Breaking News

‌ေအာင်သူငြိမ်း - ဗီယက်နမ်စစ်ပွဲ (၈)

‌ေအာင်သူငြိမ်း - ဗီယက်နမ်စစ်ပွဲ (၈)
(မိုးမခ) သြဂုတ် ၁၀၊ ၂၀၂၂

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းစဉ်က “တော်လှန်ရေးကောင်စီ” ဆိုပြီး အုပ်ချုပ်နေခဲ့ပါတယ်။ ဒါပေမယ့် အစောပိုင်းမှာပဲ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ထူထောင်ဖို့ ကြံစည်ခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခေတ်ပြောင်းတော်လှန်ရေးတရပ်ကို ဆင်နွှဲရာမှာ နိုင်ငံရေးပါတီတခုကသာ ဦးဆောင်သင့်တယ်လို့ ဆိုလို့ပါပဲ။ ဒီလိုနဲ့ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ တော်လှန်ရေးကောင်စီ ၁၇ ကြိမ်မြောက် အစည်းအဝေးအပြီးမှာ မဆလပါတီကို တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ “ဤလောက၌ လူလူချင်း ခေါင်းပုံ ဖြတ်၍ မတရား အမြတ် ရှာစားသော စီးပွားရေး စနစ်ဆိုးများ တည်ရှိနေသရွှေ့ ကာလပတ်လုံး လူအပေါင်းကို လူမှု ဒုက္ခများ မှ လွတ်မြောက်စေလိမ့်မည်ဟု မယုံကြည်။ ဤ ပြည်ထောင်စု မြန်မာနိုင်ငံတွင် လူလူချင်း ခေါင်းပုံဖြတ်ခြင်း ကင်း၍ တရား မျှတမှု ရှိသော ဆိုရှယ်လစ် စီးပွားရေး စနစ်ကို တည်ဆောက်နိုင်မှသာလျှင် သာယာဝပြောသော လောကသစ်ကြီးသို့ ရောက်ရှိနိုင်မည်ဟု ယုံကြည်သည်” လို့ ဆိုခဲ့ကြပါတယ်။ 

အဲဒီအချိန်ကစလို့ အမြုတေပါတီကနေ ပြည်သူ့ပါတီပြောင်းမယ်ဆိုပြီး သူ့ရဲ့ စည်းရုံးရေးလုပ်ငန်းတွေကို စလို့ လုပ်ဆောင် နေခဲ့ကြပြီး ၁၉၇၁ မှာတော့ ပြည်သူ့ပါတီဖြစ်လာပြီလို့ ဆိုပါတယ်။ ၁၉၆၄ ခုနှစ်၊ မတ်လ ၂၈ ရက်မှာ “အမျိုးသား စည်းလုံး ညီညွတ်ရေး ကာကွယ်သည့်ဥပဒေ” ဆိုတာ ပြဌာန်းခဲ့ပါတယ်။ သဘောကတော့ မဆလပါတီကလွဲရင် ကျန် နိုင်ငံရေးပါတီ တွေကို တရားဝင် ရပ်တည်ခွင့်မပေးတော့တာပါ။ ဒီအချိန် လူထုလူတန်းစား အဖွဲ့ အစည်းတွေ ဖွဲ့ဖို့ ဆိုပြီး ၁၉၆၃-၆၅ ကြားမှာ ခပေါင်း၊ ဒူးယား၊ ပုပ္ပါး၊ အုန်းတော စတဲ့ တောင်သူ လယ်သမား နှီးနှောဖလှယ်ပွဲတွေနဲ့ အောက်ခြေထုကို စည်းရုံးနိုင်ဖို့ ကြိုးစားနေခဲ့ကြပါတယ်။ ပြောရရင် ဗီယက်နမ်မှာ စစ်ပွဲပြင်းထန်နေခဲ့တဲ့ ကာလတွေမှာ ကိုယ့် အာဂျင်ဒါနဲ့ကိုယ် သာသာယာယာ၊ ကိုယ့်ပြဿနာနဲ့ကိုယ် လုံးချာလည် ပါပဲ။ ဒီလိုနဲ့ ၁၉၇၄ မှာ ဆိုရှယ်လစ် တပါတီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ထွက်လာခဲ့ ပါတယ်။

တကယ်တော့ မဆလပါတီ တည်ထောင်တာက စင်းလုံးချော သာယာနေတာတော့ မဟုတ်ပါဘူး။ 
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ (စစ်အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ) ဆဲဗင်းဇူလိုင် ကျောင်းသား အရေးတော်ပုံ ဖြစ်ပွားခဲ့ပြီး၊ ဆန့်ကျင်အံတုတဲ့ ကျောင်းသားတွေကို သွေးထွက်သံယို နှိမ်နင်းခဲ့ရပါတယ်။ ကျောင်းသားသမဂ္ဂ အဆောက်အဦကို မိုင်းခွဲခဲ့တဲ့ သမိုင်းတစ္ဆေလည်း ခြောက်လှန့်နေတုန်းပါ။ ၁၉၆၇ ခုနှစ် ရခိုင်ပြည်နယ် စစ်တွေမှာ လူထုက စားစရာ မရှိတော့လို့ ဆန္ဒတွေပြ၊ အစိုးရ ဆန်ဂိုထောင်တွေကို ဝင်လုတဲ့ “စစ်တွေ ဆန်ပြဿနာ” နဲ့ ၁၉၆၉ “တရုတ်- ဗမာ အဓိကရုဏ်း”တွေ ဖြစ်ပွားခဲ့ပါသေးတယ်။ သွေးထွက်သံယို အကြမ်းပတမ်း နှိမ်နင်းခဲ့တာချည်းပါပဲ။ အဲဒီနောက်ပိုင်း တရုတ်နိုင်ငံနဲ့ပါ ဆက်ဆံရေး ပျက်ပြားခဲ့ပါတယ်။ 

၁၉၆၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာလည်း မြန်မာပြည်အနှံ့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ နိုင်ငံရေးသမားတွေကို ကိုကိုး ကျွန်း တကျွန်းပို့ ကိုယ်ထူ ကိုယ်ထစနစ်နဲ့ ဖမ်းဆီးချုပ်နှောင့်တဲ့ စီမံကိန်းကို စတင် အကောင်အထည် ဖော်ခဲ့ ပါသေးတယ်။ ခံယူချက် ပြင်းထန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေက ရဲဘော် ၈ ယောက် ကျဆုံးခဲ့ရပြီး၊ ၅၃ ရက်ကြာခဲ့တဲ့ အစာငတ်ခံ ဆန္ဒ ပြပွဲကြီးလည်း ဖြစ်ခဲ့ပါသေးတယ်။ ဒီတကျွန်းစနစ်ကို ၃-နှစ်အကြာမှာ ရိုက်ချိုးတွန်းလှန် ဖျက်သိမ်းနိုင်ခဲ့ကြပါတယ်။ 

၁၉၆၃ ခုနှစ် ဇွန်လမှာ တောတွင်းလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အားလုံးနဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ် ဆွေးနွေးခဲ့ပါသေးတယ်။ မအောင်မြင်ပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေကို နိုဝင်ဘာလမှာ ရပ်ဆိုင်းလိုက်ပြီး၊ ငြိမ်းချမ်းရေးကို ထောက်ခံ လှုပ်ရှားသူတွေကို အစုအပြုံလိုက် ဖမ်းဆီးထိန်းသိမ်းတာတွေလည်း ရှိခဲ့ပါသေးတယ်။ ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့က စပြီး တက္ကသိုလ်တွေကို ရက်အကန့်အသတ် မရှိ ပိတ်လိုက်ရတာမျိုး အပါအဝင် ပြဿနာတွေကတော့ မသေးပါဘူး။  

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)
ဗီယက်နမ်စစ်ပွဲ ဖြစ်ပွားနေစဉ်ကာလမှာပဲ ဗမာပြည်ကွန်မြူနစ် ပါတီကိုယ်စား လှယ်အဖွဲ့ (၇ ဦး) က ၁၉၆၄ ခုနှစ်မှာ မြောက် ဗီယက်နမ် မြို့တော်ဟနွိုင်ကို ရောက်ခဲ့ပါတယ်။ ရဲဘော် စိုးသိန်း [နောက်ပိုင်း ဗကပ အရှေ့မြောက်ဒေသ နိုင်ငံရေးမှူး] က ဦးဆောင်သွားပါတယ်။ 

ရဲဘော်စိုးသိန်းက ဘယ်သူပါလဲ။ သူက ၁၉၅၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ (ဗကပ) ပဲခူးရိုးမ အခြေစိုက်စခန်းက လူငယ် ၃၁ ဦးကို လက်ရွေးစင် ရွေးချယ်ပြီး တရုတ်ပြည်ကို ပညာသင်လွှတ်ခဲ့တဲ့ အထဲကတဦးပါ။ အဲဒီလူငယ်တွေကို နိုင်ငံရေးအရ အားထားရတဲ့သူ၊ ဉာဏ်ပညာထက်မြက်တယ်၊ ပညာအခြေခံကောင်းတဲ့ ကေဒါ စသည်ဖြင့် စိစစ် ရွေးချယ်စေလွှတ်ခဲ့ကြောင်း မန်းဖိုးအေး ဘာသာပြန် “ဗမာပြည်ကွန်မြူနစ်ပါတီ ခရီးကြမ်း” စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံထဲက ဗကပထိန်းချုပ် ရာ စခန်းတွေကတဆင့် တရုတ်နယ်စပ်ရောက်ပါတယ်။ နောက်တော့ ပေကျင်း မာ့စ်လီနင်ဝါဒ သင်တန်းကျောင်း အမှတ် (၂) မှာ တက်ရပါတယ်။ သူနဲ့အတူ မြန်မာနိုင်ငံက ၄၃ ဦး၊ ထိုင်း ၄၀ ဦး၊ ဗီယက်နမ်လူမျိုး ၂၀၀ ကျော်နဲ့ ဂျပန်လူမျိုး ၅၀၀ ဦး၊ အင်ဒို နီးရှား ၃၀ ဦးတို့ ၁၉၅၂ ခုနှစ် ဖေဖေါ်ဝါရီမှာ ကျောင်းစတက်ရကြောင်း ဖတ်ရပါတယ်။ မူလကတော့ သင်တန်းတွေကို တနှစ်ခွဲ- နှစ်နှစ်ကြာလို့ ခန့်မှန်းပါတယ်။ ရဲဘော်စိုးသိန်းက ၁၉၅၇ ခုနှစ်မှာ ကျောင်းပြီးပါတယ်။ ဘွဲ့အပ်နှင်းတာတွေလည်း ရှိခဲ့ပြီး မြန်မာ ၄၃ ဦးမှာ ၈ ဦးက မဟာဘွဲ့ရ၊ ကျန်သူများက ရိုးရိုးဘွဲ့ရကြောင်း ဖတ်ရပါတယ်။ (နှာ ၃၇၁-၃၇၃)

၁၉၆၄ ခုနှစ်မှာ ရဲဘော်စိုးသိန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က တရုတ်ပြည်ကတဆင့်၊ ဗီယက်နမ်မြို့တော် ဟနွိုင်ကို ရောက်ခဲ့ပါတယ်။ သူတို့က ဗီယက်နမ်ခေါင်းဆောင် ဟိုချီမင်းနဲ့လည်း နှစ်ကြိမ် တွေ့ဆုံခဲ့ရပါတယ်။ တနှစ်လောက် သူတို့ ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်မှာ ကြာမြင့်ခဲ့ပြီး၊ ဗီယက်နမ်စစ်ပွဲက လေ့ လာရတဲ့ သင်ခန်းစာကိုလည်း ဗမာပြည် ကွန်မြူနစ် ပါတီ ဗဟိုကော်မီတီထံကို ပြန်လည်တင်ပြခဲ့ပါတယ်။ ၁၉၆၄ နှစ်ကုန်မှာမှ တရုတ်ပြည် ပြန်ရောက်ခဲ့ပါတယ်။ (နှာ ၃၈၀-၃၈၂)

တွေ့ဆုံကြတဲ့အချိန်မှာဥက္ကဋ္ဌဟိုက “သခင်ဗသိန်းတင်နဲ့ ကျနော်က သိဟောင်းကျွမ်းဟောင်းတွေဗျ။ မိတ်ဆွေဟောင်းကြီးတွေ ပေါ့ဗျာ။ ကျနော်တို့ နှစ်ယောက် သိပ်ပြီးခင်ကြတာဗျ။ ကျနော်တို့ နှစ်ပါတီလုံးက ပြန်လည်ပြင်ဆင်ရေးကို ဆန့်ကျင်ကြတာချင်း တူကြပါတယ်။ ဒါပေမယ့် ဗီယက်နမ်နဲ့ ဗကပတို့က အနေအထားချင်း မတူကြပါ” လို့ ပြောခဲ့ပါတယ်။ ဗီယက်နမ်က အမေရိကန်နယ်ချဲ့ရဲ့ ကျူးကျော်မှုအောက်မှာ ဆိုဗီယက်ရုရှားရဲ့ ကူညီထောက်ပံ့မှုကို ယူရတယ်။ ဗီယက်နမ်က ခေတ် နောက်ကျတဲ့ လယ်ယာစိုက်ပျိုးရေး နိုင်ငံလေး။ “မြန်မာနိုင်ငံကတော့ တိုင်းရင်းသားလူမျိုးစုတွေ သိပ်များတယ်။ အမျိုးသား ရေးလုပ်ငန်းဆိုတာ ညီညွတ်ရေးတပ်ပေါင်းစု လုပ်ငန်းဖြစ်တယ်။ အဲဒီ ညီညွတ်ရေးတပ်ပေါင်းစုဖွဲ့ပြီး လုပ်နိုင်ဖို့က အရေး အကြီးဆုံး ဖြစ်တယ်” လို့ ဆိုခဲ့ပါသေးတယ်။ 

သူတို့ကို ထမင်းကျွေးတော့လည်း ဥက္ကဋ္ဌဟိုက ဟင်းလျာအပို ထပ်မတိုးခိုင်းပါ။ ဟင်းလျာ ၄ မျိုး၊ ဟင်းရည် တပန်းကန်၊ သားငါး ပါတာနှစ်မျိုး၊ မပါတာ ဟင်းနှစ်မျိုးချက်ပေးတာကို စားပါတယ်။ ဆေးလိပ်မသောက်၊ အရက်မသောက်၊ သာမန် နေထိုင် ရိုးစင်းလွန်းသူလို့ သူတို့အတွေ့အကြုံကို ပြန်ဖော်ပြတာ ဖတ်ရပါတယ်။ 

သူတို့က ဟနွိုင်သံတမာန်ရပ်ကွက်မှာ နေကြရပါတယ်။ အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ပေမယ့်လည်း သံတမာန်ရပ်ကွက်ကို ဗုံးကျဲလေ့ မရှိပါဘူး။ ဒါပေမယ့် မြို့ကိုဖြတ်သန်းစီးနေတဲ့ ဟုန်ဟိုမြစ် (မြစ်နီ) က မြို့ထက် ပိုမြင့်နေ တော့ အကယ်၍ ရေကာတာကို ဗုံးကျဲမိလို့ ရေကာတာကျိုးရင် ဟနွိုင်းမြို့ကြီး ရေအောက်ရောက်မှာကိုတော့ သူတို့ စိုးရိမ် ခဲ့ရပါတယ်။ 

ဗီယက်နမ်ရဲ့ စစ်ရေးသေနင်္ဂဗျူဟာကို ရဲဘော်စိုးသိန်းက စမ်းစစ် တွေ့ရှိချက်တွေကို ဗကပ ဗဟိုကို ပြန်လည်အစီရင်ခံစာ ရေး သား ပေးပို့ခဲ့ပါတယ်။ 

၁။ ဗီယက်နမ်ကွန်မြူနစ်တို့ တောင့်ခံထားတဲ့ စစ်ပွဲက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ပြည်သူ့စစ်ပွဲကာလ ထက် တဆင့်မြင့်သွားပါတယ်။ [မြေအောက်လှိုဏ်ခေါင်းစစ်ကို အသုံးပြု တိုက်ခိုက်ကြတယ်။]

၂။ “စစ် ၃ ရပ်” ကို ဗီယက်နမ်ကွန်မြူနစ်ပါတီက ကြွေးကြော် ဖော်ထုတ်ပါတယ်။ “ပြည်သူတရပ်လုံး ပါဝင်သည့်စစ်၊ အကုန် အစင် သုတ်သင်ရှင်းလင်းရေးစစ်၊ ကိုယ့်အားကိုယ်ကိုးစစ်” ဖြစ်ပါတယ်။ ဗီယက်နမ်ဟာ သေးသွယ်ရှည်လျားတယ်။ တဖက်မှာ ပင်လယ်၊ တဖက်မှာ တောင်တန်းတွေ ရှိကြတယ်။ ကုန်ထုတ်လုပ်ငန်း လုပ်ဖို့က မြေပြန့်လွင်ပြင်ဆီ ဆင်းရမယ်။ သိမ်းဆည်း ပြီးရင် တောင်တန်းဒေသတွေကို တက်ပြီး နေထိုင်ရမယ်လို့ ဆိုပါတယ်။ အခြေခံ ပါတီအဖွဲ့အစည်း အသီးသီးကို တောင်းဆို ထားတာက တိုက်ပွဲအသွင်သဏ္ဌာန်ဟာ ပြောင်းလဲနိုင်တယ်။ ဒါပေမယ့် ကိုယ်ဦးဆောင်တဲ့ နယ်မြေဒေသ ဆုံးရှုံးလို့ မရပါ။ ပြည်သူလူထုကို ဆုံးရှုံးလို့မရပါ။ ကော်မတီတွေက နယ်မြေနဲ့ ကင်းကွာလို့ မရပါ။ ဒီဆောင်ရွက်ချက်တွေကနေ ရှောင်တိမ်း ထွက်ပြေးမှုကို ကာကွယ်ပြီးသား ဖြစ်နေတယ်လို့ ဆိုပါတယ်။ ရင်ဆိုင်တိုက်ခိုက်ရာမှာ နည်းဗျူဟာ အရှင်ကို သုံးပါတယ်။ 

၃။ ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ရမယ်။ အထူး အလုပ်တပ်ဖွဲ့ကို အသုံးချရမယ်။ တပ်ခွဲတိုင်း၊ ရွာတိုင်းမှာ အထူး အလုပ်တပ်ဖွဲ့ ရှိရမယ်။ အထူးအလုပ်တပ်ဖွဲ့က လေ့ကျင့်နေရမယ်။ လေ့ကျင့်ရာမှာ (၁) ခြေလျင်တပ်သားတို့ရဲ့ အခြေခံသင်တန်း (၂) ကင်းထောက်တပ်ဖွဲ့ နည်းပညာစွမ်းရည် (၃) ဖောက်ခွဲရေး နည်းပညာနဲ့ ဖောက်ခွဲရေးပစ္စည်း ထုတ်လုပ်မှု နည်းပညာလို့ ဆိုပါတယ်။ 

၄။ အလစ်ဝင်တိုက်တဲ့ ညတိုက်ပွဲ

၅။ မြေအောက်ယူဂျီ လှုပ်ရှားမှုနည်း
တရုတ်နဲ့ ကွာတယ်လို့ ဆိုတယ်။ တရုတ်က ရေရှည်မြုပ်နှံတယ်။ ဗီယက်နမ်ကတော့ လူအနည်းအကျဉ်းကပဲ စောင့်ဆိုင်း တယ်။ အများစုက တိုက်ပွဲဝင်ကြတယ်။ ယူဂျီ လှုပ်ရှားတဲ့ ရဲဘော်တွေရဲ့ လုပ်ငန်းတွေကို ရှင်းရှင်းလင်းလင်း ခွဲခြားထားရ မယ်။ စီးပွားဥစ္စာ ပျက်ပြားမှု နည်းသထက်နည်းရမယ်။ စီးပွားဥစ္စာ မပျက်ယွင်းတဲ့သူတွေ များသထက် များရမယ်။ အဆင့် မြင့်မားတဲ့ တိုက်ပွဲများ နည်းပါးရမယ်။ အကြမ်းမှုကို အနုနဲ့ အောင်မြင်ရမယ်။ ကိုယ့်အင်အားကို ထိန်းထားရမယ်… စတဲ့ မူတွေကို ဖတ်ရပါတယ်။

၆။ စိတ်ဓာတ်စစ်ဆင်ရေး တိုက်ပွဲမျိုး ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်နိုင်ရမယ်။ ဥပမာအားဖြင့်- ကြွေးကြော်သံတွေ မကြွေးကြော် ဘူး၊ စာတမ်းတွေ မရေး မကပ်ဘူး။ သိမ်းဆည်းရမိတဲ့ စာရွက်စာတမ်း၊ သုံ့ပန်းမိသားစုတွေကို သေချာ အသုံးချရမယ်။ ရန်သူ့ တပ်ဖွဲ့ စစ်ထွက်တဲ့အခါ အဖိုး၊ အဖွားအိုတွေ ငိုယိုလိုက်ပါ ပို့ဆောင်ရမယ်။ ရန်သူ့ စိတ်နှလုံးကို ကိုင်လှုပ်ရမယ်.. စတာမျိုး။

၇။ သတင်းမီဒီယာ ဝါဒဖြန့်ချိရေးမှာ သူရဲကောင်းတွေရဲ့ ပြောင်မြောက်တဲ့အကြောင်းအရာ ဖော်ပြကြတယ်။ ဒီနည်းနဲ့ စိတ်ဓာတ်ခွန်အား မြှင့်ပေးတယ်။

၈။ စစ်သည်တော်တွေနဲ့ ပြည်သူလူထုတွေက တောတောင်ထဲ အလေ့ကျ သစ်ဥသစ်ဖုတွေ တူးဖော်စားတဲ့အခါ တအုံယူ လိုက်တိုင်း၊ သုံးအုံစာ ပြန်လည် မြှုပ်နှံထားရမယ်။ ဒါမှ စားသောက်မှုအတွက် အာမခံချက်ပေးနိုင်မယ်။[အဲဒီအချိန်က အမေရိကန်ဗုံးဒဏ်ကြောင့် ပလောပီနံဥတွေ အလွန်ဖြစ်ထွန်းတယ်လို့ အခြားစာတအုပ်မှာ ဖတ်ရတယ်။ ဗုံးတွေမှာပါတဲ့ ယမ်းထဲက အမိုနီယံ နိုက်ထရိတ်ဓာတ်က မြေဩဇာသဖွယ် ဖြစ်စေပါတယ်] (နှာ ၃၈၁-၃၈၂) ရဲဘော်စိုးသိန်းက တင်ပြချက်တွေကို သခင်ဗသိန်းတင်ထံ စာတိုက်က ပို့တယ်။ ပါတီဖက်က သေချာဖတ်ရှု သုံးသပ်ကြပုံ ရတယ်။ 

ထူးထူးခြားခြား ရဲဘော်စိုးသိန်းတက်ခဲ့ရတဲ့ အစည်းအဝေးတခုအကြောင်းလည်း အမှတ်တရ ပြန်လည်ဖော်ပြထားပါတယ်။ အကြောင်းကတော့ တောင်ဗီယက်နမ် ဆိုင်ဂုံမြို့အနီးက အမေရိကန် လေယာဉ်တင် စစ်သင်္ဘောကြီး ဆိုက်ကပ်ထားတာကို ဘယ်လို ဖောက်ခွဲကြမလဲဆိုတာ တိုင်ပင်တဲ့ အစည်းအဝေးပါ။ သူတို့က အချက်အလက် အသေးစိတ်ကို ရှာဖွေကြတယ်။ နည်းလမ်းမျိုးစုံကို တင်ပြတယ်။ စိတ်အား ထက်ထက်သန်သန်နဲ့ ဆွေးနွေးကြတယ်။ အကြိမ်ကြိမ် အဖန်ဖန် လက်တွေ့စမ်း သပ် ကြည့်ကြတယ်။ နောက်ဆုံးမှ တိုက်ခိုက်မှုနည်းလမ်းကို ရွေးပါတယ်။ သစ်သားစည်ထဲမှာ ပေါက်ကွဲမှုပြင်းထန်တဲ့ ယမ်းတွေကိုထည့်၊ ပလပ်စတစ် စနစ်တံကိုသုံးပြီး၊ လူနှစ်ဦးကို ရေထဲလွှတ်ခဲ့ပါတယ်။ သူတို့က အားကစားလက်ရွေးစင် ရေကူးချံပီယံတွေပါ။ အဲဒီ ယမ်းစည်ကို သင်္ဘောကြီးရဲ့ ရေထုတ်ပြွန်အနားအထိ ပို့ခဲ့ပါတယ်။ ကျေးလက်သာမန် နည်းလမ်း လေးနဲ့ အဆင့်မြင့်သိပ္ပံပညာကို လှည့်စားရှောင်တိမ်းနိုင်ခဲ့တယ်။ ဖောက်ခွဲမှု အောင်မြင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ [၁၉၆၄ ခုနှစ် မေလ ၂ ရက်မှာ ဗီယက်ကောင်းတွေက USS Card သင်္ဘောကို တိုက်ခိုက်ခဲ့တာပါ။ လေယာဉ် ၂၄ စင်း တင်ဆောင် နိုင်ပြီး၊ ပင်လယ်ပြင် စစ်ပစ္စည်းသယ်ယူပို့ဆောင်ရေး Bogue-class escort carrier ရေယာဉ် ဖြစ်ပါတယ်။](နှာ- ၃၈၁)  

ပါတီတွင်း “ယဉ်ကျေးမှုတော်လှန်ရေး”
ဗီယက်နမ်စစ်ပွဲ ဟိုဖက်မှာ ကောင်းနေတဲ့ အချိန်မှာ ဗမာပြည်ကွန်မြူနစ်ပါတီထဲမှာတော့ ယဉ်ကျေးမှုတော်လှန်ရေး (၁၉၆၄-၁၉၆၈) က အရှိန်ရလာပါတယ်။ ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားမှုအပေါ် ရိုက်ခတ်တာရယ်၊ တရုတ်ပြည်မှာ ဥက္ကဋ္ဌ မော် ဦးဆောင်ဆင်နွှဲတဲ့ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှုလို့ ဆိုနိုင်ပါတယ်။ သတင်းတွေအရ ပဲခူး ရိုးမမှာ ဗကပ အင်အားကောင်းတဲ့အချိန် ၁၉၇၀ ခုနှစ်များမှာ အင်အား ၁၀,၀၀၀ ကနေ ၁၄,၀၀၀ အကြား ရှိတယ်လို့ ခန့်မှန်း ကြပါတယ်။ အစိုးရစစ်တပ်က ထိုးစစ်တွေဆင်နေတုန်းမှာပဲ။ ၁၉၆၈ ခု စက်တင်ဘာလ ၂၄ မှာ ပါတီဥက္ကဋ္ဌ သခင်သန်းထွန်း လုပ်ကြံခံရပါတယ်။ ၁၉၇၅ မှာတော့ ပဲခူးရိုးမက ဆုတ်ခွာကြရပါတယ်။ 

အစောပိုင်းတုန်းက “ပြန်လည်ပြင်ဆင်ရေး” ဆိုတဲ့ အယူအဆကို ဖော်ပြခဲ့ပါသေးတယ်။ ဥက္ကဋ္ဌဟိုက ဗီယက်နမ်နဲ့ ဗမာ ဗကပ က ဒီနေရာမှာတော့ ရပ်တည် ချက်တူတယ်လို့ ဆိုခဲ့တာပါ။ ပြန်လည်ပြင်ဆင်ရေး အယူအဆဆိုတာ ဘာပါလဲ။ ဥက္ကဋ္ဌ မော်စီတုန်းက “ပြန်လည်ပြင်ဆင်ရေးသမားတွေ အာဏာရလာတာဟာ၊ ဘူဇွာလူတန်းစားတွေ အာဏာရလာတာပါပဲ” လို့ ဆိုခဲ့ပါတယ်။ 

ဥက္ကဋ္ဌမော်စီတုန်းက အဓိပ္ပါယ်ဖွင့်ခဲ့ရာမှာ “ပြန်လည်ပြင်ဆင်ရေးဝါဒ (Revisionism) ဆိုတာ ဘူဇွာလူတန်းစားကို တော်လှန် ရေးနဲ့ ဖြုတ်ချဖယ်ရှားဖို့ ပစ္စည်းမဲ့လူတန်းစားတွေရဲ့ အရှိတရားကို ငြင်းပယ်ခြင်းဖြစ်တယ်။ ပစ္စည်းမဲ့လူတန်းစားတွေက ဘူဇွာလူတန်းစားအပေါ် ပစ္စည်းမဲ့လူတန်းစား အာဏာရှင်စနစ် ကျင့်သုံးဖို့ လိုအပ်ချက်ကို ငြင်းပယ်တာဖြစ်တယ်။ လူမှု အဖွဲ့အစည်းကို ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေး ဆောင်ရွက်နေဆဲ ကာလတလျှောက်လုံးမှာ လူတန်းစားတိုက်ပွဲ လိုအပ်ချက်ကို ငြင်းပယ်တာ ဖြစ်တယ်” လို့ ဆိုခဲ့ပါတယ်။ ကားလ်မာ့စ်- အိန်ဂျယ်တို့လည်း ဂျာမန် ဆိုရှယ်ဒီမိုကရက်ပါတီထဲမှာ ပြင်ဆင်ရေး ဝါဒကို တိုက်ခဲ့ရတယ်။ လီနင်ကလည်း ရုရှားတော်လှန် ရေးမှာ ‘မင်ရှီဗစ်’တွေကို တိုက်ထုတ်ခဲ့ရတယ်။ စတာလင်ကလည်း ထရော့စကီ ဂိုဏ်းသားတွေကို တိုက်ပွဲဆင်ခဲ့ရတယ်။ သဘောကတော့ မာ့က်စ်- လီနင် သဘောတရားတွေကနေ သွေဖီလာ တာကို ပြန်လည်ပြင်ဆင်ရေးဝါဒလို့ ဆိုချင်တာပါ။ 

ဥက္ကဋ္ဌမော် ဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်တွေက ဆိုဗီယက်ယူနီယံက ခရူးရှော့ဖ် ဦးဆောင်တဲ့ ခေါင်းဆောင်တွေကို နိုင်ငံ တကာ ကွန်မြူနစ်လှုပ်ရှားမှုမှာ ပြန်လည်ပြင်ဆင်ရေးသမားတွေလို့ စွပ်စွဲပြစ်တင်တာနဲ့ စပါတယ်။ တရုတ်နိုင်ငံမှာလည်း အဲသလို ဝါဒီတွေရှိနေတယ်ဆိုပြီး ယဉ်ကျေးမှုတော်လှန်ရေး လုပ်ကြဖို့ နှိုးဆော်ပါတယ်။ နာမည်အားဖြင့် “မဟာ ပစ္စည်းမဲ့ ယဉ်ကျေးမှုတော်လှန် ရေး” လို့ ခေါ်ကြပါတယ်။ ၁၉၆၆ ကနေ ဥက္ကဋ္ဌမော်ကွယ်လွန်တဲ့ ၁၉၇၆ ခုနှစ်အထိ ယဉ်ကျေးမှု တော်လှန်ရေး ဖြစ်ခဲ့ပါတယ်။ တရုတ် မဟာ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ ရည်ရွယ်ချက်က တရုတ်လူ့အဖွဲ့အစည်းမှာ တရုတ် ကွန်မြူနစ်ဝါဒကို ကိုင်စွဲပြီး၊ အရင်းရှင်နဲ့ ထုံးတမ်းစဉ်လာ အတွေးအခေါ်၊ အစိတ်အပိုင်းတွေကို ပယ်ချဖို့ ဖြစ်ပါတယ်။  

ဥက္ကဋ္ဌ သခင်သန်းထွန်းက မြန်မာနိုင်ငံမှာ “ယဉ်ကျေးမှုတော်လှန်ရေး” စတင်ဖို့ လှုံ့ဆော်ပါတယ်။ ပါတီက အရင်ချမှတ်ထား တဲ့ (၆၄ လမ်းစဉ်) “ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေး” ရပ်တည်ချက်ကို ပယ်ချပြီး၊ မော်ရဲ့ တော်လှန်ရေးလမ်းကြောင်းကို ကိုင်စွဲ ကြဖို့ ဆိုပါတယ်။ ပါတီတွင်း အကျဉ်းရုံး စီရင်တာတွေ၊ ဖြုတ်တာတွေ၊ ပြစ်ဒဏ်ပေးတာတွေ ဆက်ဖြစ်ခဲ့ပါတယ်။ ဒါကို အစိုးရဖက်က ဝါဒဖြန့် ကြသလို “ဖြုတ်၊ ထုတ်၊ သတ်” လို့ လူသိများခဲ့ပြီး ဝမ်းနည်းဖွယ် အဖြစ်အပျက်တွေ ဖြစ်ခဲ့ရပါတယ်။ 

အကိုးအကား
၁။ မန်းဖိုးအေး (ဝါးခယ်မ) [ဘာသာပြန်]။ (၂၀၂၁ ဖေဖေါ်ဝါရီ)။ ဗမာပြည်ကွန်မြူနစ်ပါတီ ခရီးကြမ်း (မူရင်း- ကျမ်းကျဲ့န့်ကျန်း- တနယ်တကျေးက သွေးခင်းလမ်း)။ ရန်ကုန်လမ်းမများ စာပေ။
၂။ သမိုင်းသုတေသန ဦးစီးဌာန။ (၂၀၁၂ နိုဝင်ဘာ)။ မြန်မာ့နိုင်ငံရေး စနစ်ပြောင်းကာလ (၁၉၆၂-၁၉၇၄)- ပထမတွဲ။ ဒုကြိမ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာအစိုးရ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar