ကုလအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်နဲ့ စကစရဲ့ တုံ့ပြန်ချက်ဂယက်

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၁၉ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၀ ၊ ၂၀၂၂
ကုလအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်နဲ့ စကစရဲ့ တုံ့ပြန်ချက်ဂယက်
ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဖြစ်သူ နိုလင်းဟေဇာရဲ့ ခရီးစဥ်အတွင်း စစ်ကောင်စီနဲ့ တွေ့ဆုံပြီးနောက် ကုလသမဂ္ဂဘက်မှ ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်အပေါ် စစ်ကောင်စီဘက်က မကျေနပ်တာကြောင့် ကုလအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးမှု အပြည့်အစုံ ပြောစကားတွေကို ဒီနေ့ညနေမှာ ထုတ်ပြန်လိုက်ပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂဘက်က စစ်ကောင်စီကို သွားရောက်တွေ့ဆုံတာဟာ အသိအမှတ်ပြုတာ မဟုတ်ဘူးလို့ ဆိုတဲ့အချက်ကို တုံ့ပြန်ချေဖျက်ချင်တာ၊ နောက် ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်တပ်ရဲ့ ကိုင်တွယ် လုပ်ဆောင်ပုံတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ငြင်းဆိုချက်တွေကို အများသိအောင် ချပြလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။
သံတမန်ရေး လုပ်ထုံးလုပ်နည်းတွေ လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေအရဆိုရင် အခုလို ဆွေးနွေးပွဲမျိုးမှာ ဘာတွေပြောခဲ့သလဲဆိုတဲ့ အသေးစိတ် ဆွေးနွေးချက်တွေကို ထုတ်ပြန်တာမျိုး မလုပ်ရပါဘူး။ အခုလို စစ်ကောင်စီဘက်က အသေးစိတ်ထုတ်ပြန်လိုက်ခြင်းက ကုလနဲ့ စစ်ကောင်စီအကြား ဆက်ဆံရေး ပိုဆိုးရွားလာတဲ့ အနေအထား အကြောင်းထောက်ထားစရာ မရှိဘူးလို့ ယူဆပုံလည်း ရပါတယ်။
စစ်ကောင်စီဘက်က ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဘက်က အမြဲတမ်းကိုယ်စားလှယ်နေရာမှာ အာဏာသိမ်း စစ်ကောင်စီကို မထောက်ခံပဲ NUG ဘက်ကို ထောက်ခံဆောင်ရွက်သူကို နေရာပေးထားတာ၊ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံနေရာမှာ တဝက် လစ်လပ်ထားတဲ့ အချက်ကိုလည်း မကျေမချမ်းဖြစ်တာ အခုလို တွေ့ဆုံမှု ရဲ့ ပြောဆိုချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ ကုလသမဂ္ဂဘက်က တဖက်သတ် ပြောဆိုချက်တွေ ထုတ်ပြန်ချက်တွေ ထုတ်တယ်ဆိုပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုတာတွေကိုလည်း ပြောစကားတွေထဲ တွေ့နိုင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာခဏ ထုတ်ပြန်တဲ့ ကန့်ကွက်ချက်တွေမှာလည်း အဲဒီစကားလုံး အဲလိုအသုံးအနှုန်းမကြာခဏ သုံးနှုန်းလေ့ရှိတာတွေ့ရပါတယ်။ ဆွေးနွေးမှုတွေ ရဲ့ အစပိုင်းမှာတင် စစ်ကောင်စီ ခေါင်းဆောင်က ကုလသမဂ္ဂဘက်က တဖက်သတ်ပြောဆိုမှုတွေ ထုတ်ပြန်မှုတွေ ရှိတယ်ဆိုတဲ့ ၄င်းတို့ရဲ့ ယူဆချက်ကို အသားပေး ဝေဖန်ပြောဆိုတာတွေ့ရပါတယ်။ စစ်တပ်ရဲ့ လုပ်ရပ်ကိုပဲ ဝေဖန်တာမျိုးဖြစ်ပြီး စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ လုပ်ရပ်ကို ဝေဖန်ပြောဆိုတာမျိုး မရှိဘူးလို့ဆိုလိုချင်တာ ဖြစ်ပါတယ်။
နောက်တချက်က ကုလသမဂ္ဂဘက်က လေကြောင်းမှ ဗုံးကျဲတာ တိုက်ခိုက်တာတွေ မလုပ်ဖို့၊ ကျေးရွာတွေက နေအိမ်တွေ မီးရှို့တာနဲ့ပတ်သက်လို့ စစ်ကောင်စီခေါင်းဆောင်က ပြောင်ပြောင်ပဲ ငြင်းဆိုပါတယ်။ လက်နက်ကိုင်တပ်တွေအနေနဲ့ ရန်သူကို တိုက်ခိုက်တာမျိုးသာ လုပ်ဆောင်တယ်ဆိုတဲ့သဘော အရပ်သား ပြည်သူလူထု၊ ပြည်သူလူထုရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ လုံးဝမရှိဘူးလို့ ပြောင်ပြောင်ပဲ ငြင်းဆိုထားတာ တွေ့ရပါတယ်။ မီးရှို့တဲ့ လုပ်ရပ်လုံးဝမလုပ်ဘူးလို့ ဆိုလိုတာထက် မီးရှို့ခံရတဲ့ နေအိမ်တွေဟာ ပြည်သူလူထုမဟုတ်ပဲ လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်မှုမှာ ပါဝင်နေသူတွေလို့ ဆိုလိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ လက်တွေ့အခြေအနေမှာတော့ ဘယ်သူ့အိမ် ဘယ်ဝါ့အိမ်ဆိုတာထက် ကျေးရွာတရွာလုံးက နေအိမ်တွေ ရွေးခြယ်ခြင်းမပြုပဲ အကုန်မီးရှို့နေတာကို သတင်းတွေ ကာယကံရှင်တွေရဲ့ ပြောဆိုချက်တွေမှာ ထင်ရှားပြီးသားဖြစ်ပါတယ်။ နေအိမ်တွေကို မီးရှို့တဲ့ နည်းလမ်းကို မြန်မာစစ်တပ်က ခေတ်အဆက်ဆက်မှာ သုံးခဲ့ကြပြီး ဖြစ်ပါတယ်။ မဝေးသေးတဲ့ ကာလ ဖြစ်တဲ့ ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာကျေးရွာတွေကို ရှင်းလင်းစဥ် အရပ်သားတွေကို အကြမ်းဖက်အဖွဲ့ဝင်တွေ အဖြစ်စွပ်စွဲကာ သတ်ဖြတ်တာတွေ နေအိမ်တွေ မီးရှို့ပြီး ကျေးရွာတရွာလုံး မကျန်တော့အောင် ပြန်လည်အခြေချဖို့ခက်ခဲအောင် လုပ်ဆောင်ခဲ့တာ အထင်အရှားရှိပြီးဖြစ်ပါတယ်။
ထန်တလန်မြို့ တမြို့လုံးနီးပါး မီးလောင်ပျက်စီးခဲ့ရတဲ့ အဖြစ်အပျက်ကို ကြည့်ရင်သိသာထင်ရှားလှပါတယ်။ စီအန်အက်ဖ် လက်နက်ကိုင် အဖွဲ့ နယ်မြေနဲ့အနီးဆုံး ဖြစ်တဲ့ မြို့ကို ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီးလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဖွင့်ထုတ်လိုက်တဲ့ အပြန်အလှန်ဆွေးနွေးမှု ပြောစကားတွေထဲမှာ ကုလအထူးကိုယ်စားလှယ်က နှစ်ဖက်လုံးက အကြမ်းဖက်မှုတွေ လုပ်ဆောင်နေကြတယ်ဆိုတာကို ပထမဆုံး အသိအမှတ်ပြုသူတဦးဖြစ်တယ်လို့ ထုတ်ပြောတဲ့ စကားလုံးကိုလည်း စစ်ကောင်စီဘက်က အများကို သိရှိအောင် ထုတ်ပြန်ချင်တဲ့ ရည်ရွယ်ချက် ရှိပုံရပါတယ်။ အထူးကိုယ်စားလှယ်ရဲ့ ဆိုလိုချက်က စစ်ကောင်စီတင်မကပဲ PDF တွေဘက်ကလည်း အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတယ်ဆိုတာ ကို ပြောဆိုခဲ့တာ လို့ စစ်ကောင်စီက ဖွင့်ထုတ်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။
အခုလို ဆွေးနွေးမှု အသေးစိတ်တွေကို ထုတ်ပြန်လိုက်တာဟာ သံတမန်ရေးမှာ ဖြစ်နေကျ မဟုတ်တဲ့ ဖြစ်စဥ်တခုဖြစ်ပြီး ကုလသမဂ္ဂအဖို့ မြန်မာနိုင်ငံက စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေရဲ့ ဝေဖန်မှုခံရနိုင်ခြေ ရှိနေပြီး ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု အကူအညီတွေ နဲ့ နိုင်ငံရေးအကြပ်အတည်းမှာ ကုလအနေနဲ့ ကြားဝင်ဖြေရှင်းနိုင်မယ့် အလားအလာတွေ အားလုံးပျေက်ဆုံးသွားတဲ့သဘောလို့လည်း ကောက်ချက်ချနိုင်မယ် ထင်ပါတယ်။
ဒီနေ့ မှာပဲ စစ်ကောင်စီရဲ့ ဝန်ကြီးအချို့ နေရာအပြောင်းအရွှေ့ လူအပြောင်းအရွှေ့ ၊ ပြည်နယ် အစိုးရအဖွဲ့ခေါင်းဆောင်တချို့ အပြောင်းအစားထိုးတာတွေ လုပ်ခဲ့တာတွေ့ရပါတယ်။ စစ်ကောင်စီဖွဲ့စည်းပြီး တနှစ်ခွဲကျော်အကြာမှာ တကြိမ်မက ဝန်ကြီးဌာန တိုးချဲ့တာ၊ ဝန်ကြီး လဲလှယ်တာ၊ ပြည်နယ်တိုင်း ဝန်ကြီးချုပ် အစားထိုးတာ အနားပေးတာ အရေးယူတာတွေ လုပ်ခဲ့ပေမယ့် တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးတွေကတော့ ဆက်လက်ကျဆင်းမြဲ ကျဆင်းလျက် ရှိနေတာဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar