Breaking News

စိုးနောင်(မုံရွာ) - အခုတလော

အခုတလော
စိုးနောင်(မုံရွာ)
(မိုးမခ) ဩဂုတ် ၆၊ ၂၀၂၂

အခုတလော
ဆန်ကဖင်ခေါင်းကျယ်နေတယ်
ဆိုင်ကနေအိမ်လိုက်လာအောင်
အတင်းတောင်းပန်ပြီးခေါ်ရတယ်
အိမ်ရောက်ရင်လည်း
ဆန်အိုးထဲကြာကြာမနေချင်ဘူး
ထမင်းအိုးကိုလည်း
သူနဲ့မတူသလိုမတန်သလို
အကြမ်းဆုံးဆန်တောင်
ဒီလောက်ဖင်ခေါင်းကျယ်နေရင်
ဟိုရွှေဘိုကကောင်ဆိုရင်
ဘယ်လောက်ဖင်ခေါင်းကျယ်မယ်မသိဘူး။

အခုတလော
ဆီကမာနကြီးနေတယ်
ဆီပုလင်းသေးသေးလေးထဲကမထွက်ချင်ဘူး
ပဲနဲ့မပေါင်းချင်ရတာနဲ့
ဟင်းရွက်တွေနဲ့မသင်းချင်ရတာနဲ့
အညံ့ဆုံးဆီတောင်
ဒီလောက်မာနကြီးနေရင်
ပဲတို့နှမ်းတို့ကဖြစ်လာတဲ့ကောင်ဆိုရင်
ဘယ်လောက်မာနကြီးမယ်မသိဘူး။

အခုတလော
ဘုရားကိုအားနာလို့
ဘုရားရှိခိုးပြီးရင်ဆုမတောင်းဖြစ်ဘူး
ဘုရားပန်းလေးတွေမျက်နှာညှိုးနေတာ
မလဲနိုင်သေးလို့။    ။
            -                 

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar