Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၉ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၉ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၀၊ ၂၀၂၂


စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲများ၊ ကျေးရွာမီးရှို့မှုများ၊ ကယားပြည်နယ်က တိုက်ပွဲ၊ ပခုက္ကူ မြိုင်ဘက်က လက်တုံ့ပြန် တိုက်ခိုက်မှုတွေ 

ခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းအတွင်းက ဒီပဲယင်းမြို့နယ်က ကျေးရွာတွေ၊ ချင်းတွင်းမြစ်ကြောင်းတလျှောက်က ကျေးရွာတွေ မှာ စစ်ကြောင်းတွေဝင်ပြီး ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတာ၊ ကျေးရွာသားတွေ အရပ်သားတွေထဲက စွပ်စွဲသတ်ဖြတ်တာ၊ နေအိမ်မီးရှို့တဲ့အခါမှာ အချို့သော နာမကျန်းသူ အသက်အရွယ်ကြီးသူတွေပါ မီးလောင်အသက်ဆုံးရှုံးရတာတွေ ဖြစ်ပျက်နေတဲ့ သတင်းတွေ ဖတ်ရှုနေရပါတယ်။ ချင်းတွင်းမြစ်ကြောင်းတလျှောက်မှာ စစ်ကောင်စီရဲ့ ရေကြောင်းကတဆင့် သယ်ယူတဲ့ ရိက္ခာ၊ လက်နက်ခဲယမ်းလိုမျိုးကို ကြားဖြတ်တိုက်ခိုက်ကြတာကို စစ်ကောင်စီဘက်က လက်တုံ့ပြန်ပြီး မြစ်ကြောင်းတလျှောက်က ကျေးရွာတွေကို စစ်ကြောင်းထိုး ဖျက်ဆီးတာတွေ လုပ်ဆောင်နေတဲ့ သတင်းတွေလည်း ကြားသိနေရပါတယ်။ 

ဖျက်ဆီးမခံရသေးတဲ့ ကျေးရွာတွေကလည်း မီးရှို့ခံရမှာကို စိုးရိမ်နေကြရသလို၊ မီးရှို့ခံရပြီးတဲ့ ကျေးရွာတွေမှာ နေထိုင်သူတွေလည်း စိတ်အေးလက်အေး မနေနိုင်ကြပါဘူး။ ကျေးရွာမှာ ပြန်တဲထိုးနေကြပေမယ့် စစ်ကောင်စီတပ်တွေရဲ့ သတင်းကို အမြဲနားစွင့်နေကြရသလို ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြောင့်လည်း တခါတရံမှာ သတင်းအခြေအနေကို ချက်ချင်းမရကြဘဲ အနီးအနားရောက်မှ သိကြတာမျိုးလည်း ရှိသလို အချို့ရွာတွေကို လေကြောင်းက ရဟတ်ယာဥ်သုံးပြီး စစ်တပ်တွေ ဝင်လာတာမျိုးတွေအထိ ရှိနေတာကြောင့်လည်း ထွက်ပြေးဖို့ အချိန်မရတဲ့အဖြစ်မျိုးတွေလည်း ရှိကြတယ်လို့ အဖြစ်အပျက်တွေ သတင်းတွေ မေးမြန်းမှုတွေ အရကြားသိနေရပါတယ်။ 

စစ်ကိုင်းတိုင်းအထက်က ကျေးရွာတွေ အားလုံး မီးရှို့ခံကြရတာတော့ မဟုတ်ဘဲ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ နဲ့ စစ်တပ်ကို ထောက်ခံသူများတဲ့ ကျေးရွာအချို့လည်း ရှိပြီး အဲဒီလိုကျေးရွာတွေက အန်အယ်လ်ဒီ ထောက်ခံသူတွေက နေအိမ်တွေ ပိုင်ဆိုင်မှုပစ္စည်းတွေ ထားရစ်ပြီး အခြားရွာ၊ မြို့တွေကို တိမ်းရှောင်ကြရတဲ့ အဖြစ်မျိုးလည်း ရှိပါတယ်။ အဲဒီလို တိမ်းရှောင်သွားတဲ့ နေအိမ်တွေကို ကျေးရွာမှာ ကျန်ရစ်သူအချို့က မိမိတို့နေအိမ်သဖွယ် တက်ရောက်နေထိုင်နေကြတဲ့ အဖြစ်မျိုးလည်း ဖြစ်ပွားနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ စစ်တပ် ထောက်ခံတဲ့ ကျေးရွာ၊ လူဦးရေက မများပေမယ့်လည်း ဒေသအလိုက် ရှိနေကြတာလည်း ဖြစ်ပါတယ်။ 

ခုရက်ပိုင်း ပခုက္ကူ၊ မြိုင် ဘက်က ကျေးရွာတရွာမှာ PDF က ဝင်ပြီး ပစ်ခတ်ခဲ့လို့ ကျေးရွာက စစ်တပ်ထောက်ခံသူတွေ ဆယ်ဂဏန်းနီးပါး သေဆုံးပြီး ဆယ်ဂဏန်းနဲ့ချီ ဒဏ်ရာရခဲ့ကြတဲ့ အဖြစ်အပျက်လည်း သတင်းတွေထဲ ဖတ်ရှုရပါတယ်။ တိုင်းပြည် နှစ်ခြမ်းကွဲတာတော့ မဟုတ်ပေမယ့် အမျိုးသားရေးအပေါ် အခြေခံပြီး စစ်တပ်ထောက်ခံသူ၊ ကြံ့ခိုင်ရေးပါတီ ထောက်ခံမှုအပေါ်  မူတည်ပြီး စစ်တပ်ထောက်ခံသူတွေ အားသာတဲ့ ဒေသ၊ ကျေးရွာအချို့ ရှိနေတာလည်း အမှန်ပဲ ဖြစ်ပါတယ်။ 

စစ်တပ်ဘက်က ပြည်သူ့စစ်လို့ သူတို့ခေါ်ပြီး ဒီဘက်က ပျူစောထီးလို့ ခေါ်တဲ့ ဒေသခံတွေကို လက်နက်ပေး သင်တန်းပေးပြီး ပြန်လည်တိုက်ခိုက်ဖို့ လုပ်ဆောင်တဲ့ နည်းဗျူဟာကို စစ်ကိုင်းတိုင်းမှာ တွင်တွင်ကျယ်ကျယ် သုံးလာတဲ့ အခြေအနေတွေ တွေ့နေရပါတယ်။ တိုင်းရင်းသားဒေသတွေမှာ အဲဒီလို နည်းဗျူဟာက အလုပ်မဖြစ်ပေမယ့် ဗမာလူမျိုးတွေ နေထိုင်ကြပြီး နကိုကတည်းက ကြံ့ခိုင်ရေးပါတီရဲ့ ထောက်ခံသူများတဲ့ ကျေးရွာတွေ ဒေသတွေမှာတော့ ဒီနည်းဗျူဟာက အတိုင်းအတာတခုထိ အားကိုးရပုံရတာ တွေ့ရပါတယ်။ 

ကန့်ဘလူမြို့နယ်ထဲက ဆရာတော်တပါး ဦးဆောင်ဖွဲ့စည်းထားတဲ့ ပျူစောထီးအဖွဲ့တွေ စစ်တပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ကျေးရွာတချို့လည်း ရှိလာပြီး ပေါက်မြို့နယ်ဘက်မှာလည်း ဘုန်းတော်ကြီး ကျောင်းတချို့က ဦးဆောင်တဲ့ ပျူစောထီး တပ်ဖွဲ့တွေ ရှိတာတွေ့နေရပါတယ်။ 

ခုရက်ပိုင်း သတင်းတွေထဲ ဖော်ပြနေကြတဲ့ သတင်းနောက်တပုဒ်ကတော့ ကယားပြည်နယ်၊ ဒီးမော့ဆိုနဲ့ လွိုင်ကော်တဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က လေကြောင်းပစ်ကူနဲ့ပါ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး စစ်တပ် ထောက်ခံတဲ့ တယ်လီဂရမ် ချယ်နယ်တွေမှာတော့ KNDF လို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သေဆုံးတယ်ဆိုတဲ့ သတင်းတွေ ဖော်ပြနေကြတာကို တွေ့ရပါတယ်။ KNDF အဖွဲ့က ဒေသခံတွေ မိမိတို့နေအိမ်တွေမှာ ပြန်နေထိုင်ဖို့ မလုံခြုံသေးတဲ့အကြောင်း၊ စစ်ကောင်စီတပ်တွေ စခန်းချတာရှိတဲ့ ကျေးရွာ၊ ရပ်ကွက်တွေမှာ ရောနှောပြီး မနေထိုင်ဖို့ ခုရက်ပိုင်းအတွင်း အသိပေးချက် ထုတ်ပြန်ထားတာလည်း တွေ့ရပါတယ်။

အခြားသတင်းတပုဒ်ကတော့ ပခုက္ကူနယ် မြိုင်မြို့နယ်ထဲမှာ ရှိတဲ့ တွင်းမကျေးရွာမှာ ပျူစောထီးသင်တန်းပေးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းအရ PDF အဖွဲ့တွေက နံနက် ၆ နာရီကျော်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ 

PDF တွေက ထုတ်ပြန်တဲ့ သတင်းမှာတော့ ၃၄ ဦးသေဆုံးတယ်လို့ ဖော်ပြထားပြီး စစ်ကောင်စီဘက်ကတော့ ၁၁ ဦးသေဆုံး ၁၇ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ စစ်ကောင်စီထောက်ခံတဲ့ ကျေးရွာအချို့မှာ အခြေစိုက်ပြီး ပြည်သူ့စစ်လို့ စစ်ကောင်စီက ခေါ်တဲ့ ပျူစောထီးတပ်ဖွဲ့ တွေဖွဲ့ဖို့ လုပ်ဆောင်နေကြတဲ့ ကျေးရွာကို PDF တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar