Breaking News

ပီတာဘိုးဘို - စိတ်ချ ငါတို့ရှုံးမှာပါ ...ဒါပေမဲ့ ဗျင်းနေမှာ


စိတ်ချ ငါတို့ရှုံးမှာပါ ...ဒါပေမဲ့ ဗျင်းနေမှာ 
ပီတာဘိုးဘို
(မိုးမခ) ဩဂုတ် ၃၁၊ ၂၀၂၂


သို့

ရဲဘော်
မင်းကိုငါ့ရင်ထဲတင်းကျပ်နေတာတွေ ဖွင့်ဖောက်ပြချင်လို့ ဒီစာရေးလိုက်ပါတယ်။ ရင်ဘတ်ချင်းလမ်းချင်းတူလို့ ဒီစာမင်းဖတ်နေရတယ်မှတ်ပါ။

စိတ်ချ ငါတို့ရှုံးမှာပါ ... ဒါပေမဲ့ ဗျင်းနေမှာ ဆိုတော့ မင်းစိတ်ထဲ အားငယ်သွားတာမျိုးမဖြစ်နဲ့ကွ။
ငါတို့အတွက်ငါတို့ရှိတယ်လို့ မင်းဘက်က အားတခုပါလာခဲ့ရင် ငါတို့နိုင်မှာ။ အတူတူဆို ငါတို့နိုင်မှာ။

စိတ်ချ။ ငါတို့ရှုံးမှာပါ။ ငါတို့တိုင်းပြည်ကြီးဟာ စစ်ကျွန်ဘဝနဲ့ စုတ်ပြတ်ဖွာလန်ကြဲဦးမှာပါ။ ဒါပေမဲ့ ငါတို့ဗျင်းနိုင်သလောက်ဗျင်းနေဦးမှာပါ။

တော်လှန်ရေးဆိုတာ လူထုအခြေပြုထားတဲ့အင်အားနဲ့တည်ဆောက်ထားတာပါ။ အခုလက်ရှိအခြေအနေအရ တော်လှန်ရေးမှာ လူထုပါဝင်မှုဟာ အောက်ကိုထိုးကျနေတာအားလုံးအသိပါ။ လူကိုယ်တိုင်ပါဝင်တော်လှန်မှုတွေ အလှူငွေထောက်ပံ့မှုတွေအသာထား၊ ငွေလည်းမကုန် အချိန်နည်းနည်းပေးပြီး လုံလုံခြုံခြုံလွတ်လပ်လပ်ပါဝင်လို့ရတဲ့ click to donate တို့လို နေရာမှာတောင် အားကလျော့နေတယ်။ အနေသာကြီးလို အသာနေနေကြတယ်။ click to donate တို့လို နေရာမှာတောင် သေချာတာကတော့ အချောင်သမားတွေရှိနေသေးတာအသေအချာပဲ။

Admin တွေက တောင်းပန်ပြီးကလစ်ဖို့ အကူအညီတောင်းနေရရှာတယ်။ သိပ်ဝမ်းနည်းစရာကောင်းပါတယ်။ ငါတို့လူမျိုးတွေဟာ ကောက်ရိုးမီးလို ပေါ်ပင်ဟီလာတိုက်တဲ့ ကျွန်စိတ်ဓါတ်နဲ့ စောက်ကျင့်အပြည့်ရှိကြတယ်။ စစ်ကောင်စီဟာ သူတို့ဓားပြတိုက်လုယူထားတဲ့နိုင်ငံတော်ရဲ့ ပိုက်ဆံတွေသုံးပြီး သူတို့ကျွန် စစ်ခွေးတွေကို လက်နက်မျိုးစုံ ရိက္ခာမျိုးစုံ တိုက်ပွဲအတွက်လိုအပ်တာမှန်သမျှ စိတ်ကြိုက် သယ်ယူပို့ဆောင်ပေးပြီး တိုက်ခိုက်နေချိန် ကျနော်တို့ ပြည်သူ့ သူရဲကောင်းအမျိုးကောင်းသားတွေဟာ လက်နက်ချို့တဲ့ ၊ရိက္ခာချို့တဲ့ နေစရာချို့တဲ့၊ ဆေးဝါး ချို့တဲ့ စတဲ့ ချို့တဲ့ပေါင်းမျိုးစုံကြားထဲက အသက်တွေရင်း ဘဝတွေရင်း ကြံ့ကြံ့ခံပြီး စစ်ကျွန်အောက်မရောက်အောင် တော်လှန်တိုက်ခိုက်နေကြတာပါ။ 

ဒါပေမဲ့လက်နက် ရိက္ခာ နေစရာ အလကားရနေတဲ့ စစ်ခွေးတွေကို သေနတ်တစ်လက် သိန်းတစ်ရာနီးနီး ကျည်ဆံတစ်တောင့် မြန်မာငွေ ခြောက်ထောင်နီးနီးပေးဝယ်ရပြီး အခက်အခဲအတားအဆီးမျိုးစုံကြားထဲက ခက်ခက်ခဲခဲသယ်ယူပို့ဆောင်ရပြီး ရိက္ခာမလောက်မငှ နေစရာမလောက်မငနဲ့ ဘယ်အချိန်ထိ ရင်ဆိုင်တိုက်ခိုက်နိုင်မှာလဲ။
တကယ့်ကို တော်လှန်ရေးမှာ ရတဲ့နည်းလမ်းမျိုးစုံနဲ့အခုအချိန်ထိပါဝင်နေကြတဲ့ ပြည်သူတွေက အရမ်းနည်းသွားပါပြီ။ လူတော်တော်များများက စားလိုက် သောက်လိုက် လိင်ဆက်ဆံလိုက်နဲ့ ပုံမှန်ဖြစ်နေကြပါပြီ။ 
သူဌေးတွေဆိုတာလည်း စကစ ကစောက်ရမ်းဖမ်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လှူဖို့တန်းဖို့ လက်ရှောင်ကြပါပြီ။
(ဒါပေမဲ့ သူဌေးတော်တော်များများက ဟိုကိုလှူသလို ဒီကိုလှူသလိုနဲ့ အသာနှပ်နေကြတာများပါတယ်။ တော်လှန်ရေးကိစ္စဆိုတော့ သက်သေတွေဘာတွေလည်း ပြစရာမလိုဘူးကိုး ) 
တကယ်တော့ စကစဟာ စီးပွားရေးကြပ်တည်းအောင် ဖန်တီးပြီး သူဌေးတွေကိုခြိမ်းခြောက်ဖမ်းဆီးဖိအားပေးပြီး တော်လှန်ရေးအရှိန်ရပ်တန့်သွားအောင် မိုက်မိုက်ရိုင်းရိုင်းလုပ်ကြံတာပါပဲ ။
အရေးထဲတော်လှန်ရေးထဲမှာ စောက်ရမ်းတော်လှန်ဂုဏ်ဆာတဲ့လူတွေ၊ စောက်ရမ်းသူရဲ ကောင်းဂုဏ်ဆာချင်တဲ့လူတွေ၊ စောက်ရမ်းအနစ်နာခံရတယ်ဆိုတဲ့ဂုဏ်ဆာချင်တဲ့လူတွေ၊ ငါက ပိုအနာခံရတယ်ဆိုတဲ့ဂုဏ်ဆာသမားတွေ စောက်ရမ်းများလာတာဟာ စောက်ရမ်းမျက်စိနောက်စရာကောင်းတဲ့အပြင် ငါတို့အားလုံးရဲ့ဘုံရန်မှန်းချက် ဘုံရန်သူက ဘယ်သူတွေလဲ ဘာလဲဆိုတာဝေဝါးပြီး ဝိဝါဒတွေကွဲပြားစေနိုင်ပါတယ်။

ငါကတော့ရှင်းတယ်။ တော်လှန်ကာလတလျှောက်လုံး ငါ့အတ္တတွေ ငါ့တကိုယ်ရည်စိတ်ခံစားမှုတွေ တတ်နိုင်သလောက် ခေါက်သိမ်းထားတယ် ဘုံရန်သူကိုပဲတည့်တည့်ကြည့်တယ် အချိန်တော်တော်များများမှာ တော် လှန်ရေးအတွက် ငါဘာလုပ်နိုင်သလဲဆိုတာပဲ တွေးတယ်။
 လုပ်လို့ရသလောက်လုပ်တယ်  ငါဘာလုပ်တယ်။
 ငါဘာတွေပေးဆပ်တယ် ယောင်လို့တောင် လူတွေကြား ဂုဏ်မဆာဖူးဘူး။
ငါလှူတာမှန်သမျှ အလှူလက်မှတ်တောင်မယူဘူး (သိတဲ့လူတွေသိပါတယ်)ထားတော့ လက်တွေ့ကျကျစဉ်းစားရင် ငါတို့ရှုံးမှာအသေအချာပဲ။  အများကြီးစဉ်းစားစရာမလိုဘူး။
 ပြည်သူ့အားနဲ့ရပ်တည်နေတဲ့ တော်လှန်ရေးကြီးဟာ ပြည်သူတွေပါဝင်မှု တဖြည်းဖြည်းနည်းသွားတာနဲ့ ဆက် လက်ရပ်တည်ဖို့ စောက်ရမ်းခက်ခဲသွားမှာပဲ။

NUG တို့ ကုလသမဂ္ဂတို့၊ နိုင်ငံတကာအကူအညီတို့ဆိုတာ ဖတ်ကောင်းရုံသက်သက်လျှောက်ရေးထားတဲ့ ဒဏ္ဍာရီပုံပြင်တွေပဲ။
စောက်စာရင်းထဲကိုထည့်စရာမလိုဘူး ကိုယ့်ကိုကိုယ်ပဲအားကိုးရပါတယ် အဓိကပြောချင်တာကတော့ ငါတို့ရှုံးမှာပါ။
ဒါပေမဲ့ ရှုံးရင်ရှုံးပါစေ မိစ္ဆာစစ်ခွေးတွေကို မိစ္ဆာငရဲသစ်ငုတ်လို့သဘောထားပြီး နှုတ်နိုင်သလောက် ဝိုင်းနှုတ်ကြရအောင်။
 ဒါမှ ငါတို့မျိုးဆက်တွေကို ငါတို့ရဲ့လုပ်ရပ် ငါတို့ရဲ့စိတ်ဓါတ်တွေကိုပြသပြီး သင်ယူဆက်ခံစေပြီး ငါတို့  လိပ် ပြာလုံလုံ နေကြရမှာပေါ့။
 
မင်းကိုပြောလိုက်ရလို့ ရင်ထဲပေါ့သွားတယ်။ ငါပြောတာတွေ မဟုတ်ဘူးဟုတ်တယ်။မဖြစ်နိုင်ဘူး ဖြစ်နိုင်တယ်ဆိုတာကတော့ မင်းရဲ့ဉာဏ်မီးဖိုပေါ်မှာ တင်ကြည့်ပေတော့ကွာ။ သွေးကွဲအောင်လာပြောနေတယ်လို့တော့ မထင်လိုက်နဲ့။ မင်းကတော့ လိပ်ပြာလုံတယ်လို့ ငါယုံပါတယ်။
ဒီစာဟာ လိပ်ပြာမလုံသူတွေ ပိုဖတ်စေချင်တာပါပဲ။
ငါတို့လား။
ငါတို့ကတော့ ဗျင်းနေတာပဲ။
ဒါပဲကွာ။ 

ပီတာဘိုးဘို
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar