Breaking News

နေသွင်ညိဏ်း - မှတ်စု (လွတ်မြာက်ခြင်း)

မှတ်စု (လွတ်မြာက်ခြင်း)
နေသွင်ညိဏ်း
(မိုးမခ) ဩဂုတ် ၁၆၊ ၂၀၂၂

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ္ဘာကျော်စာအုပ်တအုပ်က ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်း။ နရသိန် အစစ်ဟာ အကြောက်တရားဖြစ်လို့ အကြောက်တရားက လွတ်မြောက်မှသာ ဝိမုတ္တိအစစ်မှန်ကိုရမယ်လို့ ဒေါ်စုက ​ရေးပါတယ်။
ဒေါ်စုက ကြောက်တာကို အ​ပြစ်မတင်ဘူး။ ကြောက်နေတာကို သတိကပ်ပြီး သတ္တိ၊ ဝိရိယနဲ့ ကြိုးစားရင် အကြောက်တရားကနေ လွတ်မြောက်တဲ့ ဘဝကိုရမယ်လို့ ရေးခဲ့တယ်။ သတိဆိုတာ ဗုဒ္ဓဘာသာမှာ အချုပ်ဖြစ်လို့ ဗုဒ္ဓဘာသာ အတွေးအခေါ်ကို သေချာလေ့လာထားတဲ့ ဒေါ်စုက ဒိီလိုတွေးတာ အံ့ဩစရာမရှိပါဘူး။ 
ဗုဒ္ဓဟာ တောမထွက်ခင်မှာ နိမိတ်ကြီး လေးပါးကိုတွေ့တယ်။ အသိဉာဏ်မြင့်တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ နိမိတ်ကြီး လေးပါးလုံးကို တွေ့တာလို့ ဆိုရင်ရပါတယ်။ သံသရာကို ကြောက်တယ်။ ဒါပေမယ့် ဘုရားလောင်းရဲ့ အကြောက်တရားဟာ သတိကပ်ထားတဲ့ အကြောက်တရားဖြစ်လို့ သစ္စာလေးပါးကိုရှာပြီး လွတ်မြောက်ခြင်းတရားကို တွေ့ရှိခဲ့တယ်။ ဒါက ကျနော် နားလည်သလိုပြောတာ၊ မှားနေရင်ပြင်ပါမယ်။ 

​အာဏာက လူကို ဖျက်ဆီးတတ်တယ်ဆိုတဲ့ စကားနေရာမှာ ဒေါ်စုက ပိုလေးနက်တဲ့ အယူအဆကို တင်ပြပါတယ်။ ' အာဏာက လူကို ဖျက်ဆီးတာ မဟုတ်ဘူး။ အာဏာကို စွန့်လွှတ်ရမှာ ကြောက်တဲ့စိတ်က လူကို ဖျက် ဆီးလိုက်တာ'။
လူဟာ လွတ်မြောက်ခြင်းအကြောင်း စဉ်းစားလေ့ရှိပါတယ်။ နယ်လ်ဆင်မန်ဒဲလားရေးတဲ့ ကိုယ်ရေး အထ္ထုပ္ပတ္တိစာအုပ်နာမည်က 'လွတ်မြောက်ရေးဆီခရီးရှည်'။ Long Walk to Freedom'  စာအုပ်ထဲ နောက်ဆုံးအပိုင်းမှာ လွတ်မြောက်ခြင်းကို ရေးဖွဲ့ပြတယ်။  

သူငယ်ငယ်က သူ့အဖေ ယာတောနား လွင်ပြင်ကျယ်မှာ ကျွဲကြီးစီးတာ၊ သူ့အဖေ ယာခင်းထဲက ကန်စွန်းဥတွေ ပြောင်းဖူးတွေကိုအကြိုက်မီးဖုတ်စာနေရရင်ပဲ ပျော်စရာကောင်းပြီး လွတ် မြောက်တယ်လို့ထင်ခဲ့တာ၊ အရွယ် ရောက်လာတဲ့အခါ  သူဟာ တောင်အာဖရိကမှာ လူမည်းတွေရဲ့မလွတ်မြောက်ခြင်းကိုနားလည်လာတယ်။ တချိန်တည်းမှာ မလွတ်မြောက်တဲ့ လူ့အဖွဲ့ အစည်းမှာ နေထိုင်ရင်း သူတကိုယ်တည်း မလွတ်မြောက်နိုင်ဘူးဆိုတာ ခံစားနားလည်လာခဲ့တယ်။ လွတ်မြောက်ခြင်းဆိုတာ ပညာနဲ့ယှဉ်တဲ့တရား၊ ကိုယ်ချင်းစာတရားနဲ့ ယှဉ်တဲ့တရားဖြစ်တယ်ဆိုတာကို မန်ဒဲလားက ရှင်းပြခဲ့ပါတယ်။  

တကယ်တော့ တိရစ္ဆာန်လည်း လွတ်မြောက်ခြင်းကို စဉ်းစားပါတယ်။ သခင်ကိုယ်တော်မှိုင်းက ငှက်တွေတောင် ကိုယ့်အသိုက်နဲ့ ကိုယ်နေချင်ကြတာ၊ လူသားက လွတ်လပ်ခွင့်ကို တောင်းဆိုတာ ဘာမှမဆန်းပါဘူးလို့ ပြောဖူးတယ်။ 
သမ္မတရုစဗဲ့ရဲ့ ဝိမုတ္တိတရား လေးပါးထဲမှာ  ဒေါ်စု​​ပြောတဲ့အကြောက်တရားကနေ လွတ် မြောက်ခြင်းအပြင် ဆာလောင်မွတ်သိပ်ခြင်းကနေ လွတ်မြောက်ခြင်း ( စားဝတ်နေရေး) ဆိုတဲ့ တချက်လည်း ပါတယ်။ ပြန်ဆက်ရရင် ဗုဒ္ဓကိုယ်တိုင်လည်း ဆာလောင်ခြင်းကို မပယ်ပါဘူး။  လွတ်မြောက်ရေးခရီးမှာ ချိုးခြံခြင်းကို ဟောပေမယ့် အငတ်ခံခြင်းကို ပယ်တော်မူပါတယ်။ ဒါကို အလယ်အလတ်လမ်းစဉ်လို့ နားလည်ရပါတယ်။

တချို့အတွက် လွတ်မြောက်ခြင်းအတွေးအခေါ်ဆိုတာ ကိုယ့်ဗိုက်ဝဖို့၊ တနည်း ရုစဗဲ့ရဲ့ ဆာ လောင်မှုကင်းရေး၊ တနည်း နယ်ဆင်မန်ဒဲလား ငယ်ငယ်ကတွေးသလို ပြောင်းဖူးမီးဖုတ်စားဖို့လောက်နဲ့ လမ်းဆုံးသွားတာ ဖြစ်နိုင်ပါတယ်။ မန်ဒဲလားရဲ့ ဒုတိယအတွေး၊ ဒေါ်စုပြောတဲ့ ကြောက်ရွံ့ခြင်းက ကင်းဝေးရေး၊  ရုစဗဲ့ရဲ့ တခြားတရား ၃ ပါး ၊ ဗုဒ္ဓရဲ့ ဝိမုတ္တိအထိ အကျယ်ရှင်းပြဖို့ခက်ပါတယ်။ ရေကန်ထဲက ဖားသူငယ်ကို ငှက်တကောင်ရဲ့ လွတ်လပ် ခွင့်အကြာင်းပြောပြဖို့ မလွယ်ကူသလိုမျိုးပါ။ 

၁၆/၈/၂၀၂၂

* Roosevelt's Four Freedoms: Freedom of speech, Freedom of worship, Freedom from want, Freedom from fear
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar