Breaking News

ကိုအောင်မှိုင်း - ကျနော် ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - ၁၃


ကိုအောင်မှိုင်း - ကျနော် ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး အပိုင်း ၁၃

(မိုးမခ) ဩဂုတ် ၂၈၊ ၂၀၂၂


နိဂုံးပိုင်း

(အုပ်ချုပ်သူ လူတန်းစားတရပ်ရပ်က ပြည်သူလူထုတရပ်လုံးအပေါ် ရက်ရက်စက်စက် လက်နက်နဲ့ ဖိနှိပ် ညှဉ်းဆဲ သတ်ဖြတ်မယ်ဆိုရင် လက်နက်ကိုင် ခုခံတော်လှန်တာဟာ တရားတယ်။ ဒါကြောင့် နွေဦးတော်လှန်ရေးဟာ တရားသောခုခံစစ် ဖြစ်တယ်။ ကိုအောင်မှိုင်း)


အပိုင်း ( ၁ ) နွေဦးတော်လှန်ရေး ရောက်ရှိရာ အဆင့်ကို ချဥ်းကပ်သုံးသပ်ခြင်း

ဗမာပြည်သူတွေဟာ လူသားတယောက်မှာ ရှိသင့်တဲ့ လူ့ဂုဏ်သိက္ခာကို ပြန်ရဖို့အတွက် အသက် တွေ၊ သွေးတွေ၊ ချွေးတွေ မြောက်မြားစွာကို ရင်းနှီးပေးဆပ်ခဲ့ရတာ ဖြစ်ပါတယ်။

မတရားမှုကို မတရားပါဘူးလို့ ရိုးစင်းစွာ သဘောထား ထုတ်ဖော်ဆန္ဒပြခဲ့ကြတာကို ဖက်ဆစ်စစ်တပ်ရဲ့ တုံ့ပြန်မှုက သိပ်ကို လူမဆန်ခဲ့တာကြောင့် နွေဦးတော်လှန်ရေး ဆိုတဲ့ ခုခံစစ်ကို ကျနော်တို့ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံဟာ အသက်အကန့်အသတ်မရှိ ကျား၊ မ ခွဲခြားမှုမရှိ တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်ပတ်သက် ခုခံတော်လှန်ခဲ့ကြတဲ့ သမိုင်းစာမျက်နှာသစ် ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

ဆန္ဒပြပွဲတွေမှာ ခေါင်းတွေကို ကျည်ထိမှန် သေဆုံးခဲ့ရသူတွေ၊ ဒဏ်ရာအနာတရ ခြေပြတ်လက်ပြတ် ဒုက္ခိတဖြစ်ခဲ့ရသူတွေ၊ ပစ်သတ်လို့ သေနေတဲ့အလောင်းတွေကို ငွေပေး ပြန်ရွေးခဲ့ရတဲ့ဘဝတွေ ဒီနေ့ ဖမ်း၊ နောက်နေ့ အလောင်းသွားယူရတဲ့ ဘဝတွေ လေးဘက်ထောက် လျှောက်ခိုင်းလို့ လမ်းမလည်ကောင် လေးဘက်ထောက်လျှောက်ခဲ့ရတဲ့ ဘဝတွေ စစ်သား မြင်တာနဲ့ ကားပေါ်က ချက်ချင်း ဆင်း၊ ဒူးထောက် ထိုင်နေကြရတဲ့ဘဝတွေ သေနတ်တွေ ကိုယ်စီနဲ့ ရပ်ကွက်တွေထဲဝင်၊ လက်နက်ဆိုလို့ အပ်တိုလောက်သာရှိတဲ့ ပြည်သူတွေကို ဘောင်းဘီချွတ်ပြပြီး သတ္တိရှိတဲ့ကောင် ထွက်ခဲ့လို့ စိန်ခေါ်တာတွေ ခံခဲ့ရတဲ့ ဘဝတွေကို ဘယ်လိုမှ မေ့လို့ရကြမှာ မဟုတ်တာတော့ သေချာတယ်လို့ ပြောရမှာပါ။

ပြည်သူလူထု အများစုကြီးကတော့ အခုလို လူ့ဂုဏ်သိက္ခာ လူသားဖြစ်တည်မှုကို ပက်ပက်စက်စက် စော်ကား ငြင်းပယ်ခံလိုက်ရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စစ်တပ်က အာဏာဓားပြတိုက်ပြီးတဲ့နောက် ခါးသီးစွာ ရင်ဆိုင်လိုက်ကြရတာပဲ ဖြစ်ပါတယ်။

ဒီတော့ ကျနော်တို့ နွေဦးတော်လှန်ရေး ဆိုတာ ဘာလဲ။ ဘာတာဝန်တွေ ထမ်းဆောင်နေသလဲ။ဘယ်လို သေနင်္ဂဗျူဟာတွေ၊ နည်းပရိယာယ်တွေနဲ့ ခုခံစစ်ကို ဆင်နွှဲနေတာလဲ။ ပြည်သူ့ပြောက်ကျားစစ်သေနင်္ဂဗျူဟာ ဆိုတာ ဘာလဲ။ ရန်သူကို အနိုင်တိုက်နိုင်မှာ ဟုတ်ရဲ့လား။ အခုဘယ်အဆင့်အထိ ရောက်နေပြီလဲ။ နောက် ဘယ်အဆင့်တွေကို ဖြတ်ကြရဦးမှာလဲ။ ဘယ်လောက်ကြာကြာသွားကြရဦးမလဲဆိုတဲ့ ကနေ့ လူထု သိလိုတဲ့ မေးခွန်းတွေကို ရှင်းရှင်းလင်းလင်း ချဥ်းကပ်အဖြေရှာနိုင်မှုမှာ အားနည်းတာတွေ အကန့်အသတ် ဖြစ်တာတွေတချို့ကို တွေ့ရှိခံစားနေရလို့ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေး ဖြတ်သန်းမှု တစုံတရာအပေါ်ကနေ ချဥ်းကပ်အဖြေရှာမှုသာဖြစ်ကြောင်း ကြိုတင်မေတ္တာရပ်ခံလိုပါတယ်။ 

အခုဖော်ပြမှုအားလုံးဟာ ကျနော့်အမြင်သာ ဖြစ်ကြောင်းလည်း ကြိုတင်တင်ပြလိုပါတယ်။

ကျနော်တို့ဟာ ပြဿနာတွေကို ချဥ်းကပ်အဖြေရှာတဲ့အခါ အတ္တဘာဝလို့ ခေါ်တဲ့ မိမိဆန္ဒကို ရှေ့တန်းတင်လေ့ရှိပါတယ်။ မိမိဖြစ်ချင်တဲ့ဆန္ဒကို ဦးစားပေးလေ့ရှိတာဟာ မှားယွင်းတဲ့အတွေးအခေါ်တခုပဲ ဖြစ်ပါတယ်။ ပကတိဘာဝဖြစ်တဲ့ ရုပ်ဘဝကို လက်တွေ့ကျကျ ထည့်သွင်းစဥ်းစား အဖြေရှာနိုင်မှ မှန်ကန်တဲ့ အဖြေ၊ မှန်ကန်တဲ့ချဥ်းကပ်နည်းဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။

ကနေ့ ကျနော့် ချဥ်းကပ်မှုတိုင်းကို ပကတိဘာဝနဲ့ အတ္တဘာဝ နှစ်ခုလုံးကို အပြန်အလှန်ဆက်စပ် အကျိုးပြုနိုင်အောင် စဥ်းစား ချဥ်းကပ်အဖြေရှာမှုများ ပြုလုပ်ခဲ့ပါတယ်။ အနာဂတ်အတွက် ရလဒ်ကတော့ ကနေ့ အားနည်းချက်၊ အားသာချက်တွေအပေါ်  အခြေပြုမှာကတော့ အလွန်သေချာလှပါတယ်။

နွေဦးတော်လှန်ရေး ဆိုတာ ဘာလဲ။

ရှင်းရှင်းလင်းလင်း ပြောရရင် နွေဦးတော်လှန်ရေးဟာ ဓမ္မ ဖြစ်တယ်။ အဓမ္မကို ဆန့်ကျင်တော်လှန် တာ ဖြစ်တယ်။ တနည်းပြောရရင် နွေဦးတော်လှန်ရေးဟာ လူထု ဖြစ်တယ်။ လူသားဖြစ်တည်မှုကို ဆန့်ကျင်ခံရတဲ့ လူထု ဖြစ်တယ်။ 

လူဆိုတဲ့ သတ္တဝါအများစုဟာ နှောင်ကြိုးများစွာနဲ့ တုပ်နှောင် ဖွဲ့ စည်းထားတဲ့ လူ့အဖွဲ့အစည်းထဲကသက်ရှိတွေသာ ဖြစ်တယ်လို့ ဆိုကြတယ်။ 

တော်လှန်ရေး ဆိုတာ လူထုရဲ့ နောက်ဆုံးရွေးချယ်မှုပဲ ဖြစ်ပါတယ်။ လူထုဟာ အတတ်နိုင်ဆုံး အေးအေးချမ်းချမ်း နေချင်တယ်။ လုံလုံခြုံခြုံ နေချင်တယ်။ ပျော်ပျော်ပါးပါး နေချင်တယ်။ လွတ်လွတ်လပ်လပ် နေချင်တယ်။ လူသားအချင်းချင်း တရားမျှတမှု၊ တန်းတူမှု၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးလိုမှု စတဲ့ လောကပါလတရားတွေ ရယူခံစားချင်ပါတယ်။ ဒါတွေဟာ လူ့ဘဝအတွက် လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။

ဒီအခွင့်အရေးတွေ ရိုက်ချိုးခံလိုက်ရတဲ့အခါ လူ့ဘဝဆိုတာ ပျောက်ဆုံးသွားတယ်။ ဒီအခါ လူပြန် ဖြစ်ဖို့ ကန့်သတ်ချုပ်ချယ်မှုတွေ၊ နိုင့်ထက်စီးနင်းပြုမှုတွေ၊ မတရားစော်ကား ရိုင်းပျ၊ နှိပ်စက် သတ် ဖြတ်မှုတွေ လူအတန်းအစား လွတ်မြောက်မှုတွေ စတဲ့ လူ့အဖွဲ့အစည်းလွတ်မြောက်ဖို့ တိုက်ပွဲဝင်ကြရပါတော့တယ်။ အဲဒါကို တော်လှန်ရေးလို့ ခေါ်လေ့ရှိတယ်ဆိုတာ အကြမ်းဖျင်း ပြောရမယ် ထင်ပါတယ်။ 

နွေဦးတော်လှန်ရေး ဆိုတာလည်း ဒီစဥ်းစားတွေးခေါ်မှု အဝန်းအဝိုင်းအတွင်းမှာ လူထုက တော်လှန်ကြတဲ့ တော်လှန်ရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် နွေဦးတော်လှန်ရေးကို ဓမ္မလို့ ပြောရခြင်း ဖြစ်ပါတယ်။ 

ဆိုလိုချင်တာ နွေဦးတော်လှန်ရေးဆိုတာ လက်ချည်းသက်သက်က ခုခံစစ်တခုကို အောင်ပွဲရသည်အထိ ခုခံတိုက်ခိုက်ရတာ ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ရုန်းကန်ကြရတဲ့ သဘောပဲ ဖြစ်ပါတယ်။

များသောအားဖြင့် လူထုမှာ ခိုင်မာတဲ့ သန္နိဋ္ဌာန်တွေ ကိုယ်စီရှိနေတာကိုက အောင်ပွဲအတွက် အရေးသာမှုလို့ ပြောရမှာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးက ဘာတာဝန်တွေ ထမ်းဆောင်နေတာလဲ။

နွေဦးတော်လှန်ရေးက တာဝန် ၂ ခုကို တပြိုင်နက်တည်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

၁။  စစ်အုပ်စု စစ်တပ်ယန္တရား စစ်အာဏာရှင်စနစ်ကို မြန်မာ့လူ့အဖွဲ့အစည်း မြန်မာ့မြေပေါ်က အပြီးအပိုင် မောင်းထုတ်ပစ်ဖို့ ဖြစ်ပါတယ်။

၂။  စစ် ၃ စစ်ကို အပြီးအပိုင်ဖျက်သိမ်းပြီးတဲ့နောက် တလုံးတစည်းတည်းရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်ဖို့ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးကို လက်တွေ့ကျကျ သုံးသပ်မယ်ဆိုရင် GZ လို့ ခေါ်တဲ့ လူငယ်ထုရဲ့ စွန့်လွှတ အနစ်နာခံမှု ဇွဲရှိမှုနဲ့ အနာဂတ်အပေါ် ယုံကြည်မှုတွေကို မေ့ပျောက်လို့ လုံးဝမရပါဘူး။ သူတို့ဟာ ပြည်သူလူထုတရပ်လုံးရဲ့ သတ္တိရှိသော၊ ရဲရင့်သော၊ ကိုယ်ကျိုးစွန့် အနစ်နာခံသော သူရဲကောင်းသားသမီး ရတနာတွေလို့ ပြောရမှာ ဖြစ်ပါတယ်။ 

ဒုတိယကျေးဇူးရှိသူတွေကတော့ CDM လို့ ကနေ့ ခေါ်ဆိုနေကြတဲ့ ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ ဆရာဝန်တွေ၊ ကျောင်းဆရာဆရာမတွေ၊  အင်ဂျင်နီယာတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးရထားလုပ်သားကြီးတွေ၊ စစ်တပ်က အရာရှိ အရာခံ အကြပ်တပ်သားတွေနဲ့ ဝန်ထမ်းအများစုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးကလည်း နွေဥိးတော်လှန်ရေးရဲ့ မီးရှူးတန်ဆောင်တွေပဲ ဖြစ်ကြပါတယ်။ 

တိယကျေးဇူးရှင်တွေကတော့ သပိတ်အမျိုးမျိုးကို သတ္တိရှိရှိပြုလုပ်ပြီး ကနေ့တိုင် စစ်အုပ်စုဆန့် ကျင်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်နေကြတဲ့ သပိတ်အင်အားစုတွေဖြစ်ပြီး နောက်ဆုံးပိတ် အသိအမှတ်ပြုရမှာကတော့ ကနေ့အပြင်မထွက်ကြပါနဲ့ဆို မထွက်ကြ၊ သံပုံးတီးကြပါဆို သံပုံးတွေ တီးကြ၊ စျေးမရောင်းနဲ့ဆို စျေးမရောင်းကြ စတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ညီညွတ်စွာတိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူ ပြည်သားများပဲ ဖြစ်ကြပါတယ်။

နွေဦးတော်လှန်ရေးရဲ့ တာဝန်တရပ်ဖြစ်တဲ့ စစ် ၃ စစ်ကို အပြီးအပိုင်ဖျက်သိမ်းဖို့ဆိုတာ

စစ်အနိုင်တိုက်နိုင်မှ ဖြစ်မှာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် တိုက်ပွဲသဏ္ဌာန်တွေကို ရန်သူက ပြဋ္ဌာန်းတာပဲ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးက လက်နက်ကိုင်တိုက်ပွဲသဏ္ဌာန်ကို ရွေးချယ်ခဲ့ရတာကလည်း စစ်အုပ်စုရဲ့ ရက်စက်ယုတ်မာ ကောက်ကျစ်မှုတွေကြောင့် ဆိုတာကတော့ အငြင်းပွားဖွယ် မရှိပါဘူး။

ကနေ့စစ်အုပ်စုရဲ့ သူရဲဘောကြောင်စွာ လူတွေသတ်၊ ဓားပြတွေတိုက်၊ မုဒိမ်းတွေကျင့်၊ ရွာတွေမီးရှို့ စတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် ပြည်သူလူထုတရပ်လုံးနဲ့ စစ်အုပ်စုကြား စေ့စပ်ဆွေးနွေးရေး ဆိုတဲ့ လူကြီးလူကောင်းဆန်မှုတွေဟာ လုံးဝပျက်စီးဆုံးရှုံးသွားခဲ့ရပြီ ဖြစ်ပါတယ်။ 

ကုလသမဂ္ဂ အပါအဝင် ဘယ်လူပုဂ္ဂိုလ်အဖွဲ့အစည်းရဲ့ စစ်အုပ်စုနဲ့ လက်ဆွဲနှုတ်ဆက်လိုတဲ့ ဘယ်လက္ခဏာဆောင်မှုမျိုးကိုမဆို ဘယ်ပြည်သူတဦးတယောက်ကမှ လက်သင့်ခံကြမှာ မဟုတ်ပါဘူး။ 

ဆိုလိုတာက စစ်အုပ်စုမှာ သွေးကြွေးတွေတင်နေပြီဖြစ်လို့ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုတာ

လူထုဆောင်ပုဒ် ဖြစ်လာတာ အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။ လူထုဟာ စစ်အုပ်စုကို

စစ်အနိုင်တိုက်ဖို့ သန္နိဋ္ဌာန် ချပြီးဆိုတာကတော့ အခိုင်အမာဆုံးဖြတ်ချက်ပဲ ဖြစ်လို့ ကနေ့လူထုဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်နေပြီလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒုတိယတာဝန်ကတော့ တလုံးတစည်းတည်းရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေး ဖြစ်ပါတယ်။ ဒီတာဝန်ကို ဘယ်သူတွေက ဘယ်လိုယူကြမှာလဲဆိုတာ နွေဥိးတော်လှန်ရေးအတွက် ကြီးမားတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ 

စစ် ၃ စစ်ကို အပြီးအပိုင် တိုက်ခိုက်ပြီးတဲ့နောက် ကျနော်တို့ မြန်မာနိုင်ငံ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားမှာကို ပြည်တွင်း ပြည်ပ ဘယ်နိုင်ငံရေးသမား ဘယ်နိုင်ငံကမှ မလိုလားကတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်တပ် မရှိရင် ဘာဖြစ်မလဲဆိုတဲ့ အယူအဆကို တင်နေတာ ကြာပါပြီ။ အချိူ့နိုင်ငံတွေကလည်း စစ်အုပ်စု လေသံတွေနဲ့ တိုင်း ပြည် ပြိုကွဲသွားနိုင်တယ်ဆိုတဲ့ လေပုပ်ထုတ်ဆေးကို ပြောပြီး တော်လှန်ရေးအင်အားစုတွေ အထီးကျန်ဖြစ်အောင် ဆောင်ရွက်နေတာလည်း တွေ့နေရပါတယ်။

သေချာတာက ဒီအယူအဆကို ကျနော် ရိုက်ချိူးပစ်ရပါလိမ့်မယ်။

မသိသလို ကျော်သွားလို့တော့ မရမှာကတော့ သေချာပါတယ်။ တိုင်းရင်းသားအားလုံး ဗမာတိုင်းရင်းသားတွေ အပါအဝင် စစ် ၃ စစ်ကို ချေမှုန်းပြီးတဲ့နောက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တညီတညွတ် တည်ဆောက်ကြရမှာ ဖြစ်တဲ့အကြောင်း ခိုင်ခိုင်လုံလုံ တိတိကျကျ ဖော်ပြနိုင်ဖို့ လိုပါတယ်။ 

ကျနော်ဆိုလိုချင်တာက ကနေ့ ကျနော်တို့ တော်လှန်ရေးကာလဖြစ်လို့ ချာတာ ၁ တို့၊ ချာတာ ၂ တို့နဲ့ဆို လုံလောက်တယ်ဆိုတဲ့ အယူအဆကို ကျနော်တို့ ငြင်းပယ်လိုပါတယ်။ မလုံလောက်ပါဘူး။ တိုင်းရင်းသားအားလုံး ဗမာတိုင်းရင်းသားတွေပါ အတူတကွ ဖွဲ့စည်းပုံအခြေခံမူကြမ်းတခုကို ရေးဆွဲရပါမယ်။ 

ချာတာ ဆိုတာ ပဋိညာဥ်သဘောဆောင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေလို စည်းနှောင်မှုအား မကောင်းတာတော့ အသေအချာပဲ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး ထင်ရှားတဲ့ နိုင်ငံရေးသမားကြီးတယောက် ပြောတာကတော့ ဗမာပြည် ပြဿနာက ဖွဲ့စည်းပုံပြဿနာဖြစ်တယ်လို့ ဆိုခဲ့တာ မှတ်သားဖူးခဲ့သလို ထင်ရှားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တယောက်ကတော့ ပြည်တွင်းစစ် နှစ် ၇၀ ကြာခဲ့တာ ပင်လုံကျိန်စာလို့ ထောက်ပြခဲ့ တာကိုလည်း မှတ်သားမိပါတယ်။ ကျနော်တို့ တိုင်းရင်းသားလူမျိူးပေါင်းစုံ (ဗမာတိုင်ရင်းသားများပါ အပါအဝင်)ဟာ ဖွဲ့စည်းပုံတခု ပေါ်ပေါက်လာအောင် ဆောင်ရွက်ကြဖို့ အလေးအနက်တိုက်တွန်းရတော့မှာပါဘဲ။

နိဂုံး (အပိုင်း ၂) ကို ဆက်လက်ဖော်ပြပါမည်။

ကိုအောင်မှိုင်း


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar