မြန်မာ့ Diaspora ဇာတ်လမ်း
မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၂၁ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၂ ၊ ၂၀၂၂
မြန်မာ့ Diaspora ဇာတ်လမ်း
စစ်ကိုင်းတိုင်းမှာ ရှိတဲ့ မြို့နယ် ၃၇ မြို့နယ်ရှိတဲ့အနက် ၂၉ မြို့နယ်လောက်မှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အဲဒီ ၂၉ မြို့နယ်အနက် ထက်ဝက်ကျော်တဲ့ မြို့နယ်တွေမှာ လက်နက်ကိုင်တိုက်ပွဲ စစ်ကောင်စီရဲ့ စစ်ကြောင်းဝင်တာ ဖျက်ဆီးတာ၊ တန်ဖိုးရှိတဲ့ ပစ္စည်းနဲ့ ရိက္ခာတွေကို ယူဆောင်တာ၊ မီးရှို့တာ၊ ဖမ်းဆီးရိုက်နှက် စစ်ဆေးတာ သတ်ဖြတ်တာတွေ နေ့စဥ် သို့မဟုတ် အပတ်စဥ်လို တရွာမဟုတ်တရွာမှာ ဖြစ်ပွားနေတဲ့ သဘောရှိပါတယ်။ မြေပုံကိုကြည့်ရင် အနောက်ဘက် အပေါ်အဖျားက တမူးမြို့လို နေရာမှာလည်း မကြာခဏ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားသလို အနောက်ဘက် ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ ဆက်စပ်နေတဲ့ ဒေသတွေ ဖြစ်တဲ့ ကလေး၊ မင်းကင်း၊ ကနီ စတဲ့ဒေသတွေမှာလည်း တိုက်ပွဲတွေ မကြာခဏဖြစ်ကာ အနောက်တောင် ဘက်မှာဆို ချင်းတွင်းနဲ့ ဧရာဝတီဆုံရာ အနီးက မကွေးတိုင်းနဲ့ ဆက်စပ်နေတဲ့ မြောင်မြို့နယ်လိုမျိုးမှာလည်း PDF အားကောင်းတာတွေ့ရမှာ ဖြစ်ပါတယ်။ မုံရွာမြို့နယ် တဝိုက် ရွှေဘိုမြို့နယ်တဝိုက်မှာတော့ နေ့စဥ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာတွေ အဖြစ်သတင်းတွေထဲ မြင်ရမှာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းလိုပဲ အလားတူ ကယားပြည်နယ်မှာလည်း လွိုင်ကော်၊ ဒီမော့ဆို၊ ဖယ်ခုံ၊ ဖရူဆို စတဲ့ဒေသတွေမှာ မကြာမကြာ တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာတော့ မြဝတီ ၊ ကော့ကရိတ်တဝိုက်၊ ဖာပွန်ခရိုင်၊ သထုံခရိုင်နဲ့ ကျောက်ကြီး တို့မှာ နေ့စဥ် မဟုတ်တောင် အပတ်စဥ် တိုက်ပွဲသတင်းတွေ ကြားနေကြရတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တကျော့ပြန် အရှိန်မြင့်လာတဲ့ အချို့နေရာတွေမှာ အသစ်ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှု စစ်ကောင်စီရဲ့ မြေလှန်စနစ်နဲ့ ရှင်းလင်းမှုတွေက တနှစ်ကျော်အတွင်း စစ်ဘေးဒုက္ခသည်ပေါင်း ၉ သိန်းကျော် ထပ်တိုးစေခဲ့ပါတယ်။ ဒုက္ခသည်တွေ ၉ သိန်းကျော်တိုးလာသလို ဒုက္ခသည်လို့ မဆိုနိုင်ပေမယ့် ကိုဗစ်ကပ်ဘေး အပြီး စစ်ဘေးကြောင့် ထပ်မံထိခိုက်ရတဲ့ စီးပွားရေး ကျဆင်းမှု ၊ အလုပ်အကိုင် ရှားပါးလာပြီး လူနေမှုစရိတ်ကြီးမြင့်လာမှုတွေကြောင့် ပြည်တွင်းမှာ ရွှေ့ပြောင်း လုပ်ကိုင်ရသူတွေရှိလာသလို ပြည်ပကို ထွက်ခွာပြီး ရရာ အလုပ်အကိုင်အခွင့်အလမ်းအတွက် တရားဝင်ရော တရားမဝင်ပါ ထွက်ခွာနေကြတာ လှိုင်းလုံးသဖွယ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း ထိုင်း မြန်မာနယ်စပ်ကို တရားမဝင် ခိုးဝင်လို့ ဖမ်းဆီးခံရသူ ၈ သောင်းနဲ့ အထက်ရှိပြီး ဖမ်းဆီးမခံရဘဲ ရောက်ရှိသွားသူတွေက ဖမ်းဆီးခံရသူ အရေအတွက်ထက် ပိုများနိုင်တာ ဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံတင် မဟုတ်ဘဲ တတိယနိုင်ငံဖြစ်တဲ့ မလေးရှားကို ပန်းတိုင်ထားပြီး ထိုင်းနိုင်ငံထဲက ဖြတ်သန်း ခိုးဝင်သူတွေလည်း နေ့စဥ်လိုလို လစဥ်လိုလို ရှိနေတာ ဖြစ်ပါတယ်။ မလေးရှားမှာ အလုပ်လုပ်ကိုင်ပြီးနေထိုင်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်လက်မှတ် လျှောက်ထားပြီး ကာလတခုမှာ အခြားနိုင်ငံတနိုင်ငံမှာ အခြေချဖို့ ထွက်ခွာသူတွေလည်း ရာထောင်ချီနေလိမ့်မယ်လို့ မှန်းဆရပါတယ်။
ထိုင်းနိုင်ငံ၊ တောင်ကိုးရီးယား၊ အရှေ့အလယ်ပိုင်း နိုင်ငံတချို့၊ ဂျပန်တို့လို နိုင်ငံတွေမှာ အလုပ်သွားလုပ်ဖို့ရာအတွက် တရားဝင် နိုင်ငံကူးလက်မှတ်လုပ်ကြတဲ့ နိုင်ငံကူးလက်မှတ်ရုံးမှာလည်း တနေ့တနေ့ လူရာထောင်ချီနေတာ ဖြစ်ပါတယ်။ ကိုဗစ် မဖြစ်ခင် စစ်အာဏာမသိမ်းခင်က လက်နက်ကိုင် ပဋိပက္ခဒေသက လူတွေအဖို့တော့ အလုပ်လုပ်နိုင်တဲ့ လူငယ်တွေကို ရန်ကုန်လို မန္တလေးလိုမြို့တွေမှာ အလုပ်လုပ်ဖို့ စေလွှတ်ခဲ့ကြပေမယ့် စစ်အာဏာသိမ်းပြီးနောက် ပြည်ပရင်းနှီးမြှုပ်နှံမှု သိသိသာသာ ကျဆင်းလာတဲ့ကာလမှာ အခုလို ပြည်ပကိုပဲ ဦးတည်ပြီး စေလွှတ်တာ သွားဖို့ အားပေးတာတွေ ဖြစ်လာပါတော့တယ်။ လူငယ် လူလတ်ပိုင်းတွေအနေနဲ့ မိမိတို့ ဒေသမှာနေထိုင်ရင်လည်း လက်နက်ကိုင် တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းခံရနိုင်တဲ့ စိုးရိမ်မှုအပြင် ပြည်ပမှာ အလုပ်လုပ်နိုင်ရင် မိသားစုတွေရဲ့ စားဝတ်နေရေးကိုလည်း ထောက်ပံ့နိုင်တာကြောင့် အခုလို လူငယ်တွေ အလုပ်လုပ်နိုင်သူတွေ ပြည်ပကိုထွက်တဲ့ ရေစီးကြောင်းကြီး အရှိန်အဟုန်ပိုကြီးလာတာ ဖြစ်ပါတယ်။
၂၀၂၀ မတိုင်မီ အရင်ကတည်းက မွန်၊ ကရင်၊ တနင်္သာရီတို့မှာ ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်ကြတာ ရေစီးကြောင်းသဖွယ် ရှိပြီးဖြစ်ပေမယ့် အခုတော့ ကိုဗစ်အလွန် စစ်အာဏာသိမ်းမှုနောက်မှာ ဒီလှိုင်းလုံးက ပိုအရှိန်မြင့်တက်လာပြီး တနိုင်ငံလုံး ဒေသအများအပြားက လူငယ်တွေ လူလတ်ပိုင်းတွေ ရတဲ့နည်းနဲ့ ထွက်ခွာလုပ်ကိုင် ကြဖို့ လုပ်ဆောင်လာကြတာပါ။
ပြည်တွင်းမှာ အလုပ်လုပ်ကိုင်ပြီး မြင့်တက်လာနေတဲ့ လူနေမှုစရိတ်ကို ကျော်လွန်ရှင်သန်ဖို့ မလွယ်ကူတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေအတွက် ဥပဒေအရ သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံးလုပ်ခလစာက စစ်အာဏာသိမ်းပြီးနောက် မြန်ဆန်စွာ ကျပ်ငွေတန်ဖိုးကျဆင်းလာတာနဲ့ နှိုင်းကြည့်ရင် ဘယ်လိုမှ သဘာဝမကျတော့လို့ အလုပ်သမားအချို့ က သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနကို လစာတိုးမြှင့်သတ်မှတ်ပေးဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။ နိုင်ငံခြားငွေနဲ့ မြန်မာကျပ်ငွေလဲနှုန်း သိသိသာသာ ပြောင်းလဲလာတဲ့နောက် ပြည်ပ လက်ခစားအော်ဒါတွေကို ချုပ်ပေး ထုတ်လုပ်ပေးနေတဲ့ အလုပ်သမားတွေအဖို့ သူတို့ရဲ့နေ့စားလခတွေလည်း ပြောင်းလဲသင့်ပြီလို့ ယူဆပြီး တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်း စီးပွားရေး အကျပ်အတည်းက ပြည်တွင်းက အလုပ်လုပ်နိုင်တဲ့ လူငယ် လူလတ်ပိုင်းတွေကို ပြည်ပကို ထွက်ခွာဖို့ တွန်းအားပေးသလို ဖြစ်စေတာ ဖြစ်ပြီး အချို့လည်း ပြည်ပနိုင်ငံတွေမှာ အပြီးတိုင် ပြောင်းရွှေ့နေထိုင်ဖို့ အခွင့်အလမ်းရတဲ့အထိ ကြိုးစားပြီး နေထိုင်ကြတော့တဲ့ အနေအထားလည်း ဖြစ်လာနေတာ ဖြစ်ပါတယ်။
ဒီလို အောက်ခြေအလွှာ ကျေးလက်နဲ့ မြို့ငယ်တွေက လူတန်းစားအလွှာက ပြည်ပကို ထွက်ဖို့ကြိုးစားသူတွေ ရှိသလိုပဲ မြို့ကြီးတွေက ပညာတတ်သူတွေ၊ ကိုယ်ပိုင်လုပ်ငန်းနဲ့ အရင်းအနှီးရှိသူတွေလည်း ပြည်ပမှာ အခြေချဖို့ ပြင်ဆင်ကြိုးစားနေကြတာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံကို တရားဝင် ဗီဇာတခုခုနဲ့ ပြောင်းရွှေ့နေထိုင်ပြီး သားသမီးတွေပါ ထိုင်းမှာ ကျောင်းထားကာ နေထိုင်ကြတဲ့သူတွေလည်း တွေ့လာရသလို အချို့ နိုင်ငံရေး နယ်ပယ်က သူတချို့၊ အရပ်ဘက် အဖွဲ့အစည်းနဲ့ နိုင်ငံတကာအန်ဂျီအိုတွေမှာ ဝန်ထမ်းလုပ်ကိုင်ဖူးသူတွေလည်း အိမ်နီးချင်းနိုင်ငံမှာ သို့မဟုတ် တတိယနိုင်ငံမှာ အခြေချဖို့ လုပ်ဆောင်နေကြတာတွေ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ တွေ့နေ ကြားသိနေရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို တစတစ နစ်မြုပ်နေတဲ့ သင်္ဘောတစီးနဲ့ တင်စားကြည့်ရင် သင်္ဘောမနစ်မြုပ်မီမှာကတည်းက စွန့်ခွာနေကြတဲ့ သူတချို့၊ တစတစ နစ်မြုပ်လာစဥ်မှာ စွန့်ခွာဖို့ ဆုံးဖြတ်ပြီး စွန့်ခွာနေသူတချို့နဲ့ တစတစ နစ်မြုပ်လာတဲ့ သင်္ဘောထဲမှာပဲ မစွန့်ခွာဘဲ အချင်းချင်း ကူညီရိုင်းပင်းကြဖို့ စိတ်ပိုင်းဖြတ်ထားသူ နစ်မြုပ်သူအချင်းချင်း အပေါ်စီးရအောင် တခြားသူတွေကို နင်းပြီးတက်မယ့်သူ စသဖြင့် အမျိုးမျိုးသော ရွေးချယ်မှုတွေ တွေ့နေရတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar