Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၄ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၄ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၅၊ ၂၀၂၂


အာဆီယံနဲ့ မြန်မာ့အကျပ်အတည်း ၊ နောက်ထပ် ထိုးနှက်ချက်တခု ဖြစ်တဲ့ ကုန်ပစ္စည်းတင်ပို့တဲ့ ကားဂိတ်တွေကို ဖယ်ရှားခိုင်း

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ ကျင်းပနေတဲ့ အာဆီယံ အစည်းအဝေးမှာ မြန်မာနိုင်ငံအနေနဲ့ ယမန်နှစ်ကတည်းက သဘောတူထားခဲ့တဲ့ အာဆီယံသဘောတူညီမူ ၅ ချက်ဆိုတာကို တနှစ်ကျော်လာတဲ့အထိ အကောင်အထည် မပေါ်နိုင်တဲ့အပေါ်  ယခုတကြိမ်အစည်းအဝေးမှာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က ပါ စိတ်ပျက်ကြောင်း ထုတ်ပြောလာကြတာတွေ့ရပါတယ်။ အာဆီယံအဖွဲ့အနေနဲ့ မြန်မာ့အရေးမှာ ကြားဝင်ဆောင်ရွက်နိုင်ခြေ နည်းပါးလာနေတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် တနှစ်ကျော်ကာလ အတွင်း စစ်ဘေးဒုက္ခသည် ၈ သိန်းကျော်ထပ်တိုးလာပြီး နဂိုရှိနှင့်ပြီး အရေအတွက်နဲ့ပေါင်းလိုက်ရင် ပြည်တွင်းမှာတင် တသန်းကျော်ရှိနေပြီး ပြည်ပရောက် ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ပေါင်းရင် ၂ သန်းနီးပါး ရှိနေပါပြီ။ 

စစ်တပ်ရဲ့ ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် လူပေါင်း ၂၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်ကာ၊ PDF နဲ့ မြို့ပြပြောက်ကျားတွေဘက်ကလည်း ပျူစောထီး၊ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှုးလိုမျိုး၊ သတင်းပေးသူလို့ ယူဆခံရသူ၊ ကြံ့ခိုင်ရေးပါတီဝင်၊ ပျူစောထီးလို့ ယူဆသူစတာတွေကို တုံ့ပြန်လက်စားချေ သတ်ဖြတ်မှုတွေဖြစ်ပွား နေပါတယ်။ အဲသည်လို လုပ်ကြံသတ်ဖြတ်ခံရတာ လူပေါင်း ၁၀၀၀ နဲ့ ၁၈၀၀ အကြားသေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ အကျဥ်းထောင်တွေထဲမှာ နိုင်ငံရေး ဖြစ်ရပ်နဲ့ပတ်သက်ပြီး လူ ၁ သောင်းကျော် ဖမ်းဆီးရုံးတင်စစ်ဆေးခံနေရတာလည်း ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေကို တိုးတက်ကောင်းမွန်လာဖို့ အာဆီယံအနေနဲ့ စစ်ကောင်စီကို နားချဖို့ မဖြစ်နိုင်မှန်း သဘောပေါက်လာတဲ့ အသွင်မြင်နေရပြီး နောက်တဆင့်မှာတော့ အာဆီယံအဖွဲ့ကနေ မြန်မာနိုင်ငံကို ရပ်ဆိုင်းလိုက်တာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ တရုတ်၊ အမေရိကန် တို့ရဲ့အစိုးရတွေအနေနဲ့တော့ အာဆီယံရဲ့ ကြိုးပမ်းမှုကို နောက်မှာ ရပ်ခံအားပေးတာတွေ့ရပေမယ့်လို့ ကာယကံရှင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ ရဲ့ ပူးပေါင်းဆောင်ရွက်လိုမှု မတွေ့ရပါ။ တိုးတက်မှုမရှိတဲ့အချက်ကြောင့် အာဆီယံအနေနဲ့ လက်လျော့ဖို့ စဥ်းစားကောင်း စဥ်းစားနေတာ ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံအတွက် သဘောထားကွဲလွဲစရာ၊ နောက်ကနေ ပြဿနာနဲ့ အမြီးဆွဲထားတဲ့ သဘောမျိုးဖြစ်လာတဲ့အခါမှာ မြန်မာနိုင်ငံကို ဖြုတ်ချထားခဲ့တာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

၁၉၉၇ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံအဖို့ ၂၅ နှစ်အကြာမှာ ပြန်ပြီး ထွက်ခွာရတဲ့ ကံကြမ္မာမျိုးကြုံကောင်း ကြုံရနိုင်ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အဖွဲ့အတွက် ဘာအကျိုးရလဒ်မှ မဖြစ်စေတဲ့အပြင် ပြဿနာတွေကိုသာ ဖြေရှင်းဖို့ ကြိုးစားနေပေမယ့်လည်း ပူးပေါင်းပါဝင်မှုမရှိဘူးလို့ ထင်မြင်ယူဆလာကြကောင်း ယူဆကြပါလိမ့်မယ်။ မြန်မာနိုင်ငံက စစ်ကောင်စီကတော့ တိုင်းပြည်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတာကြောင့် သဘောတူညီမူ ၅ ချက်ကို အကောင်အထည်ဖေါ်ဖို့ နှောင့်နှေးနေတာလို့ သြဂုတ်လ ၁ ရက်နေ့မနက် ပြောဆိုတဲ့မိန့်ခွန်းမှာ ဆင်ခြေပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ဧပြီလ စစ်ကောင်စီခေါင်းဆောင် ဂျာကာတာကို သွားရောက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ပြန်လာခါစကတည်းက အာဆီယံ သဘောတူညီမူ ၅ ချက်ကို အခြေအနေတည်ငြိမ်မှုရမှ အကောင်အထည်ဖေါ်နိုင်မယ်လို့ ပြောဆိုခဲ့ပြီး မူ ၅ချက်ကို ချောင်ထိုးထားခဲ့တာဖြစ်ပါတယ်။

အဲဒီကြားထဲမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ ပမာဏ မများပြားသော်လည်း မြို့တွေရွာတွေအထိ စိမ့်ဝင်လာတဲ့ လက်နက်တွေ၊ လက်လုပ်မိုင်းတွေ၊ လက်လုပ်သေနတ်တွေနဲ့ လက်ဖြစ် လောင်ချာလို လက်နက်တွေ တနိုင်ငံလုံးအနှံ့အပြား ရောက်ရှိလာပါတယ်။ ထို့အတူ စစ်ကောင်စီဘက်ကလည်း အညှာအတာမဲ့စွာ သတ်ဖြတ်တာ ကျေးရွာတွေ မီးရှို့တာတွေကို အရင့်အရင်က မကျင့်သုံးဘူးတဲ့ ဒေသတွေဖြစ်တဲ့ မကွေးတိုင်းလို စစ်ကိုင်းတိုင်းလို ဒေသတွေမှာ မြေလှန် သတ်ဖြတ် ကျေးရွာတွေ ဖျက်ဆီး တဲ့အထိ အလွန်အကျွံ ချေမှုန်း ဖျက်ဆီးတာတွေ ဖြစ်လာပါတယ်။ လူသားချင်းစာနာမှု ကင်းမဲ့လာပြီး ကပ်ဘေး ဖြစ်ပွားလောက်တဲ့အထိ ရိက္ခာဖြတ်၊ ဆေးဝါးဖြတ်၊ ဆက်သွယ်ရေးဖြတ် ၊ ပိုင်ဆိုင်မှုဖျက်ဆီး စတဲ့နည်းလမ်းတွေ သုံးပြီး လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်မှုကို ချေမှုန်းဖို့ကြိုးစားလာတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ အာဆီယံ အဖွဲ့ဝင် အဖြစ်မှရပ်စဲခံရတဲ့ အခြေအနေမျိုးကိုလည်း မှန်းဆထားကောင်း မှန်းဆထားပါလိမ့်မယ်။ တဖက်မှာ အာဆီယံကိုယ်စားလှယ်က တောင်းဆိုတဲ့ အချက်တချက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပြောဆိုခွင့်ရရေးကို တလျောက်လုံးငြင်းဆန်ခဲ့ပြီး မကြာခင်ကတော့ သင့်တော်တဲ့အချိန်ကျရင် တွေ့ခွင့်ပေးမယ်လို့ စစ်ကောင်စီဥက္ကဌ က ပြောကြောင်း သတင်းတွေပါခဲ့ကြပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ရန်ကုန်မြို့ ဘူတာကြီးမျက်နှာချင်းဆိုင်က အဝေးပြေးကားလက်မှတ်ရောင်းတဲ့ ဆိုင်တွေကို ၂ ရက်အတွင်းဖယ်ရှားပေးဖို့ အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ မြို့တွင်း အချက်အချာကျတဲ့နေရာမှာ အဝေးပြေး ကားလက်မှတ်ရောင်းချတာနဲ့ အတူ ကုန်ပစ္စည်းပို့ဆောင်တာ ထုတ်ယူတာတဲ့ဝန်ဆောင်မှုတွေလုပ်ဆောင်လာတာ ဆယ်စုနှစ် ၃ ခုထက်မနည်းရှိခဲ့ပြီး ဖြစ်ပါတယ်။ သို့သော် အခုရက်ပိုင်းအတွင်းမှာ အဝေးပြေးကားတွေရဲ့ ကုန်ပစ္စည်းပို့ဆောင်မှုကို သုံးပြီး လက်နက်ငယ် ဗုံးလိုအရာတွေကို ပို့ဆောင်နေတဲ့အဖြစ်အပျက်တခုကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် အခုလို ဖယ်ရှားမှုတွေနဲ့ ကန့်သတ်မှုတွေ ပေါ်ထွက်လာတာလို့လည်း သတင်းတချို့မှာ ဖေါ်ပြကြပါတယ်။ 

ကိုဗစ်ကပ်ဘေးကာလ လူကိုယ်တိုင် အပြင်မထွက်ရဲကြတာ၊ ကျန်းမာရေးကန့်သတ်ချက်တွေ ထုတ်ပြန်ထားကြတဲ့အချိန်ကာလမှာ အွန်လိုင်းမှ တဆင့်ရောင်းဝယ်ကြတဲ့ အွန်လိုင်းရှော့ပင်းတွေ တွင်ကျယ်လာပြီး အွန်လိုင်းရှော့ပင်းတွေက မြို့အကန့်အသတ်ကိုကျော်လွန်ပြီး တနယ်နဲ့တနယ်အထိ မှာယူရောင်းချကြတာဖြစ်ပါတယ်။

ခုလို ကုန်ပစ္စည်းပို့ဆောင်မှုတွေကို ကန့်သတ်လိုက်ခြင်းဟာ အွန်လိုင်းရှော့ပင်းလုပ်ငန်းကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ စစ်တပ် ရဲ့ စီမံခန့်ခွဲမှု ထုံးစံအတိုင်း လုံခြုံရေးအကြောင်းနဲ့ ထုတ်တဲ့ အမိန့်တွေဟာ အကျိုးဆက်တွေကို ဘယ်အခါမျှ ထည့်သွင်းစဥ်းစားလေ့မရှိတာဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar