့ ကိုမိုးကိုတွေ့ဖို့နေရာစဉ်းစားရတာ အခက်ဆုံးပါပဲ။

အိမ်မှာကျတော့လည်း ယုအစ်ကိုကိုလေးက အချိန်ပြည့်လို ရှိနေတတ်တယ်။ ကိုလေးကယုကိုချစ်သလောက် ကိုမိုးကိုယုချစ်သူအနေနဲ့ လက်မခံနိုင်တဲ့အစ်ကိုပေါ့။ အမေကလည်း ကိုမိုးဆိုဘာအကြောင်းပြချက်မှမရှိပဲ လုံး လုံးသဘောမကျတဲ့သူ။ ယုဘာလုပ်ရပါ့။

အမေသဘောမကျတဲ့ပစ်ချက်ဆိုလို့ ကိုမိုးမှာရိုးသားလွန်းတာတခုပဲရှိမယ်ထင်တယ်။ ယုအတွက်တော့ ကိုမိုးကယုကိုအချစ်နိုင်ဆုံးသူတယောက်ပါပဲ။ ကိုမိုးကိုယုကချစ်တယ်ဆိုတာထက် သနားတာကပိုတယ်။ ၈၈ လူထုအုံ ကြွမှုအပြီးမှာတောခိုသွားရာကနေပြန်လာတဲ့ကျောင်းသားတယောက်မို့ စိတ်ဒဏ်ရာတွေများတဲ့သူဆိုပြီး သနားမိတာပဲဖြစ်မယ်ထင်ပါတယ်။

ယုကို ကိုမိုးရည်းစားစကားစပြောတုန်းကဆို ‘ယုကိုချစ်တယ်’ လို့အကြိမ်တထောင်ပြောရင်လက်ခံမယ်ဆိုလို့ တုန်တုန်ရီရီနဲ့ အကြိမ်တထောင်ပြည့်အောင်ပြောဖို့ကြိုးစားပြောနေတဲ့သူ့ကိုကြည့်ပြီး ယုပါမောလာတာနဲ့တော်ပြီတော်ပြီရပြီဆိုပြီး ရပ်ခိုင်းလိုက်ရတယ်။ အဲဒီနောက် ယုနဲ့သူရည်းစားဖြစ်သွားတာပါပဲ။

*****

(၄)

ယုရန်ကုန်မှာကျောင်းသွားတက်တော့ ယုရှိရာအရပ်ကိုလိုက်ပြီး ကိုမိုးအလုပ်ကို ရွှေ့ယူခဲ့တယ်။ ယုကျောင်းတက်တဲ့အခန်းရှေ့မှာလာလာရပ်ပြီးစောင့်တတ်တဲ့ကိုမိုးကိုအားနာလို့ ယုမှာအတန်းစောစောဆင်းရတာလည်း ခဏခဏ။

သာမန်အချိန်တွေမှာသူ့ရဲ့စွန့်စားခန်းတွေ၊ စိတ်ဒဏ်ရာတွေအကြောင်း ကိုမိုးကဘယ်တော့မှပြောမပြတတ်ဘူး။ တညနေသူအကြီးအကျယ်ဖျားလို့ လှည်းတန်းကဆေးခန်းတခန်းကိုယုလိုက်ပို့တယ်။ တောခိုတဲ့အချိန်တုန်းကရလာတဲ့ငှက်ဖျား အကြီးအကျယ်တက်ပုံပါပဲ။ ‘သူ့ကိုဖမ်းဖို့လူတွေအများကြီးနောက်မှာလိုက်လာကြပြီ’ လို့ ကယောင်ကတမ်းတွေသူပြောတယ်။ဆရာဝန်ဆေးထိုးပြီးလို့ သူ့တင်ပါးပိန်ပိန်လေးကိုယုကချေပေးတဲ့အခါ ရှက်ရှက်နဲ့ သူ့ပုဆိုးကိုအမြန်ပြန်ဝတ်တယ်။ သူ့စိတ်မှာတချိန်လုံးဖြစ်နေခဲ့တဲ့စိတ်မလုံခြုံမှုကို ငှက်ဖျားတက်တဲ့အချိန်ကျမှ ယုတွေ့ဖူးလိုက်တာပါပဲ။

နောက်ဆုံးနှစ်စာမေးပွဲဖြေခါနီးမှာ ပင်မတက္ကသိုလ်ဘက်ကဝိဇ္ဇာဆောင်ကခုံတန်းတွေမှာ ကိုမိုးကယုကို အင်္ဂလိပ်စာသင်ပေးလေ့ရှိတယ်။ နေ့လည်စာစားတဲ့အချိန်ကျရင် ဝိဇ္ဇာကန်တင်းမှာအတူတူလက်ဖက်ထမင်းစားကြတာပေါ့။

မြန်မာစာကျောင်းသူအမဝမ်းကွဲတစ်ယောက်နဲ့အတူ သိပ္ပံဆောင်ဘက်သွားပြီး သိပ္ပံကျောင်းသားထဲက King ရတဲ့တယောက်ကိုအတန်းရှေ့ကသွားသွားခိုးကြည့်တဲ့အကြောင်း ယုပြောပြရင် ကိုမိုးကရယ်နေတတ်တယ်။ ယုကရုပ်ချောတဲ့ကောင်လေးတွေကို သဘောကျတတ်သူလေ။

‘ကိုမိုးကိုချစ်လား’ လို့မေးတဲ့အခါတိုင်း ‘အင်း’ လို့ခပ်ပေါ့ပေါ့ပြောတတ်တဲ့ယုကို ကိုမိုးကမချင့် မရဲကြည့်တတ်တယ်။ ဟုတ်တယ် အဲဒီမေးခွန်းကို ကိုမိုးမေးရင်ယုမဖြေချင်ဘူး။ ယုကို မိုးကိုသိပ်ခင်တယ်။ တခါတခါသိပ်သနားတယ်။ ဒါပေမယ့် ကိုမိုးနဲ့အိမ်ထောင်ပြုပြီး တသက်လုံးနေဖို့ကိုတော့ တခါမှစိတ်ကူးမယဉ်မိဘူး။

ကိုမိုးစိတ်ချမ်းသာအောင်ဆိုပြီး သူ့မွေးနေ့တခုမှာတရားရုံးကိုသွားပြီးလက်ထပ်စာချုပ်မှာလက် မှတ်ထိုးပေးခဲ့ပေမယ့်လည်း ကိုမိုးကအတူနေရအောင်ပြောလေ ယုကတွေဝေလေပါပဲ။ ယုဘယ်သူ့ကိုချစ်နေလို့လဲလို့မေးရင်လည်း ယုမှာတသက်လုံးအတူနေချင်လောက်အောင် ချစ်မိတဲ့သူမရှိသေးပါဘူး။ ကိုမိုးက ယုဘဝမှာပထမဆုံးထားခဲ့တဲ့ရည်းစားပဲလေ။

တခုပဲရှိတယ်။ ကိုမိုးနဲ့ချစ်သူမဖြစ်ခင်တုန်းက မလျော်ဩဇာသုံးပြီး ယုခန္ဓာကိုယ်ကိုလုယူတဲ့သူတယောက်ကြောင့် ယုစိတ်တွေအညွန့်ကျိုးခဲ့ရတယ်။ ကိုယ့်ခန္ဓာကိုယ်အပေါ်မသတီစိတ်နဲ့တလျောက်လုံး သိမ်ငယ်စိတ်ဝင်ခဲ့ရတယ်။

ကိုမိုးကယုကိုချစ်ရေးဆိုတဲ့အချိန်မှာ ဟိုရွံစရာလူကြီးထက်တော့ ကိုမိုးကအများကြီးသာတာပဲဆိုပြီး ချက်ချင်းလက်ခံဖြစ်ခဲ့တယ်။ အချစ်ကြောင့်မဟုတ်ပဲ စိတ်ထွက်ပေါက်တခုအဖြစ် လက်ခံမိလိုက်တာကိုက ကိုမိုးကံဆိုးမိုးမှောင်ကျဖို့ဖြစ်လာတာပဲ။

ချစ်သူသက်တမ်းကြာလာလေလေ ကိုမိုးအပေါ်သံယောဇဉ်ပိုလာလေမို့ အလွယ်တကူဖြတ်ဖို့မဖြစ်နိုင်တော့ဘူး။ ကိုမိုးမှာလည်း ယုကိုလက်မထပ်ရမချင်း ယုစိတ်ကိုမရနိုင်ဘူးထင်လို့ ဗျာများရတဲ့အချိန်တွေပေါ့။

ကိုမိုးအဝေးရောက်နေတုန်း ယုနားမှာတရစ်ဝဲဝဲလာလုပ်တဲ့လိပ်ပြာလို လူတွေကိုလည်း အနေနီးစပ်မှုကြောင့်ဖြစ်ဖြစ် တဒင်္ဂသာယာမှုကြောင့်ဖြစ်ဖြစ်စိတ်ကစားမိပေမယ့် ယုချစ်မိတဲ့သူရယ်လို့မရှိပါဘူး။ အထူးသဖြင့် ယုခန္ဓာကိုယ်ကိုဇွတ်လုယူဖို့ကြိုးစားတဲ့သူဆို ယုမုန်းတယ်။

ဒီတခါ ကိုမိုးယုကိုလာတွေ့ရင်ရော ယုဘာပြောရမှာပါလိမ့်။ ကိုမိုးနဲ့အတူနေဖို့လည်း ယုကိုယ်ယု ယုံကြည်မှုမရှိ၊ ယုဘ၀ရှေ့ရေးအတွက်လည်း ဘာကိုမှသေသေချာချာမဝေခွဲနိုင်သေးတဲ့အတူတူ နောက်ဆုံးတော့ ယုရဲ့ယုန်တွင်းကလေးထဲကိုပဲပြန်တိုးဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။

*****

(၅)

ဘာကြောင့်ရယ်မသိအန်ဒရူးဝိုက်ယက်ရဲ့ခရစ္စတီးနားရဲ့ကမ္ဘာပန်းချီကားကိုတွေ့တိုင်း ဒီပန်းချီကားထဲကပန်း ရောင်ဝတ်စုံနဲ့ဆံပင်ဖရိုဖရဲနဲ့အမျိုးသမီးလေးရဲ့မျက်နှာကို တခါလောက်မြင်ဖူးချင်ခဲ့တယ်။ သူကဘာကြောင့်ကျောခိုင်းနေရတာလဲ၊ ဘာကြောင့်မို့ သူတယောက်တည်းဖြစ်နေရတာလဲ၊ အဲဒီအိမ်ကလေးကသူ့ရဲ့ကမ္ဘာတခုပဲလားဆိုတဲ့မေးခွန်းတွေခေါင်းထဲမှာတခုပြီးတခုဝင်လာအောင် ဆွဲဆောင်မှုရှိတဲ့ပန်းချီကားတချပ်မို့ ဒီကားလေးအကြောင်းကို ရှာဖတ်မိတယ်။

အန်ဒရူးဝိုက်ယက်ပန်းချီကားထဲက အန်နာခရစ္စတီးနားအော်(လ)စန်ဆိုတဲ့မိန်းကလေးက အသက်သုံးဆယ်လောက်ကတည်းက ကြွက်သားတွေမသန်စွမ်းတဲ့ရောဂါကြောင့် လမ်းမလျှောက် နိုင်တဲ့မိန်းကလေးပေါ့။ ဒါပေမယ့် ခရစ္စတီးနားက လက်တွန်းလှည်းနဲ့သွားဖို့ကို အမြဲဆန့်ကျင်ပြီး သူသွားချင်တဲ့နေရာကို ပုံထဲကလိုပဲတွားသွားလေ့ရှိတယ်တဲ့။ ဒီမိန်းကလေးကိုတွေ့ပြီး အန်ဒရူးဝိုက်ယက်က ဒီပန်းချီကားကိုဆွဲဖြစ်ခဲ့တာလို့ ဖတ်ရတယ်။ ပန်းချီကားထဲကအိမ်ကလေးကတေ ာ့ခရစ္စတီးနားတရွေ့ရွေ့တွားသွားပြီး ပြန်လေ့ရှိတဲ့အိမ်ကလေးပေါ့။

ပန်းချီကားထဲကခရစ္စတီးနားရဲ့နောက်ကျောပြင်ကလေးက သူမသန်စွမ်းဖြစ်နေတာကိုမမြင် သာပေမယ့် သူ့ရဲ့ကမ္ဘာလေးကိုတော့ ကောင်းကောင်းမြင်နေရတယ်။ ယုမှာလည်း ခရစ္စတီးနားလိုကမ္ဘာတခုရှိခဲ့တာပါပဲ။ ယုရဲ့ယုန်တွင်းကလေးက ယုကမ္ဘာပေါ့။ ယုရဲ့ယုန်တွင်းကလေးဆိုတာ ယုအိမ်ကယုရဲ့အခန်းလေးပေါ့။

နှလုံးသားတွေမသန်စွမ်းမှတော့ တောင်ကုန်းမို့မို့ကလေးပေါ်ကနေ မြက်ခင်းပြင်ထဲကညိုဝါဝါမြက်ပင်လေးတွေကို ငေးနေဖို့သာရှိတော့တာပဲ။ တခါတခါ အဲဒီမြက်ပင်ဝါဝါတွေထဲသွားထိုင်ရင်း တောင်ကုန်းပေါ်ကအိမ်ကလေးကို ပြန်ငေးတယ်။ ယုန်တွင်းကလေးထဲမှာနေရင်း တနေကုန်တနေခန်းစာအုပ်တွေဖတ်တယ်။ ယုယုန်တွင်းလေးကယုရဲ့ကမ္ဘာ။ တချိန်ချိန်မှာတယောက်တည်းတရွေ့ရွေ့တွားသွားပြီး ပြန်ရမယ့်ယုရဲ့နေရာပေါ့။

မိုးရွာတဲ့နေ့တွေမှာ ဧရာ၀တီမြစ်ဆီလှမ်းငေးရင်း သက်တန့်ပေါင်းကူးတံတားတစင်းကို ရှာမိတယ်။ ရေးလက်စယုကဗျာကို အဆုံးသတ်နိုင်အောင်ပေါ့။

သက်တန့်ပေါင်းကူးထက်ကနေ
တဖက်တောအုပ်ဆီလှမ်းဖို့
ပျံသန်းခက်တဲ့ငှက်ငယ်ဟာ
အဝေးကညနေတွေဆီလည်ပြန်ကြည့်ရင်း
မဆုံးနိုင်တဲ့တေးချင်းကိုသာညည်းမိတယ်။
ညနေညနေဆို ....အဝေးကိုလွမ်းမိတယ်။

မြတ် 
(ဇူလိုင် ၁၂၊ ၂၀၂၂)
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar