Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၅ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၅ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၆၊ ၂၀၂၂


မြေပြင်က လိုအပ်ချက်အရ ထွက်ပေါ်လာတဲ့ စစ်ရေးအခြေခံတဲ့ နိုင်ငံရေးအစုအဖွဲ့နဲ့ ခေါင်းဆောင်မှု

အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေက ကိုဂျင်မီ၊ ကိုဇေယျာသော်တို့အပါအဝင် နွေဦးသူရဲကောင်းတွေကို စစ်တပ်၏ တရားလက်လွတ် သေဒဏ် စီရင်ခဲ့ခြင်းကို ကန့်ကွက်ဆန္ဒပြကြရာက ထောင်ဆူပူမှု ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဩဂုတ်လ ၄ ရက် ရက်စွဲနဲ့ ဆိုရှယ်မီဒီယာသတင်းတွေ ပျံ့နှံ့လာတဲ့အထဲမှာ အိုးဘိုထောင်မှာ စစ်တပ်က သေဒဏ်ပေးထားတဲ့သူ အယောက် ၂၀ ကျော် ရှိနေပြီး သူတို့၏ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက နိုင်ငံရေးနည်းနဲ့ အဖြေရှာလိုတဲ့ ဆန္ဒမရှိတဲ့အကြောင်း သိသာထင်ရှားပြီးတဲ့နောက်မှာ စစ်ကောင်စီက ချုပ်နှောင်ဖမ်းဆီးထားတဲ့ နွေဦးတော်လှန်ရေးအကျဉ်းသားတွေက ကန့်ကွက်ဆန္ဒထုတ်ဖော်တာတွေ အစာငတ်ခံဆန္ဒပြတာတွေနဲ့ ရဲရင့်တဲ့ နိုင်ငံရေးတိုက်ပွဲပုံသဏ္ဌာန်တွေ တိုးမြှင့်လာကြတယ်လို့ ဆိုနိုင်ပါတယ်။

မြို့ရွာအနှံ့က တက်ကြွလှုပ်ရှားသူ ပြည်သူတွေ လူငယ်မျိုးဆက်တွေကလည်း စစ်ကောင်စီကို လူထုဆန္ဒပြ ကန့်ကွက်ပွဲတွေ နဲ့ သပိတ်တိုက်ပွဲ ဝင်နေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီက အကြမ်းဖက်နည်းနဲ့ ပြည်သူတွေကို သတ်ဖြတ် နှိပ်စက်နေဆဲ ဖြစ်ပေမယ့် မြန်မာပြည်သူတွေကိုယ်တိုင်က လူကြီးလူကောင်းပီသစွာနဲ့ နိုင်ငံရေးတိုက်ပွဲကို ဆက်လက် စွဲကိုင်နေကြတာဟာ အသိအမှတ်ပြုရမယ့် မှတ်တမ်း ဖြစ်ပါတယ်။ “လုပ်ရဲတာထက် ခံရဲတာလည်း သတ္တိ” ဆိုတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးနည်းလမ်းတွေနဲ့ တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေရဲ့ သမိုင်းမှတ်တိုင်တွေထဲက တခုဖြစ်တဲ့ ၈လေးလုံး အရေးတော်ပုံကြီးကိုလည်း သတိရအောက်မေ့ဖွယ် ဖြစ်ပါတယ်။   

အများပြည်သူတွေ၏ တော်လှန်ရေးစကားဝိုင်းတွေမှာ အမြဲပါဝင်တာကတော့ ကိုယ်ထူကိုယ်ထ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ စစ်ကိုင်းတိုင်း၊ မကွေးအထက်ပိုင်းက လိုကယ်ပီဒီအက်ဖ်တွေအကြောင်း ဖြစ်ပါတယ်။ အစကတော့ စစ်ကိုင်းက မကွေးက ပြည်သူ့ခုခံတော်လှန်စစ် အစုအဖွဲ့တွေကို NUG က မကူဘူးလားလို့ အကူတွေ မရဘူးလားလို့ ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပေမယ့် ခုတော့  သိပ်မကြားရတော့ဘဲ NUG  နဲ့ ချိတ်ဆက်ဆောင်ရွက်ရေးဆိုတာထက် "ငါတို့မှာ ငါတို့ဘာသာ ငါတို့ပဲ ရှိတယ်” ဆိုတဲ့ အသံက ပိုကျယ်လာတယ်။  ဆိုတော့ အထက်မြန်မာပြည်က တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေကိုယ်တိုင်က ဘယ်လိုသဘောထားတွေ အခြေအနေတွေ ပြောင်းလဲလာတယ်ဆိုတာကို လေ့လာကြည့်ဖို့ လိုမယ် ထင်ပါတယ်။

နွေဦးတော်လှန်ရေး၏ အစဦးပိုင်းမှာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကျေးလက်တောရွာ မြို့ငယ်လေးတွေကနေ ကိုယ်ထူကိုယ်ထ လက်နက်ကိုင် တွန်းလှန်ခုခံစစ်တွေနဲ့ စစ်ကောင်စီကို တွန်းလှန်ခဲ့ကြတာပါ။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ နီးစပ်မှု ရင်းနှီးမှုတွေ အစောပိုင်းမှာ မရှိခဲ့ပါဘူး။ အဲသည်တုန်းကတော့ ကိုယ်ထူကိုယ်ထလက်နက်ကိုင် အဖွဲ့တွေက သူတလူ ငါတမင်းဖြစ်လာပြီး NUG အစိုးရဦးဆောင်မှုအောက်မှာ chain of command မရှိမှာ စိုးရိမ်ကြောင်း ပြောဆိုခဲ့ကြတာတွေ ရှိခဲ့ပါတယ်။ အလှူရှင်တွေ ထောက်ပို့တွေ အကဲခတ်တွေက အဆိုပါ လက်နက်ကိုင်ပြည်သူ့ခုခံစစ်အဖွဲ့တွေကို NUG နဲ့ လက်တွဲဆောင်ရွက်ဖို့ တိုက်တွန်းကြသလို NUG တို့ NUCC တို့ဘက်ကလည်း သူတို့၏ လုပ်ထုံးလုပ်နည်းတွေနဲ့ ချိတ်ဆက်ဖို့ တောက်လျောက် ကြိုးပမ်းခဲ့ကြတာ တွေ့ခဲ့ရပါတယ်။

အခု လက်နက်ကိုင် ပြည်သူ့ခုခံတော်လှန်စစ် တနစ်ကျော်မှာတော့ ပြည်တွင်းစစ်မီးတောက်လောင်နေပြီလို့ ဆိုနိုင်တဲ့ မြန်မာပြည်အထက်ပိုင်း ချင်းတွင်းမြစ်ကြောင်းနဲ့ ဆက်စပ်လွင်ပြင်တွေမှာ NUG ဝန်ကြီးတွေ အပြောအရကတော့ တော်လှန်ရေးက စိုးမိုးနယ်မြေတွေ ထူထောင်လာနိုင်ပြီလို့ ခုလပိုင်းမှာ ထုတ်ဖော်ပြောဆိုလာကြပါတယ်။ ဒါပေမယ့် ယမန်နေ့က အဆိုပါ နယ်မြေက တော်လှန်ရေးခေါင်းဆောင် ဗိုလ်နဂါးနဲ့ အဲသည်နယ်မြေမှာ စွန့်လွှတ်စွန့်စား တော်လှန်ရေးဆရာဝန်အမျိုးသမီး အေးငြိမ်းတို့၏ အွန်လိုင်းစကားဝိုင်း၏ အဆိုအရကတော့ မြေပြင်က အခြေအနေ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်နဲ့ ကွဲလွဲနေတာ တွေ့ရပါတယ်။

ဗိုလ်နဂါးကတော့ စစ်ကောင်စီတပ်နဲ့ အပေါင်းအပါတွေကို သူတို့စခန်းချနေတဲ့ နေရာတွေကနေ ထွက်မလာရဲအောင် ကန့်သတ်ထားနိုင်တဲ့ အခြေအနေပဲ ရှိသေးတယ်လို့ သုံးသပ်ပါတယ်။ ကန့်သတ်တာကနေ ထိန်းချုပ်၊ စိုးမိုးပြီးမှ အုပ်ချုပ်နိုင်တဲ့ အဆင့်ဆင့်ကို သွားရမယ်လို့ သူကတော့ ပြောပါတယ်။ စစ်အုပ်စုနဲ့ အပေါင်းအပါတွေကို နယ်မြေကနေ တွန်းလှန် မောင်းထုတ်နိုင်တဲ့ အခြေအနေမရောက်သေးဘူးလို့ နားလည်ရပါတယ်။ 

အချို့ ဒေသခံတွေအဆိုအရကတော့ တနယ်နဲ့ တနယ် ကူးသန်းတဲ့ လမ်းကြောင်းတွေကို ပြည်သူ့ခုခံစစ်အဖွဲ့တွေ (Local PDF တွေ) စောင့်ကြည့် ကန့်သတ် ဖြတ်တောက်မှုတွေ လုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။ လုံး၀ကြီး စိုးမိုးထားတာတော့ မဟုတ်ပါဘူး။ နယ်မြေတွေအတွင်းက ရဲတပ်၊ စစ်တပ် စခန်းချနေတဲ့ အရပ်တွေကို Local PDF တွေ ပြည်သူ့ခုခံတော်လှန်စစ်သည်တွေက မျက်စိတောက်ထောက် ဝိုင်းထားတာ စောင့်ကြည့်နေတာတွေ လုပ်နိုင်ပါတယ် တဲ့။ စိတ်ဓာတ်စစ်ဆင်ရေးအတွက် လျပ်တပြက် တိုက်ခိုက်တာ ဗုံး လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးတွေ အချိန်မရွေးလုပ်နိုင်တဲ့ အခြေအနေ ရှိတယ်လို့ သူတို့က သုံးသပ်ပါတယ်။ နယ်မြေမှာ စစ်ကောင်စီတပ်တွေကို ချေမှုန်းပစ်တာ တွန်းထုတ်ပစ်တာမျိုးကတော့ ဒေသခံ ပြောက်ကျားတပ်တွေအတွက် ရေရှည်ထိန်းသိမ်းထားနိုင်မယ့် အရင်းအမြစ်တွေ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒေသခံ စစ်ရေးခေါင်းဆောင်အချို့တွေ မှတ်ချက်ပေးတာက NUG ဘက်ကနေ အဆက်မပြတ်တဲ့ ဆက်ဆံရေးနဲ့ ဆွေးနွေးတိုင်ပင်မှုတွေ လိုအပ်တယ်၊ ထူထောင်ထားသင့်တယ်လို့  ပြောပါတယ်။

နယ်စပ်ဒေသက သတင်းများ၏ အဆိုကတော့ အထက်ပါနယ်မြေတွေမှာ NUG ၏ ပကဖတွေ ပအဖတွေ နဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးတွေ ပြင်ဆင် ချိတ်ဆက် ဖွဲ့စည်းဆောင်ရွက်နေကြပြီလို့ ဆိုပါတယ်။ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနဲ့အညီ တပ်ရင်းတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး လက်နက်တပ်ဆင် လေ့ကျင့် စစ်ဗျူဟာတွေ ဆင်နွဲနေတယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။ နယ်မြေချင်း ထိစပ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့များထံကလည်း လက်တွဲဆောင်ရွက်မှုတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။ ဖယ်ဒရယ် ပညာရေးပေါ်လစီနဲ့ အဝေးသင်ကျောင်းတွေ အနီးကပ်ကျောင်းတွေ ဖွင့်လှစ် သင်ကြားနေကြပြီလို့လည်း ဖတ်ရှုရပါတယ်။  သို့သော် ဗိုလ်နဂါးနဲ့ အေးငြိမ်း (A Nyein) တို့ ၏ အင်တာဗျုးပြောစကားအခြေခံအရ ပြောရမယ်ဆိုရင် - ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဆိုတာဟာ ဒေသခံတွေ၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေလို့ ဆိုနိုင်ပြီး NUG နဲ့ တိုက်ရိုက် ဆက်စပ်မှု ရှိတဲ့ နယ်မြေတွေလဲ “ပါဝင်ကောင်း ပါဝင်နိုင်တယ်” လို့ပဲ မှတ်ယူရပါမယ်။

ဗိုလ်နဂါး၏ မှတ်ချက်တခုထဲမှာ NUG အစိုးရနဲ့ ချိတ်ဆက် ဆောင်ရွက်မှုတွေ NUG၏ အသိအမှတ်ပြုမှုတွေ လိုနေသေးတယ်လို့ ပြောသွားပါတယ်။ သည်တော့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်နဲ့ စစ်ကိုင်းနယ်များမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လွပ်လပ်စွာသွားလာနိုင်နေပြီဆိုတဲ့အချက်မှာ NUGနဲ့ တိုက်ရိုက်မဟုတ်သေးတဲ့၊ မိမိဒေသကို မိမိဘာသာ ကာကွယ်ထားတဲ့  စစ်ရေးအခြေခံတဲ့ ဒေသဆိုင်ရာ နိုင်ငံရေးအစုအဖွဲ့တွေ ဖြစ်ထွန်းလာနေတယ် … ဒါတွေကို တော်လှန်ရေးတပ်ဦးက NUG က အသိအမှတ်ပြုဖို့ လက်တွဲဖို့ လိုတယ်လို့ အချက်ပြနေတာ ထုတ်ဖော်ပြောနေတာလားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။

 ၂၀၂၁ နှစ်ကုန်ပိုင်း NUCC သတင်းစာရှင်းလင်းပွဲတွေမှာ သတင်းထောက်တွေဘက်က မေးတဲ့ မေးခွန်းတခု ရှိခဲ့ပါတယ်။ Local PDF တွေကို ဘယ်လိုသဘောထားသလဲ ဆိုတဲ့ မေးခွန်းပါ။ အဲသည်တုန်းက local PDF တွေဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တပ်ရင်းတပ်ဖွဲ့များအဖြစ် ချိတ်ဆက်ဖွဲ့စည်းရမည်၊ chain of command ထဲမှာ ရှိရမည်လို့ ယေဘူယျ ဖြေကြားခဲ့ပါတယ်။ မေးခွန်း၏ နောက်ရည်ရွယ်ချက်တခုကတော့ local PDF တွေ၏ စုဖွဲ့မှု ဦးဆောင်မှုတွေကို လက်နက်ကိုင်စုဖွဲ့မှုအပြင် နိုင်ငံရေးအစုအဖွဲ့တခု ယူနစ်တခုအဖြစ် သတ်မှတ်ဖို့ သဘောထားဖို့ မျော်လင့်ထားတာ ရှိသလားဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ အဲသည်တုန်းက နိုင်ငံရေးယူနစ်တခုအဖြစ် သတ်မှတ်ဖို့ စောကောင်းစောခဲ့မှာ ဖြစ်ပေမယ့် အခုအချိန်မှာတော့ဖြင့် စစ်ရေးအခြေခံတဲ့ နိုင်ငံရေးအစုအဖွဲ့အသစ်များအဖြစ် စဉ်းစားကောင်း စဉ်းစားရမယ့် အခြေအနေ ရှိလာပြီ ထင်ပါတယ်။

မြေပြင်က စစ်ရေးခေါင်းဆောင်များကိုယ်တိုင်က နိုင်ငံရေးခေါင်းဆောင်သစ်များအဖြစ် အသွင်ကူးပြောင်းလာကြသလို ပြည်သူနဲ့အတူ ရပ်တည် တိုက်ပွဲဝင်နေသည့် မြေပြင်ပေါ်က တိုက်ရိုက်နိုင်ငံရေးခေါင်းဆောင်များ၏ အသံနဲ့ အခန်းကဏ္ဍကိုလည်း အလေးမူလာကြရန် အချိန်များ အချက်ပြမှုများကို တွေ့နေရပြီလို့ ရေးသားလိုက်ရပါကြောင်း။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar