တူမောင်ညို - လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးတွေရဲ့ နှစ် ၇၀ ကျော်ခရီး
(မိုးမခ) သြဂုတ် ၂၃၊ ၂၀၂၂
၁၉၄၉ ခုနှစ်ကနေ ဒီနေ့ (၂၀၂၂ ခုနှစ်) အထိ “လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးတွေ” ချီတက်လာခဲ့တဲ့ ချီတက်နေဆဲဖြစ်တဲ့ ဖြတ်သန်းမှုခရီးရှည်ကြီး (၇၃ နှစ်တာခရီး) ကို အကြမ်းဖျင်းသဘော လေ့လာသုံးသပ်ကြည့်မိပါတယ်။ အရိုးရှင်းဆုံးနဲ့အလွယ်ကူဆုံးမေးခွန်းတစ်ခုပေါ်လာပါတယ်။
“ဘာကြောင့် လူမျိုးစုတော်လှန်ရေးတွေဟာ ဒီလောက်ထိအချိန်ကြာမြင့်ပြီး ဘာကြောင့် ရည်မှန်းချက်အောင်ပွဲပန်းတိုင်ကို မရောက်နိုင်ရသေးတာလဲ”
ကနဦးရည်မှန်းချက်နဲ့ပြောင်းလဲရွေ့လျားလာတဲ့ရည်မှန်းချက်
လူမျိုးစုတော်လှန်ရေးတွေအများစုရဲ့ ကနဦးရည်မှန်းချက်ဟာ“လွတ်လပ်တဲ့နိုင်ံ” ထူထောင်ကြဖို့ဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ “တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး” ဘက်ကို တိမ်းညွှတ်သွားတာ တွေ့ရပါတယ်။
တော်လှန်ရေးဦးဆောင်မှုအပိုင်း
ကိုလိုနီခေတ်ပညာတတ်တွေ၊ ကိုလိုနီစစ်တပ်ထဲမှာ အမှုထမ်းဖူးတဲ့၊ ကန္ဒီစာချုပ်အရ ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ စစ်တပ်ထဲမှာ အမှုထမ်းဖူးတဲ့ စစ်ဗိုလ်တွေ၊ အကြပ်တပ်သားတွေ၊ ပဒေသရာဇ်စော်ဘွားတွေ၊ သူတို့ရဲ့သားသမီးတွေ၊ တက္ကသိုလ် ပညာတတ်လူငယ်တွေ ပါဝင်ခေါင်း ဆောင်ကြတာကိုတွေ့ရပါတယ်။
နည်းလမ်းအပိုင်း
ခေတ်ကာလနဲ့အုပ်စိုးသူရဲ့အခြေအနေအပေါ်မူတည်ပြီး “လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ ဥပဒေတွင်းနည်းလမ်း” တွေကို ကိုင်စွဲအသုံးပြုခဲ့တာကိုတွေ့ရပါတယ်။ ယူဂျီလုပ်ငန်းရယ်လို့ တိတိကျကျမရှိဘဲ။ ဖောက်ခွဲရေးနဲ့စစ်ရေးဆိုင်ရာ လုပ်ကြံသတ်ဖြတ်မှုတွေပဲရှိပါတယ်။
လူထုအုံကြွမှုကြီးတွေနဲ့ကင်းကွာနေတာကိုလည်းသတိပြုမိပါတယ်။ မြို့ပြလူထုအုံကြွမှုတွေ ဖော်ထုတ်ဖို့ ပြင်ဆင်ဖို့ လုပ်ငန်းမျိုးလည်း ရှိဟန်မတူပါဘူး။ ၁၉၈၈ ခုနှစ်ရောက်တော့မှသာ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးကနေ လက်နက်ကိုင်တော်လှန်ရေးထဲခြေစုံပစ်ဝင်လာတဲ့လူငယ်တွေနဲ့ အုံနဲ့ကျင်းနဲ့စတင်ထိတွေ့လာရတာပါ။ ဒိအရင်က မရှိဖူးပါဘူး။ သက်ဆိုင်ရာလူမျိုးအဖွဲ့အစည်းထံ “တောခိုတယ်” ဆိုတာ သူလူမျိုးစုထဲက အင်မတန်နည်းပါးတဲ့ အရေအတွက်ပဲရှိတာပါ။
အမြင်ဆိုင်ရာ
သက်ဆိုင်ရာ လူမျိုးစုတိုင်းဟာ မိမိလူမျိုးရေးအမြင်ကိုပဲ ကိုယ်စီကိုင်စွဲထားကြပါတယ်။ ဒီအမြင်ကိုယ်၌က အကန့် အသတ် ၂ မျိုးပါဝင်နေတဲ့အမြင်ဖြစ်ပါတယ်။ ပထမအကန့်အသတ်က မိမိလူမျိုးဆိုတဲ့အကန့်အသတ်ဖြစ်ပါတယ်။ ဒုတိယ အကန့်အသတ်ကတော့ နယ်မြေဒေသဆိုင်ရာ အကန့်အသတ်ဖြစ်ပါတယ်။ မိမိနေထိုင်ရာဒေသရဲ့အပြင်ကို မကျော်လွန်တဲ့ အကန့်အသတ်ကိုဆိုလိုတာပါ။
ဒီအမြင်ဟာ နိုင်ငံရေးနဲ့စစ်ရေးမှာပါ အကန့်အသတ်တွေကို ပြဋ္ဌာန်းသက်ရောက်စေပါတယ်။ ဒါ့အပြင် မိမိနဲ့ဘဝတူ အခြားသော အဖိနှိပ်ခံလူမျိုးတွေနဲ့သွေးစည်းရေးမှာလည်း ဒီအမြင်ဟာ အကန့်အသတ်ဖြစ်စေပါတယ်။ ဒါ့အပြင်မရှောင် လွှဲနိုင်တဲ့ မိမိအတွင်းပိုင်းပဋိပက္ခတွေဖြစ်တဲ့ ဂိုဏ်းအုပ်စုပဋိပက္ခတွေ၊ အခြားလူမျိုးစုများနဲ့ဖြစ်ရတဲ့ (လူမျိုးဆိုင်ရာ/ နယ်မြေဆိုင်ရာ) ပဋိပက္ခတွေလည်း ပုံစံမျိုးစုံနဲ့ပေါက်ဖြစ်ပွားစေတတ်ပါသေးတယ်။
ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့အစည်းထဲမှာ သဘာဝကျစွာရိုက်ခတ်မြဲဖြစ်တဲ့ အမြင် ၂ ရပ်၊ လမ်းစဉ် ၂ ရပ်တိုက်ပွဲကလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေအထားကို ပြောင်းလဲစေပြန်ပါတယ်။ အချို့က လူမျိုးပေါင်းစု အဖွဲ့အစည်းတွေအဖြစ်၊ တိုးတက်ရေးပါတီတွေအဖြစ် ဖွဲ့စည်းလှုပ်ရှားကြပါတယ်။ ဒီအခါမှာပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေဟာ အချင်းချင်း ပြန်လည်တိုက်ခိုက်ကြတဲ့အထိ အထွတ်အထိပ်ကိုရောက်ခဲ့ကြတာမျိုးတွေလည်းရှိခဲ့ဖူးပါတယ်။
လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေဟာ ဒီလိုပဋိပက္ခအဖုံဖုံကို ခေတ်ကာလအချိုးအကွေ့မျိုးစုံမှာ ဖြတ်သန်းလာခဲ့ကြပါတယ်။ တချို့က သူရဲကောင်းပီသစွာ ကျဆုံးကုန်ကြပါတယ်။ တချို့က သက်ရှိတိုင်း၊ လူသားတိုင်းရဲ့ဖြစ်စဉ်တရားအတိုင်း အိုနာသေဆိုတဲ့ဖြစ်စဉ်ကိုဖြတ်သန်းသွားကြပါတယ်။ တချို့ကတော့ မဟာလူမျိုးကြီးရန်သူလို့ဆိုတဲ့ စစ်အုပ်စုအုပ်စိုးသူထံ ပြေးဝင်ဝပ်တွားသွားကြပါတယ်။
၈၈ နောက်ပိုင်း
၁၉၈၈ ခုနှစ်နောက်ပိုင်း လူမျိုးစုအဖွဲ့အစည်းတွေမှာတွေ့ရတဲ့ ကွဲအက်မှုနဲ့ခွဲထွက်မှုတွေကတော့ ဘယ်အချိုးအကွေ့ ကာလနဲ့မှမတူအောင်များပြားတယ်လို့ဆိုချင်ပါတယ်။ မိခင်အဖွဲ့အစည်းကနေ အကြောင်းပြမျိုးစုံ - နာမည်မျိုးစုံနဲ့ ခွဲထွက်ကြ ပါတယ်။ ခွဲထွက်တွေအချင်းချင်းလည်း မညီညွတ်ပါ။ ခွဲထွက်အဖွဲ့တစ်ခုထဲအတွင်းမှာလည်း မညီညွတ်ကြဘဲ ထပ်မံပြီး အစိတ်စိတ်အမြွှာမြွှာခွဲထွက်ကြပြန်ပါတယ်။ မိခင်အဖွဲ့အစည်းနဲ့ပြန်ပေါင်းထုတ်ကြတာမျိုးလည်းတွေ့ရပါတယ်။ အင်မတန် မြင်သာတဲ့အချက်က ကွဲထွက်-ခွဲထွက်ကြသူအများစုဟာ လူမျိုးကြီး ရန်သူနဲ့ ပူးပေါင်းသွားကြတဲ့အချက်ပါ။
နောက်တစ်ချက်တွေ့ရတာက တည်ငြိမ်တဲ့ ‘လွတ်မြောက်ဒေသ’ တည်ဆောက်နိုင်ခြင်းမရှိကြတာပါ။
နောက်တစ်ချက်ကတော့ တော်လှန်ရေးရှည်ကြာလာတာနဲ့အမျှ ချမ်းသာကြွယ်ဝလာကြပြီး၊ တော်လှန်ရေးထဲမှာ ဆင်းရဲချမ်းသာကွာဟလာတဲ့ အချက်ပါ။ ဒီအချက်ကလည်း မိမိအဖွဲ့အစည်းအတွင်း အုပ်စုနဲ့ဂိုဏ်းတိုက်ပွဲကို ပိုမိုတွန်းအား ပေးပြန်ပါတယ်။ တော်လှန်ရေးဆန်ဆန်နေထိုင်သွားတဲ့ခေါင်းဆောင်တွေမရှိဘူးလားဆိုတော့ရှိပါတယ်။ ဒါပေမယ့် အရေအတွက်အရနည်းပါးသလို သူနေထိုင်ကျင့်ကြံတဲ့တော်လှန်ရေးဆန်ဆန်နေထိုင်မှုကို အဖွဲ့အစည်းတွေ ပျံ့နှံ့အောင် မလုပ်နိုင်ကြသလို အဆုံးအဖြတ်ပေးနိုင်တဲ့နေရာကိုလည်း သူတို့ မရရှိကြပါဘူး။ သူတို့ဟာ လူချစ်လူခင်ပေါများပြီး ရိုးရိုးကုပ်ကုပ်နဲ့ နေထိုင်သွားပြီး ကွယ်လွန်သွားကြပါတယ်။ လေးစားဖွယ်ကောင်းတဲ့ ထိုခေါင်းဆောင်များရဲ့ဖြောင့်မတ်တဲ့ နေထိုင်မှုတွေဟာ နှောင်းလူတွေရဲ့ပါးစပ်ဖျားမှာ ပြောစမှတ်တွင်ပြီး ကျန်ရစ်ပါတယ်။ ကြည်ညိုလေးစားသူတွေက ထိုခေါင်းဆောင်တွေရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထုတ်ဝေဖြန့်ဖြူးကြပါတယ်။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးနောက်ပိုင်းမှာ လူမျိုးစုအဖွဲ့တွေဟာ ဒီမိုကရေစီလှုပ်ရှားမှုကြီးရဲ့ ခေါင်းဆောင်မှု အခန်းကို ရရှိခဲ့ကြပါတယ်။ ဖွဲ့သမျှတပ်ပေါင်းစုတွေမှာလည်း အဓိကခေါင်းဆောင်နေရာကို လူမျိုးစုတွေကပဲ ရယူခဲ့ကြတာပါ။ ဒါပေမယ့် တော်လှန်ရေးကို ပိုမြင့်နဲ့အဆင့်သစ်သို့ တွန်းမတင်နိုင်ခဲ့ကြပါဘူး။ ၁၉၈၈ အရေးတော်ပုံကြီးထဲက ထိုးထွက်လာတဲ့ ထိုစဉ်က လူငယ်မျိုးဆက်သစ်တွေဟာ တော်လှန်ရေးတစ်ခုလုံးကိုခေါင်းဆောင်ဖို့အတွက် ဘယ်လိုမှ အဆင်သင့်မဖြစ်ခဲ့ပါဘူး။ ဒါဟာ သဘာဝကျပါတယ်။ စာသင်ခန်းက အခုမှ ထွက်လာတဲ့လူငယ်တွေမဟုတ်ပါလား။ သူတို့အထဲမှာလဲ ငယ်သူတို့သဘာဝ အဖုအထစ်တွေ အုပ်စုတွေ ဂိုဏ်းဂဏတွေနဲ့ အကွဲကွဲအပြားပြားဖြစ်ခဲ့ကြရတာပါပဲ။
မျက်မှောက်အမြင်
မဟာလူမျိုးကြီးဝါဒကို အဓိကရန်သူအဖြစ်ဦးတည်ကာ လူမျိုးတစ်မျိုးထဲလွတ်မြောက်ဖို့သာရည်စူးပြီး တိုက်ပွဲဝင်နေတဲ့အမြင်ဟာ လူမျိုးပေါင်းစုံနေထိုင်တဲ့တိုင်းပြည်မှာရေရှည်မှာ ကောင်းမွန်တဲ့အကျိုးဆက်ရလဒ်ကို ရနိုင်စရာ ဘယ်လိုမှအကြောင်းမရှိနိုင်ပါဘူး။ ဗမာအပါအဝင် လူမျိုးပေါင်းစုံပြည်သူတွေဟာ အုပ်စိုးသူအဆက် ဆက်က ဖိနှိပ်တာကို ခံနေကြရတယ်၊ အဲဒီဖိနှိပ်မှုအဆက်ဆက်ကို ပုံစံမျိုးစုံနဲ့ တွန်းလှန်နေကြရတာဖြစ်တယ်ဆိုတဲ့အမြင်ကို ကြည်ကြည်လင်လင် ကြည့်မြင် စိုက်ထူနိုင်ဖို့ အင်မတန်မှအရေးကြီးပါတယ်။
အဲဒီလိုအလင်းရောင်နဲ့တူတဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံသွေးစည်းရေးအမြင်ကသာ မှောင်မိုက်ခါးသီးလှတဲ့ လူမျိုးကြီး ဝါဒအကြမ်းဖက်ဖိနှိပ်မှုနဲ့ချော့မြှူသွေးခွဲရေးဝါဒကိုင်စွဲထားတဲ့ စစ်အုပ်စုကို တော်လှန်တိုက်ဖျက်ပစ်ရေး ခရီးစဉ်မှာ ချီတက်ရမယ့်လမ်းမှန်ကို ပြသပေးနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးခရီးအဆင့်ဆင့်မှာ ကိုင်စွဲခဲ့ကြတဲ့ လူမျိုးစုတစ်စုထဲ လွတ်မြောက်ရေးအမြင်ဟာ အလုပ်မဖြစ်ပါဘူး။ တော်လှန်ရေးအောင်ပွဲပန်းတိုင်နဲ့ မနီးစပ်ပါဘူး။ ဒီအမြင်ဟာ လူတန်းစား ရပ်တည်ချက်ရှုထောင့်ကနေ အကဲဖြတ်ရရင် ပဒေသရာဇ်အမြင်၊ စစ်ဘုရင်အမြင်၊ ဓနရှင်ပေါက်စပညာတတ်အမြင်မျိုးသာဖြစ်နေတာကို တွေ့ ရပါတယ်။
ဒီအတွက် အများတကာ့အများစုကြီးဖြစ်တဲ့ အဖိနှိပ်ခံလူမျိုးစုံပေါင်းပြည်သူများကို စည်းရုံးနိုင်ဖို့နဲ့ ဦးဆောင်လမ်းပြနိုင်ဖို့ဆိုရင် “အဖိနှိပ်ခံလူမျိုးပေါင်းစုံသွေးစည်းရေးအမြင်” ကို ရဲရဲကိုင်စွဲကြဖို့ပါပဲ။ ဒါမှသာ တော်လှန် ရေးလုပ်ငန်းတွေဟာ ချောမွေ့ ပြေပြစ်လာပါလိမ့်မယ်။ အောင်ပွဲပန်းတိုင်နဲ့လည်း အရင်ကထက်ပိုမိုပြီး နီးစပ်လာနိုင်ပါလိမ့်မယ်။
ကျနော်ကတော့ ကျနော်မြင်တာကို ဒီနေ့တော်လှန်ရေးအကျိုးအတွက်ရပ်တည်ပြီး ပွင့်ပွင့်လင်းလင်းတင်ပြတာပါ။ လူမျိုးစွဲအမြင်နဲ့ပဲကွက်ကြည်တဲ့သူတွေအဖို့တော့ မင်းကငါတို့အပြစ်ဘဲ ပုံချတယ်လို့ မြင်မှာပါပဲ။ အပြစ်ကိုမြင်တာ မဟုတ်ပါဘူး။ နှစ်ပေါင်း ၇၀ ကျော်ကြေကွဲဖွယ်အဖြစ်တွေထဲကနေ ရဲရဲသင်ခန်းစာယူနိုင်ကြဖို့ ယူတတ်ကြဖို့ အရင်ခံစေတနာနဲ့ အသိပေးနှိုးဆော်တာပါ။ ပြီးတော့ မျိုးဆက်ဟောင်းကြီးတွေအများစုလည်းကွယ်လွန်ကုန်ကြပြီး မျိုးဆက်သစ်လူငယ်တွေက ဦးဆောင်နေကြပြီမို့ အရဲစွန့်ပြီး နှိုးဆော်တင်ပြတာပါ။ ပြီးတော့ စစ်အုပ်စုဘုံရန်သူဟာ အကြမ်းဖက်ဖိနှိပ်မှုနဲ့ သွေးခွဲ သပ်လျှိုဖြိုခွဲမှုတွေကို ပိုပြီးကြမ်းကြမ်းရမ်းရမ်းလုပ်နေလို့ ဒါတွေကို ပြတ်ပြတ်သားသားပီပီပြင်ပြင် ရိုက်ချိုးပစ်နိုင်ဖို့အတွက် လည်းဖြစ်ပါတယ်။
ဟိုအရင်တချိန်ဆိုရင်တော့ဒါမျိုးတွေပြောမယ်/ရေးမယ်ဆိုရင် “ကျွန်းပင်ကြီးအောက်ရောက်သွားလိမ့်မယ်” မဟုတ်ပါလား။
(၁၉-၈-၂၀၂၂)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar