နေသွင်ညိဏ်း - စစ်အသုံးစရိတ်ကို လျှော့ကြပါ
နေသွင်ညိဏ်း
(မိုးမခ) ဩဂုတ် ၃၁၊ ၂၀၂၂
(ဂိုဘာချော့ဗ် (၉၁ နှစ်) ဆုံးသွားပါပြီ၊ စစ်အေးခေတ်တခေတ်ကို အဆုံးသတ်ပေးခဲ့သူ ငြိမ်းချမ်းရေး နိုဗယ်ဆုရ၊ ကမ္ဘာ့က လေးစားရသူပါ (ရုရှားမှာတော့ သူက တမျိုးဖြစ်နိုင်ပါတယ်)၊ အရင်တနှစ်က စစ်အသုံးစရိတ်တွေ လျော့ဖို့ သူ တိုင်းမ်မှာ အက်ဆေးရေးခဲ့ပါတယ်။ ကျနော် ဘာသာပြန်ခဲ့ပြီး၊ The New Normal ထဲမှာ ဖော်ပြခဲ့ပါတယ်။ ဒါဟာ သူမဆုံးခင် နောက်ဆုံးစာမူတွေထဲက တခု ဖြစ်ပါလိမ့်မယ်။ ရုရှားက ယူကရိန်းကို မကျူးကျော်ခင် ငြိမ်းချမ်းရေးလိုလားတဲ့ ရုရှားတယောက် ရေးခဲ့တဲ့စာလို့ ပြောရပါမယ်။ )
စစ်အသုံးစရိတ်ကို လျှော့ကြပါ
ယခုနှစ် ပထမပိုင်း လပိုင်းတွေမှာပင် ကမ္ဘာကြီး၏ ပျက်စီးလွယ်သော သဘောကို တဖန် မြင်ကြရပြန်သည်။ အန္တရာယ်သည် ဝရုန်းသုန်းကားအခြေအနေကို ဇောက်ထိုး ကျဆင်းနေပုံက မထိတ်သာ မလန့်သာ ရှိလှသည်။ ကိုဗစ် ၁၉ ကူးစက်ကပ်ရောဂါသည် နိုင်ငံအားလုံးကို ခြိမ်ခြောက်နေရာ တနိုင်ငံချင်းဆီတော့ ရင်ဆိုင်နိုင်ကြမည်မဟုတ်ပါ။
ကျွန်ုပ်တို့၏ လက်ငင်း အရေးကိစ္စမှာ ယနေ့ ရင်ဆိုင်နေရသော ရန်သူဆိုးကို အပြတ်ချေမှုန်းရေးပင် ဖြစ်သည်။ သို့သော် ရန်သူ ဆုတ်ခွာသွားပြီးနောက် မည်သို့ ဆက်သွားကြမလဲဆိုသည်ကိုလည်း ကြိုတင် စဉ်းစားထားကြရန် လိုပါသည်။
အတော်များများက ပြောနေသည်မှာ ကမ္ဘာကြီး လုံးဝ ပြောင်းလဲသွားလိမ့်မည်။ သို့သော် မည် သို့ ပြောင်းလဲသွားမည်နည်း။ ကျွန်ုပ်တို့ မည်သို့ သင်ခန်းစာယူ မလဲဆိုသည့်အပေါ် မူတည်သည်ဟု ပြောချင်ပါသည်။
နယူးကလီးယား ခြိမ်းခြောက်မှုကို ဖြေရှင်းခဲ့ကြသော ၁၉၈၀ ပြည့်လွန် နှစ်များဆီကို ပြန်လည် သတိရမိပါသည်။ အပြောင်းအလဲ၏ အစသည် ကျွန်ုပ်တို့အားလုံးကြားတွင် နားလည်မှု တူညီသွားသော အချိန်တွင် ဖြစ်ပေါ်ခဲ့သည်။ နယူးကလီးယားသည် အားလုံးအတွက် အန္တရာယ်၊ နယူးကလီးယားစစ်ပွဲတွင် မည်သူမှ အနိုင်ရလိမ့်မည်မဟုတ်ဟူသောအချက်ကို ဆိုဗီယက်နှင့် အမေရိကန်ခေါင်းဆောင်များကနားလည်ခဲ့ပြီး လူသိရှင်ကြား ကြေညာခဲ့သည်။ သို့နှင့် ရစ်ကာဗစ် ထိပ်သီးအစည်းအဝေးနှင့် နယူးကလီးယားဖျက်သိမ်းရေးသဘောတူစာချုပ် ဖြစ်ပေါ်လာခဲ့ရသည်။ ယခုအထိ နယူးကလီးယား လက်နက်အားလုံး၏ ၈၅ ရာခိုင်နှုန်းကို ဖျက်ဆီးခဲ့ပြီးဖြစ်သော်လည်း အန္တရာယ် ရှိနေပါသေးသည်။
နောက်ထပ် ကမ္ဘာ့အန္တရာယ်များစွာလည်း ရှိနေပါသေးသည်။ ဥပမာ ဆင်းရဲမွဲတေမှုနှင့် လူ တန်းစားကွာဟမှုပြဿနာများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာမှု၊ ကမ္ဘာကြီး၏ မြေ အောက် ရေအောက်သံယံဇာတများ ကုန်ခမ်းလာမှု၊ လူတွေ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့မှုလိုကိစ္စများကို အရေးတကြီး ကိုင်တွယ်ရန် လိုအပ်လာသည်။ ယခုအခါ ဆိုးရွားလှသော ရောဂါကပ်ဘေးကို ရင်ဆိုင်နေရပြန်သည်။ ကူးစက်ရောဂါသည် အပြန်အလှန်ချိတ်ဆက်ထားသော ကမ္ဘာကြီးကိုမကြုံဖူးသောအလျင်ဖြင့် ကူးစက်ပျံ့နှံ့နေသည်။
စိန်ခေါ်မှုအသစ်သည် တနိုင်ငံချင်းစီ ရင်ဆိုင်ရမည့် ကိစ္စမဟုတ်ပါ။ နိုင်ငံအသီးသီး၏အစိုးရများက အခက်ခဲဆုံးရွေးချယ်မှုများကိုပြုလုပ်နေရသော်လည်း ဆုံးဖြတ်ချသည့်အခါ ကမ္ဘာ့အသိုင်း အဝိုင်းတခုလုံးက တညီတညွတ်တည်း ဖြစ်ရမည်။
ပြဿနာက ကျွန်ုပ်တို့တွင် လူသားအားလုံးနှင့်သက်ဆိုင်သောမဟာဗျူဟာနှင့်ရည်မှန်းချက်များကိုဖော်ဆောင်နိုင်ရန်အစီအစဉ်များ ယခုအထိပျက်ကွက်နေဆဲဖြစ်သည်။ သက္ကရာဇ် ၂၀၀၀ တွင် ချမှတ်ခဲ့သောကုလသမဂ္ဂ၏ ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက်သည်လည်း ဘက်မျှမှု အလွန်အားနည်းလှသည်။ ယနေ့ မြင်ကြရသည့်အတိုင်း ကူးစက်ရောဂါနှင့် နောက်ဆက်တွဲ ပြဿနာများကြောင့် ဆင်းရဲသားများ ပိုအထိနာကြသည်။ ဆင်းရဲချမ်းသာ ကွာဟမှု အခြေ အနေ ပိုဆိုးသွားစေနိုင်ပါသည်။
လုံခြုံမှုဆိုသောအယူအဆကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ပြီးပြင်ဆင်ရန် အရေးတကြီး လိုအပ်နေပါပြီ။ စစ်အေးကာလ ပြီးဆုံးသွားသည့်တိုင်အောင် စစ်ကာလကို မြင်တွေ့နေရဆဲပင်။ ဒီနှစ်ပိုင်းတွေအထိ လက်နက်၊ မစ်ဇိုင်းဒုံးကျည်၊ လေကြောင်းတိုက်ခိုက်မှု စသဖြင့် မကြားချင် အဆုံးပင်။
ယခုနှစ်တွင်လည်း အင်အားကြီး နိုင်ငံများနှင့်ပတ်သက်နေသော ရန်လိုမှုများကြောင့် စစ်ဖြစ်တော့မည့်ဆဲဆဲအခြေအနေမျိုးနှင့် ရင်ဆိုင်ခဲ့ရသေးသည်။ အီရန်၊ အီရတ်၊ ဆီရီးယား ပြဿနာများ ဖြစ်သည်။ ပါဝင်ပတ်သက်သူများ နောက်ဆုတ်ခဲ့ကြသည့် တိုင်အောင်ထို အဖြစ်အပျက်များသည် အန္တရာယ်ရှိပြီး၊ ကျိုးကြောင်း ဆင်ခြင် တုံတရားကင်းမဲ့သော သားရဲတွင်းဝ နိုင်ငံရေး စွန့်စားခန်းများသာ ဖြစ်ပါသည်။
မျက်မှောက် ကမ္ဘာပြဿနာမှာ စစ်ပွဲများနှင့်လက်နက်အပြိုင်တပ်ဆင်မှုကို မည်သို့ ဖြေရှင်းနိုင်မည်မလဲဆိုတာမရှင်းလင်းလှပါ။ စစ်ပွဲဆိုတာ ကျဆုံးခြင်းလက္ခဏာဖြစ်သည်။ နိုင်ငံရေးအရ မအောင်မြင်မှု ဖြစ်သည်။
အဓိကအာရုံစိုက်ရမည်မှာ လူသားတို့၏လုံခြုံမှုသာ ဖြစ်ရပေမည်။ အစားရေစာ၊ ရေ၊ သန့်ရှင်းသော ပတ် ဝန်းကျင်၊ ကျန်းမာရေး စောင့်ရှောက်တို့ကို ဖြည့်ဆည်းပေးရမည်။ ထိုရည်ရွယ်ချက် အောင်မြင်စေရန် မဟာ ဗျူဟာများကို ချမှတ်ရန် လိုသည်။ ပြင်ဆင်မှု လုပ်ရမည်။ အစီအစဉ်များနှင့်အရံထားရှိနိုင်ရမည်။ ထိုသို့မဟုတ်ဘဲ အစိုးရများသည် လက်နက်အပြိုင်ဝယ်ရင်း ငွေဖြုန်းနေကြလျှင် အချည်းနှီးသာ ဖြစ်ပါလိမ့်မည်။
မငြီးမငွေ့ထပ်ပြောရလျှင် ကျွန်ုပ်တို့သည် ကမ္ဘာရေးရာများတွင်၊ နိုင်ငံတကာ နိုင်ငံရေး၊ နိုင်ငံ ရေးအတွေးအခေါ်တွင် စစ်စိတ် စစ်အတွေးကို လျှော့ချရန်လိုသည်။
ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် နိုင်ငံတကာ၏အမြင့်ဆုံး စင်မြင်ဖြစ်သည့် ကုလသမဂ္ဂ အထွေ ထွေညီလာခံတွင် အထူးအစည်းအဝေးတရပ်ကို အမြန်ဆုံးခေါ်ယူကြပြီး အခြေအနေကို တည် ငြိမ်အောင်ထိန်းဖို့ ကျနော့်အနေဖြင့်တောင်းဆိုပါသည်။ ကမ္ဘာ့ရေးရာကိစ္စများကို ပြန်လည် သုံ းသပ်ရန်အတွက် ဆွေးနွေးမှုသည် အနိမ့်ဆုံးအာဂျင်ဒါ ဖြစ်သင့်ပါသည်။ စစ်ရေး အသုံးစရိတ်ကို ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချကြဖို့ ခေါင်းဆောင်များကို တောင်းဆိုလိုပါသည်။ ယခုအချိန်မျိုးတွင် ခံယူချက်အသစ်ဖြင့် ယဉ်ကျေးမှုသစ်ဆီ ပထမဆုံးလှမ်းလိုက်သော ခြေ လှမ်းအဖြစ် အနိမ့်ဆုံးလုပ်ဆောင်ရမည့် ကိစ္စရပ် ဖြစ်ပါသည်။
နေသွင်ညိဏ်း
Mikhail Gorbachev: When The Pandemic Is Over, The World Must Come Together (15 Apr 2020 )
* စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ယူပါသည်။
_
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar