Breaking News

ကိုသန်းလွင် - တော၏ဥပဒေ


ကိုသန်းလွင် - တော၏ဥပဒေ

(မိုးမခ) ဩဂုတ် ၂၁၊ ၂၀၂၂


( ၁ ) 

ယူကရိန်းအရေးအခင်း၏ နောက်တွင် လူ့သမိုင်း၏သဘာဝနှင့် လူသားမျိုးနွယ်၏ အဖြစ်ကို လေ့လာရန် ဖြစ်လာပါသည်။ လူသဘာဝအရလူတို့၏အပြုအမှုသည်မူလ သဘာဝမှပြောင်းလဲသွားနိုင်သလားသို့မဟုတ် လူ့ သမိုင်းသည် လူတွေသာပြောင်းလဲသွားပြီးအဆင်က မပြောင်း၊ အဖြစ်ဆိုးသည် ထပ်ခါထပ်ခါဖြစ်ရမည့် သဘော လားဟု မေးစရာဖြစ်လာပါသည်။

လူတချို့က ပြောင်းလဲမှုသည်မဖြစ်နိုင်ကြောင်း၊ လောကသည်တောတွင်းဥပဒေ (Law or the Jungle) အရသာဖြစ်ပွားရကြောင်း၊ တစ်နိုင်ငံကို အခြားတစ်နိုင်ငံကသိမ်းပိုက်အနိုင်ယူခြင်းကို စစ်အင်အားသာသူကလုပ် နေခြင်းဖြစ်ကြောင်း၊ ဤကဲ့သို့ ယခင်ကလည်းဖြစ်ခဲ့ပြီး နောင်တွင်လည်း ဤကဲ့သို့ပင်ဖြစ်လိမ့်မည် ဖြစ်ကြောင်း၊ တောတွင်းဥပဒေကို မယုံကြည်သောသူများအဖို့ သူတို့သည် တာရှည် တည်တံ့ရန်မဖြစ်နိုင်ဟုဆိုပါသည်။

( ၂ )

အခြားတဖက်ကဆိုသည်မှာ တောထဲကဥပဒေသည် သဘာဝတရား၏ ဥပဒေမဟုတ်ကြောင်း၊ လူသား တို့ တီထွင်ထားခြင်းသာဖြစ်၍ လူတို့က ပြောင်းလဲအောင် ဖန်တီးနိုင်ကြောင်း၊ လူ့သမိုင်းတွင် စစ်ပွဲဟူ၍ရှိခဲ့ခြင်း မှာ နှစ်ပေါင်း ၁၃,၀၀၀ ကြာခဲ့ပြီဖြစ်ကြောင်း၊ ထို့နောက် တူးဖော်ရရှိသော အချက်များက သိခဲ့ရသည်မှာ ကမ္ဘာ ကြီးတွင် စစ်မဖြစ်သောကာလများဟူ၍ ရှိခဲ့ကြောင်း၊ စစ်ပွဲဆိုသည်မှာ ကမ္ဘာ့ဆွဲအားကဲ့သို့ ထာဝရ တည်မြဲနေ သောအင်အားမဟုတ်ကြောင်း၊ ၎င်း၏ပြင်းအား၊ တည်ရှိမှုမှာ ရှိနေသော စက်မှုစွမ်းအား၊ စီးပွားရေးနှင့် ယဉ်ကျေး မှုဆိုင်ရာ အချက်များပေါ်တွင် မူတည်နေခြင်းဖြစ်ကြောင်း၊ ထိုအရာများပြောင်းလဲနေသလို စစ်ဆိုသည်မှာလည်း ပြောင်းလဲ၍နေပါသည်။

ထိုကဲ့သို့ ပြောင်းလဲနေခြင်းကို ကျွနု်ပ်တို့ပါတ်ဝန်းကျင်တွင် တွေ့နေရပါသည်။ ကျွန်တော်တို့၏ လွန်ခဲ့ သော လူသားမျိုးနွယ်စုတို့တွင် နျူကလီယာ စစ်ပွဲများသည် မိမိကိုယ်ကို သေကြောင်းကြံ သလိုဖြစ်နေသဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့် ပို၍ လူသားဆန်သော နည်းများကိုသာ ပြသနာများဖြေရှင်းရာတွင် အသုံး ပြုခဲ့ကြပါသည်။ နျူကလီယာစစ်ပွဲ မဟုတ်သော ဒုတိယကမ္ဘာစစ်ကဲ့သို့ စစ်ပွဲများသာပေါ်ပေါက်ခဲ့ပြီး လွန်ခဲ့သော နှစ် ၇၀ ကာလ လုံးလုံးစစ်ပွဲဟူ၍ မကြုံခဲ့ကြရပါ။

ထိုကာလများအတွင်း ကမ္ဘာ့စီးပွားရေးသည် အခိုင်အမာပစ္စည်းများ၊ ဥပမာ ရေနံတွင်း၊ ရွှေအရင်းအမြစ် (gold mine)၊ ဂျုံစိုက်ခင်းများ၊ စသည်တို့ပေါ်တွင် မှီခိုနေခဲ့ရာမှ ထိုပစ္စည်းများ မဟုတ်တော့ဘဲ ဗဟုသုတ (Knowledge) ကို အခြေခံလာရပါသည်။ မိမိသိသမျှ ဗဟုသုတ ကသာ လောကစည်းစိမ်တို့၏ အခြေခံဖြစ်လာ ပါသည်။ သင်သည်ရေနံတွင်းများကို အင်အားသုံး၍ သိမ်းပိုက်နိုင်သော်လည်း ဗဟုသုတကို ဤနည်းဖြင့်မသိမ်း ပိုက်နိုင်ပါ။ စစ်ပွဲတိုက်ခြင်းဖြင့် ရရှိသော အမြတ်များ၏ တန်ဘိုးသည်လျှော့ကျလာခဲ့ပါသည်။

ကမ္ဘာ့ယဉ်ကျေးမှုတွင် စစ်ဖြစ်ရခြင်း၏အကျိုးကျေးဇူးမှာလည်းပြောင်းလဲလာခဲ့ပါသည်။ ရှေးရောမဘုရင် များမှ မူဆိုကိုနီ၊ စတာလင်တို့အထိ ခေါင်းဆောင်များ၏ အမည်နာမသည် သမိုင်းသင်ကြားသူတို့ ဖတ်ရပါသည်။ သူတို့သည် ရက်စက် ကြမ်းကြုပ်၍ တိုင်းသူပြည်သားများ၏ ဆန္ဒကိုပြစ်ပယ်ခဲ့ကြပါသည်။ ဂျော့ဘုရှ်နှင့် ဒေါ်နယ် ထရန့် တို့လက်ထက်တွင် တိုင်းပြည်၏ပြည်တွင်းရေးပေါ်လစီများကိုပြောင်းလဲခြင်းဖြင့်သူတို့၏ နာမည်ကိုသမိုင်း တွင်ကျန်ရစ်အောင် ဆောင်ရွက်ကြပါသည်။

ထိုသို့ဖြင့် အစိုးရများသည် စစ်ကြောင့်တိုင်းပြည်၏ အရေးသည် ပိုမိုတိုးတက်အောင်မြင် လာသည်ဟု မယူဆကြတော့ဘဲ နိုင်ငံ၏လုပ်စရာ ကိုင်စရာများထဲတွင် တခြားတိုင်းပြည်များကို စစ်တိုက်ခြင်း သိမ်းပိုက်ခြင်း စသည်တို့ မပါဝင်တော့ပါ။ ထို့ကြောင့် ဘရာဇီးက  ဥရုဂွေး နိုင်ငံကိုမတိုက်ခိုက်မသိမ်းပိုက်ခြင်းမှာ စစ်အင်အား မလုံလောက်သောကြောင့်ဟု စိုးရိမ်စရာမရှိတော့ပါ။ ထိုနည်းတူ စပိန်က မော်ရိုကို နိုင်ငံ ကို မသိမ်းပိုက် ခြင်းမှာ လည်း တိုင်းပြည်၏ စစ်အင်အားကြောင့်မဟုတ်တော့ပါ။

၁၉၄၅ ခုနှစ်မှစ၍နိုင်ငံတို့၏နယ်ခြားမျဉ်းကိုစစ်ဖြစ်ပြီးပြန်လည်ပြုပြင်ရခြင်းမရှိတော့ပါ။ အခြားဘယ်နိုင်ငံ မှလည်းစစ်အင်အားမယှဉ်သာ၍အရေးရှုံးနိမ့်ပြီးကမ္ဘာ့မြေပုံပေါ်မှပျောက်ကွယ်သွားသည်ဟုမရှိတော့ ပါ။ သို့သော် အခြား ပဋိပက္ခများမှက မရေတွက်နိုင်လောက်အောင်များပြားလာပါသည်။ ပြည်တွင်းစစ်များ၊ သူပုန်ထမှုများ စ သည်တို့ဖြစ်ပြီး ၂၁ ရာစုအစ အနှစ် ၂၀ တွင် ပဋိပက္ခများကြောင့် သေကြေကြသူများမှာ မတော်တဆ ထိခိုက်မှု၊ မိမိ ကိုယ်ကိုသတ်သေသူ၊ အဝလွန်သူ၊ စသည်တို့ကြောင့် သေဆုံးရ သူများလောက် မများတော့ပါ။ ကျည်ဆံ လုပ်သည့် ယမ်းကြောင့်ထက် လူတို့စားသုံးကြသည့် သကြားလောက် လူကိုမသေစေတော့ပါ။

စစ်ကြောင့်သေဆုံးရသူများ အရေအတွက်နည်းပါးခဲ့ပါသည်။ တကယ်အရေးကြီးသည်မှာ ငြိမ်းချမ်းရေး ၏သဘောသဘာဝလည်းပြောင်းလဲလာပါသည်။ ယခင်ကငြိမ်းချမ်းရေးဆိုသည်မှာစစ်မတိုက်ရခြင်းဟု အဓိပ္ပါယ် ရပါသည်။ ဂျာမနီနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့ကြားတွင် ငြိမ်းချမ်းရေးရသည်ဆိုခြင်းမှာ အဆိုပါနှစ်နိုင်ငံသည်စစ်ခင်း နေကြခြင်းမဟုတ်ဟု ဆိုလိုပါသည်။

မကြာခင်နှစ်များအတွင်းက ငြိမ်းချမ်းရေးဆိုသည်မှာစစ်မဖြစ်နိုင်ခြင်း၊ စစ်ဖြစ်ပွားရန် အကြောင်း မရှိခြင်း ဟူသောအဓိပ္ပါယ်ဖြစ်လာပါသည်။ အိမ်နီးချင်းနိုင်ငံတခုမှကျူးကျော်တိုက်ခိုက်ခြင်းဆိုသည်မှာ မရှိတော့လောက် အောင် ရှားပါးလာခဲ့ပါသည်။ ရုရှားက ယူကရိန်းကိုကျူးကျော်ခြင်းမှာ အနှစ် ၇၀ ခန့် ငြိမ်သက်နေခဲ့သော ကမ္ဘာ ကြီးကိုလှုပ်နှိုးနေသလိုဖြစ်ခဲ့ပါသည်။ အရှေ့အလယ်ပိုင်းတွင်ဤအန္တာရယ်ရှိခဲ့သည်ဆိုသော်လည်း တကယ်မဖြစ် နိုင်ပါဟု ပြော၍ရပါသည်။ အစ္စရေးက မိမိပိုင်နယ်မြေမဟုတ်ဘဲအခြားသူပိုင်ဆိုင်သည့် နယ်မြေတွင်အိမ်ဆောက် ခြင်းမှာ ဤကဲ့သို့ကျူးကျော်တိုက်ခိုက်မှုရည်ရွယ်ရင်းရှိသည်ဟု မဆိုနိုင်ပါ။ မိမိအခက်အခဲကိုဖြေရှင်းခြင်းသာဖြစ် သည်ဟု အစ္စရေးကဆိုပါသည်။

ဤကဲ့သို့ စစ်အတွက် သုံးစွဲခဲ့ခြင်းမှာ မည်သည့် တန်ခိုးရှင်က ဖန်တီးခဲ့ခြင်းမဟုတ်။ လူတို့သည် မိမိတို့ ရွေးချယ်ပိုင်ခွင့်ရှိရာ ကောင်းနိုးရာရာတို့ကို ရွေးချယ်ခဲ့ကြခြင်းသာဖြစ်ပါသည်။ ခေတ်သစ်၏လူတို့ စိတ်ဓာတ်နှင့် နိုင်ငံရေးဆိုင်ရာ အဖြစ်များ၊ လူ့ယဉ်ကျေးမှုအသစ်နှင့် လိုက်လျောညီထွေမှုရှိအောင် ရွေးချယ်ခဲ့ကြခြင်းသာဖြစ် သည်။

နည်းပညာကြီးပွားတိုးတက်ရေးနှင့် ယဉ်ကျေးမှု ရေးရာများတွင် ပြောင်းလဲခဲ့ပါသည်။ ဆိုက်ဘာလက် နက်များ AI နှင့် ကြီးပွားရေးတိုးတက်မှုများ စစ်အမြင်များပြောင်းလဲခဲ့မှုကြောင့် ဆိုးရွားသော အဖြစ်အပျက်များ ကို ပြောင်းလဲခဲ့ကြပါသည်။ ဤကဲ့သို့ကာကွယ်နိုင်ရန် လူတိုင်းက အမှန်ကို ရွေးချယ်နိုင်ကြရန် တာဝန်ရှိပါသည်။ 

ထို့ကြောင့် ရုရှားက ယူကရိန်းကို တိုက်ခိုက်ခြင်းမှာ အင်အားကြီးသူက ငယ်သူကို တိုက်ခိုက်နိုင်ခြင်းကို ပြပါသည်။ ထို့ကြောင့် ကျူးကျော်သူကိုကာကွယ်ရန် စစ်အသုံးစရိတ်ကိုတိုးမြင့်ကြရပါသည်။ ကျောင်းဆရာ၊ သူနာပြုများ၊ လူမှုရေး လုပ်သားများကို ပေးရမည့် ပိုက်ဆံများသည် စစ်အသုံးစရိတ် ဖြစ်ကုန်ကြပါသည်။

“တော၏ဥပဒေ” ဆိုရာတွင် တောထဲ၌ ဥပဒေမရှိခြင်းကို ပြဆိုပါသည်။ ဤအဖြစ်ကို မလိုလားသူများက ကျူးကျော်စစ်ကိုခုခံရန်ပြင်ဆင်ကြရပါသည်။ သင်သည်တော၏ဥပဒေကို ယုံကြည်သူဖြစ်ပါက၊ လူသားတို့သည် တောထဲမှာသာနေပြီး ဘယ်တော့မှတောထဲမှထွက်မည်မဟုတ်ဟု ဆိုပါကသင့်အတွက် ရွေးချယ်စရာရှိပါသည်။ သူတစ်ပါးကို ရန်စမည့်သူလား၊ ရန်စခြင်းကို ခံရမည့်သူလား သို့မဟုတ် တော၏ ဥပဒေဆိုသည်မှာ မိမိရွေးချယ် ရမည့်အရာသာဖြစ်သည်။ အဖြစ်မနေလုပ်ရမည့် အရာမဟုတ် ခေါင်းဆောင်တို့သည် မိမိအိမ်နီးချင်းကို သွားပြီး တိုက်ခိုက်ပါက သမိုင်းတွင် လူဆိုး အဖြစ်နာမည် ကျန်ခဲ့ပါလိမ့်မည်။ 

( ၃ )

သို့သော် သမိုင်းကြောင်းကို ပြန်ကြည့်သောအခါ အပြောင်းအလဲသည် အမြဲတစေ ဖြစ်ပေါ်လာလေ့ရှိပါ သည်။ ယူကရိန်းစစ်ပွဲမှ ဤအကြောင်းကို လေ့လာနိုင်ပါသည်။ ယူကရိန်းနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့် သောအခါ ခေတ်အဆက်ဆက် ရက်စက်ကြမ်းကြုပ်မှုနှင့် အကြမ်းဖက်မှုတို့ကို တွေ့ရှိရပါသည်။

ယူကရိန်းသည် ဇာဘုရင်များ၏ လွှမ်းမိုးမှုကို အနှစ် ၂၀၀ ကျော်ကြာအောင် ခံစားခဲ့ရပါသည်။ ဇာဘုရင် အုပ်ချုပ်မှု နိဂုံးချုပ်သွားသော ပထမကမ္ဘာစစ်စသည်နှင့် လွတ်လပ်ရေးရတော့မည်ဟု အချိန်တိုတိုလေး အတွင်း စိတ်ကူးယဉ်ခဲ့ကြသော်လည်း တပ်နီတော် (Red Army) ၏နှိပ်ကွပ်ခြင်းကို ခံခဲ့ကြရပါသည်။ ၁၉၂၂ - ၂၃ တွင် (Hodolomar Stalinist Terror) ခေါ်သောစတာလင်၏ခေတ်က လွတ်လပ်ရေးရအံ့သောစိတ်ဓာတ်ကလေးကို ချေဖျက်ခံခဲ့ရပြန်ပါသည်။ ထို့နောက်နာဇီများလွှမ်းမိုးလာခြင်းနှင့်ကွန်မြူနစ်စနစ်၏နှိပ်ကွပ်မှုကိုခံခဲ့ကြပြန်ပါသည်။ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးလွတ်လပ်နေခဲ့သောယူကရိန်းပြည်သူများသည်ဒီမိုကရေစီစနစ်ကိုရွေးချယ်ခဲ့ကြပါ၏။ ၂၀၀၄ နှင့် ၂၀၁၃ တို့တွင်အော်တိုကရေစီစနစ်နှင့် ခြိမ်းခြောက်ခံခဲ့ရသောအခါ သူတို့သည် ဒီမိုကရေစီကို ဦးစား ပေးသော အတိုက်အခံ ခေါင်းဆောင်များကိုသာအစဉ်တစိုက် ရွေးချယ်တင်မြောက်ခဲ့ကြပါသည်။

ကိုသန်းလွင်

Ref: Human History, Yuval Noah Harari,  Economist



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar