ခန့်ဝါငြိမ်း - အမှောင်နှစ်များ
ခန့်ဝါငြိမ်း
(မိုးမခ) ဩဂုတ် ၂၃၊ ၂၀၂၂
အနိစ္စ ဒုက္ခ နစက
လူကလူကို
အမဲလိုက်နေကြတဲ့ကာလ။
နဖားကြိုးနဲ့တုပ်ကြ
ရွှေဆွဲကြိုးကိုဖြုတ်ကြ
ထဘီကိုစုတ်ကြ
လူကိုအပိုင်းပိုင်းခုတ်ကြ။
မှတ်မိကြလား
အခုပြေးလာပြီး
မီးရှို့နေသူတွေဟာ
အရင်ရေကြီးတုန်းကပြေးလာပြီး
ကူညီယောင်ဆောင်ဖူးသူတွေ။
မသေမရှင်ဝက်ဆီက
အသားကိုလှီးလို့
မသေမရှင်လူကို
ထင်းတချောင်းလိုမီးထဲထည့်လို့
မာရ်နတ်ရဲ့
စစ်သည်တော်တွေအတွက်
ရွာတရွာကိုမီးရှို့ရတာဟာ
ရာမတပြားကိုမီးရှို့ရသလို။
ပလ္လင်ပေါ်မှာ
မင်းဆိုးမင်းညစ်စံမြန်းနိုင်ဖို့
ဘုရားတွေဟာ
ပြာပူပေါ်ဆင်းပေးရှာတယ်။
အနိစ္စ ဒုက္ခ နစက
လူကလူကို
အမဲလိုက်နေကြတဲ့ကာလ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar