ဓားသွားနှစ်ခုအကြားက မြန်မာလူထုတွေရဲ့ အကျပ်အတည်း
မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၂၇ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၈၊ ၂၀၂၂
ဓားသွားနှစ်ခုအကြားက မြန်မာလူထုတွေရဲ့ အကျပ်အတည်း
မြန်မာနိုင်ငံက လူထု ရင်ဆိုင်နေရတဲ့ အကျပ်အတည်း ၂ ခုရှိပါတယ်။ တခုက အသက်အန္တရာယ်ဘေးက လွတ်ကင်းဖို့ရာအတွက် ရှောင်တိမ်းရတာ၊ စားဝတ်နေရေးအတွက်ပဲဖြစ်ဖြစ်၊ လူမှုရေး မိသားစုအရေးကိစ္စပဲ ဖြစ်ဖြစ် ခရီးသွားလာရာမှာ လက်နက်အန္တရာယ်၊ ဖမ်းဆီးသတ်ဖြတ်ခံရနိုင်တဲ့ အန္တရာယ်၊ လုယက်သတ်ဖြတ်ခံရနိုင်တဲ့ အန္တရာယ်တွေကို သတိပြုရတာတွေ ဖြစ်ပြီး ဒုတိယအနေနဲ့ စောစောက ရည်ညွှန်းတဲ့ အသက်အန္တရာယ်ဘေး ဖြစ်တဲ့ “သေဘေး” ကို လွတ်ကင်းအောင် ရှောင်တိမ်းနိုင်တဲ့နောက်မှာ အသက်ရှင်နေထိုင်ရေး စားရေးအတွက် လုံးပန်းကြရ တနေ့တနေ့ သိသိသာသာ မြင့်တက်လာတဲ့ ဈေးနှုန်းတွေကနေ မိသားစုကို ကျွေးမွေးနိုင်အောင် ရုန်းကန်နေကြရတဲ့ “ရှင်သန်နေရေး” ဆိုတဲ့ ဓားသွားတခုက ကျန်နေသေးတာ ဖြစ်ပါတယ်။
တချို့ဒေသတွေမှာ ဓားသွားနှစ်ခုစလုံး ဖြစ်တဲ့ သေဘေး ရော ရှင်သန်နေရေးပါ တပြိုင်နက်ထည်း ရင်ဆိုင်နေကြရသူတွေလည်း အများအပြားရှိပြီး တချို့သောဒေသတွေမှာတော့ သေဘေးက ပထမ၊ ရှင်သန်နေရေးက ဒုတိယ ဓားအဖြစ်နဲ့ ရင်ဆိုင်ကျော်ဖြတ်နေကြရတာ တွေ့ရပါတယ်။
စစ်ဘေးရှောင် သိန်းနဲ့ချီရှိတဲ့ စစ်ကိုင်းလို၊ ကယားပြည်နယ်လို၊ မကွေးတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်လို ဒေသတွေက လူထုတွေအဖို့ သေဘေးရော ရှင်သန်နေရေး ဓားသွားနှစ်ခုစလုံးကို တပြိုင်နက်တည်း ရင်ဆိုင်ကြုံတွေ့နေကြရသူတွေ ဖြစ်ပါတယ်။ ကယားပြည်နယ်က စစ်ဘေးရှောင် ဒုက္ခသည်တွေအဖို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ၊ ထိုးစစ်တွေကို ရှောင်တိမ်းရင်း မိမိတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်ကိုင်နိုင်တော့တာ လ၊ နှစ်ချီ ရှိလာနေပြီ ဖြစ်ပြီးရိက္ခာ အခက်အခဲကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ တဖက်မှာလည်း ဒုက္ခသည်အဖြစ်နဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေက ပေးအပ်ချင်သည့်တိုင် စစ်ရေးထိပ်တိုက်တွေ့မှုတွေ ပိတ်ဆို့ထားမှုတွေကြားထဲ အကူအညီရိက္ခာ ဆေးဝါးနဲ့ အသုံးအဆောင်တွေ လက်ခံရယူခွင့်မရှိ ရယူနိုင်တဲ့အခြေအနေ မရှိတဲ့အနေအထားမျိုးလည်း ဖြစ်ပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းနဲ့ အလယ်ပိုင်း မြောက်ပိုင်းမှာလည်း အလားတူ ဖြစ်ပါတယ်။ ချင်းတောင်ပိုင်း မင်းတပ်မြို့နယ်ထဲမှာ ယမန်နှစ်ကတည်း မြို့ပေါ်နဲ့ ကျေးရွာတချို့ကနေ ရှောင်တိမ်းပြီး တောင်တွေ တောတွေထဲ စခန်းဖွင့်လှစ်ကာ တိမ်းရှောင်နေကြရသူ ထောင်နဲ့ချီရှိနေပြီး သူတို့တွေ အနေနဲ့လည်း မိမိတို့ပင်မ အလုပ်အကိုင်ကို မလုပ်ကိုင်နိုင်ကြတော့ပဲ အကူအညီပေါ်သာ လုံးလုံးလျားလျား မှီခိုနေထိုင်နေကြရတာ ဖြစ်ပါတယ်။ လ ကနေ နှစ် ကူးလာတဲ့နောက်မှာ မိမိတို့ လူမှုအသိုက်အဝိုင်းက အကူအညီတွေ အင်အားလျော့နည်းလာတာတွေလည်း ကြုံကြရတာ ဖြစ်ပါတယ်။ ဒုက္ခသည်ပြဿနာတခုတည်းကို ရင်ဆိုင်ဖြေရှင်းနေကြရတာမဟုတ်ဘဲ တဖက်မှာလည်း လူမှုအသိုက်အဝိုင်းအနေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကိုပါ ထောက်ပံ့ပေးနေကြရတာမို့ အချိန်ကြာလာသည်နှင့်အမျှ အင်အားလျော့နည်းလာတဲ့ သဘောလည်း ဖြစ်ပါတယ်။
ချင်းပြည်နယ် ပြီးနောက် စစ်ကိုင်းတိုင်း တခုလုံးနီးပါးနဲ့ မကွေးတိုင်း မြောက်ပိုင်း ပခုက္ကူ၊ မြိုင်၊ ဂန့်ဂေါ၊ ကလေး စတဲ့ဒေသတွေမှာ ဒုက္ခသည် စခန်းရယ်လို့ သီးသန့်မရှိပေမယ့် မကြာခဏ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ နေအိမ်မီးရှို့မှုတွေ ဖျက်ဆီးမှုတွေကြောင့် အသက်ဘေးရော ရှင်သန်ရေးပါ တပြိုင်နက်ထဲ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
ဒီလို ကျေးလက်တွေက ပြည်သူတွေအဖို့ သေဘေးနဲ့ ရှင်သန်ရေး ဓါးသွား ၂ ခုအကြားမှာ ရုန်းကန်နေကြရချိန် မြို့ပေါ်က လူအများစုအနေနဲ့က ရှင်သန်ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်နေကြရတာ ဖြစ်ပါတယ်။ ခု သီတင်းပတ်တွေအတွင်း ဆန်တွေ စျေးနှုန်းမြင့်တက်လာတာ ၊ စားအုန်းဆီ စျေးနှုန်းမကြုံဖူးလောက်အောင် မြင့်တက်လာတာ၊ လောင်စာဆီစျေး စံချိန်တင် မြင့်တက်ပြီး လမ်းစရိတ် ကားခတွေ ကုန်ပစ္စည်းပို့ဆောင်ခတွေ မြင့်တက်လာတာတွေ ကို တပြိုင်နက်ထဲ ကြုံတွေ့နေကြရပြီး လုပ်ခလစာတွေ အနေနဲ့ တိုးမြင့်လာဖို့ အလားအလာ မရှိသေးတဲ့အပြင် အလုပ်အကိုင် အခွင့်အလမ်းတွေက လျော့နည်း ကျဆင်းလာနေတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်ဖြစ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေ ရပ်နားသွားတာ၊ နိုင်ငံတကာကုမ္ပဏီကြီး တချို့ ထွက်ခွာသွားတာ၊ နယ်မြေဒေသတွေ လုံခြုံရေးအခြေအနေ မကောင်းတဲ့ အကျိုးဆက်နဲ့ ငွေကြေးဖောင်းပွမှု အကျိုးဆက်တွေကြောင့် လုပ်ငန်းအသစ်တွေ တိုးချဲ့ဖို့ မရှိပဲရှိပြီးသားလုပ်ငန်းတွေတောင် ရပ်နားကုန်ကြတဲ့အခြေအနေမှာ လက်ခစား လခစား အလုပ်သမားတွေ အဖို့ လုပ်အားခတိုးတောင်းဖို့ အလုပ်ပြောင်းလဲ ဖို့အခွင့်အရေးတွေ မရှိကြပဲ အလုပ်မပြုတ်ဖို့ကို သတိကြီးစွာထားပြီး နေထိုင် လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။
ကျေးလက်အချို့နဲ့ မြို့တွေမှာ ဝင်ငွေ မလုံလောက်တာ ကြပ်တည်းတာရဲ့ အကျိုးဆက်အဖြစ် ရာဇဝတ်မှုတွေ ပိုမိုများပြားလာနေပြီး လုယက်မှု၊ လူသတ်မှု၊ ခိုးမှု၊ ဓါးပြတိုက်မှုတွေ နေ့စဥ်လိုလို ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ ဆွဲကြိုးဖြတ်ပြေးတာမျိုးလို လုယက်မှု အသေးစားတွေမှ အစ လူ့အသက်ကို ရန်ပြုပြီး ပစ္စည်းလုယူကြတဲ့အဖြစ်မျိုးတွေ အထိ နေ့စဥ်လိုလို နယ်မြို့တွေရော ရန်ကုန် မန္တလေးလို မြို့ကြီးတွေမှာအထိ ဖြစ်ပွားနေတာပါ။ အခုလို ရာဇဝတ်မှုတွေကို ဥပဒေစိုးမိုးရေး အဖွဲ့အစည်း ဖြစ်တဲ့ ရဲတပ်ဖွဲ့ကို တိုင်ကြားဖို့ ဆန္ဒမရှိကြတော့တာ၊ တိုင်ကြားသည့်တိုင် ရဲတွေအနေနဲ့ ဒီလိုအမှုကိစ္စတွေကို အလေးမထားတော့တာကြောင့် မိမိအသက်အန္တရာယ်နဲ့ မိမိရဲ့ ပိုင်ဆိုင်မှု ပစ္စည်းလုယက် မခံရဖို့ ဓားပြတိုက်မခံရဖို့ မိမိဘာသာ စောင့်ရှောက်ကြရတဲ့ အခြေအနေဖြစ်လာပါတယ်။ တဖက်မှာတော့ အာဏာသိမ်းစစ်တပ်အနေနဲ့ အခုလို ဥပဒေစိုးမိုးမှု ပျက်ပြားလာတာကို သတိပြုမိသော်လည်း ဒီအကျိုးဆက်တွေဟာ လူထုအနေနဲ့ လက်နက်ကိုင် တော်လှန်မှု၊ မြို့တွေမှာ ဗုံးခွဲမှု တိုက်ခိုက်မှုတွေရဲ့ အကျိုးဆက်ရယ်လို့ ကောက်ချက်ချစေလိုပြီး ဒီအခြေအနေကို ခွင့်ပြုထားတာလားလို့ ယူဆစရာလည်း ရှိနေတာဖြစ်ပါတယ်။
ပြည်သူလူထုအဖို့တော့ သေဘေးနဲ့ ရှင်သန်ရေးအကြား ရုန်းကန်ရင်း ဒီလှိုင်းလုံးတွေထဲ နစ်မြုပ်မသွားရအောင် အသည်းအသန် ကြိုးစားနေကြရတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar