Breaking News

ချိုတမာ - အလွမ်းတွေအောင်မြင်ပါစေ

အလွမ်းတွေအောင်မြင်ပါစေ
ချိုတမာ
(မိုးမခ) ဩဂုတ် ၂၇၊ ၂၀၂၂


မိုးကလည်းရွာလိုက်သည်မှာလွန်ရော၊ ပြည်သူတွေရဲ့မျက်ရည်စက်တွေရောထွေးပြီးများရွာနေသလား.........
သည်မိုးအောက်မှာအမိုးအကာမဲ့ဘဝတွေ...............သည်မိုးသည်းအောက်မှာ ဘုံရန်သူကိုတွန် းလှန်ဖို့အသက်စွန့်ဘဝစွန့်ရုန်းကြွနေကြသူတွေ.............သည်မိုးသည်းတွေကြားမှာအကာ အကွယ်မဲ့စွာအမိုးအကာမဲ့ဘဝကိုထွက်ပြေးလာကြသူမိသားစုတွေ.........။ စွန့်ခွာချန်ထားရစ်ရသည့်ရွာလေး........အပျက်အစီးများ........မီးရှိ့ခံအိမ်.....အိမ်သားတွေ၏သောကမိုးတွေများရွာသွန်းလိုက်သည်လား.....

သည်မိုးသည်းအောက်မှာ စားအုန်းဆီတစ်ပိသာ ၄၀၀၀ ကျပ်ဖြင့်ဝယ်နိုင်ဖို့ တန်းစီစောင့်နေကြရသည့်အခြေခံလူတန်းစားပြည်သူ့ဘဝတွေ။ "ခေတ်ဝန်ကိုထမ်းပြီး အလွမ်းထည်ကိုရင်မှာပိုက်ထားကြရတာပါဗျာ” လို့ နာနာကျင်ကျင်လွမ်းလွမ်းဆွတ်ဆွတ်ပြောတတ်သည့် ငယ်သူငယ်ချင်းကိုလွမ်းတမိသည်။ သူနှင့်အဆက်အသွယ်မရသည်မှာ ရှစ်လကျော်ပြီ။ "ရောက်သည့်အရပ်မှာသန်မာပါစေကွာ" ဟု အလေးအနက်ပြုဆုတောင်းလျက်က လွမ်းရပြန်သည်။

မိုးကအသံစုံအော်မြည်ကာ ရွာကောင်းဆဲ၊ တချီတချီလေကပင့်တိုက်ပြီး အဝေးကမိုးစက်မိုးမှုန်တို့ကိုခေါ်လာသည်ထင်ရအောင် ဒလဟောရွာသွန်းနေလေသည်။ မိုးကအမိုးအကာမဲ့ဘဝများစွာကိုသက်ညှာမှုကင်းမဲ့လွန်းစွာရွာနေပုံက အတင်းကာ‌ရောအုပ်ချုပ်ချင်နေကြသည့်လူတစုကဒုက္ခမျိုးစုံပေးနေသလိုမျိုး ရွာနေသည်။ ဆိုးလေစွ......။

"မိုးကာဖျင်တွေလိုတယ်ဗျ"
"လောလောဆယ်တော့ တုတ်ကွေးရာသီဆိုတော့ အဖျားပျောက်ဆေးချောင်းဆိုးပျောက်ဆေး. ..................
"ကော်ဖီထုတ်တွေပါလာတာတွေ့လို့ဝမ်းသာသွားသေး.........
"လွမ်းတယ်..တခါတခါငိုမိတယ်"
"....................."
စကားသံလေးတွေမိုးမှုန်များကြားမှာကိုယ်ယောင်ပြပြီး အလွမ်းမှုန်သည်းသည်းတွေ ရင်ခွင်တွင်းကို တဖွဲဖွဲခြွေချနေပုံများလွမ်းစရာ..................၊ လွမ်းစရာဟုဆိုရအောင်လည်း.....အလွမ်းကလွမ်းကောင်းလွန်း၍လွမ်းနေသည်မျိုးမဟုတ်ပြန်၊ လွမ်းနေပုံများက...၊ လွမ်းစရာမကောင်းသည်ကိုပင်လွမ်းနေမိ.....၊
မိုးသံတွေကြား မိုးရေတွေရွှဲစိုပြီးရောက်လာတတ်သည့်ဖုန်းခေါ်သံလေးတွေ...... အမှာစကားလေးတွေ.......

“အစ်မရေ"
"ဆရာမရေ"
"သူငယ်ချင်းရေ"
"အန်တီချိုရေ"
"အစ်မချို‌‌‌ရေ"
"ဖုန်းဘေလ်"

တချို့ကမွေးရပ်မြေမှဝေးရာ.........၊ တချို့ကတူတူပုန်းတမ်းကစားလို့.............၊ တချို့ကလည်းအကျဥ်းစခန်းအတွင်းမှာ.........တချို့ကတော့ မလွတ်မြောက်သည့်လွတ်မြောက်နယ်မြေမှာ.............

"အဖေတောင်အိမ်မပြန်ရသေးတာ......သားတို့ဘယ်လိုအိမ်ပြန်လို့ရမလဲအန်တီတဲ့"

နာနာကျင်ကျင်ဖြင့်လွမ်းနေရသည့်ဖုန်း massage လေးများ.....ဖုန်းမျက်နှာပြင်မှာမီးစိမ်းလေးတွေတွေ့နေရလျှင်ပဲ အပူတဝက်ဖြင့်စိတ်ဖြေနေရချိန်..........ဘေးကင်းပါစေ၊ ကျန်းမာပါစေ၊အစစအရာရာ ဂရုစိုက်ပါ၊ အဆင်ပြေပါစေ၊ အောင်မြင်ပါစေ၊ ဆုချွေစကားတောင်းဆုလေးများနှင့်.........တယောက်ကိုတယောက်....စိတ်ပူရင်း...ဆုတောင်းရင်း......ဖေးကူရင်း၊ စာနာရင်း၊နာကြည်းခံပြင်းရင်း.......အံကြိတ်တင်းခံရင်းကိုယ်ထူကိုယ်ထရုန်းနေဆဲ.....ကိုယ်ထကိုယ်ထူရုန်းနေမြဲ........ရုန်းနေလျက်ပါ........ပြီးတော့လွမ်းနေဆဲပေါ့.......၊

"ငါးပိကျော်မှာဦးမလား"
“ငါဘေထုတ်ထည်တွေရောင်းနေတယ်”

"အိမ်ကအဆောင်တွေနားဆိုတော့ အဝတ်လျှော်မီးပူတိုက်လက်ခံပြီးလုပ်နေရတယ်"
"မအလကျေးဇူးတော်တွေနဲ့အသုတ်စုံသည်ပေါ့"

သင့်သလိုအဆင်ပြေသလိုစားဝတ်နေ‌ရေးဖြေရှင်းနေရသည့် CDM သူငယ်ချင်းမိတ်ဆွေနှလုံးသားတူသူတွေ............

"ခုလားအိမ်ပြန်အပ်ယောင်းမအိမ်မှာကပ်နေပေါ့....အဆင်ပြေတယ်တော့မဟုတ်ပါဘူး…..နေဖြစ်ရုံပါပဲဟာ......."

“စားဖို့ကတော့ရတယ်......အခုခက်နေတာက.......အိမ်...အိမ်လခပါ...."
"တို့ထက်ဆိုးလွန်းတဲ့သူတွေအပုံကြီးဆိုပြီးအားတင်းနေနေတယ်"

မိုးတွေတဝေါဝေါရွာချနေသည့်ကြားထဲဘဝတူသူငယ်ချင်းတချို့စကားသံဟန်အမူရာတွေကိုယ် ထင်ပြနေသလို ခံစားလာရပြန်သည်။ ဘဝတွေကလွမ်းစရာတွေပါလားနော်၊ လွမ်းကောင်းသည်တော့မဟုတ်၊နာကျင်စွာလွမ်းရသည်ပဲ။

CDM တွေကအရေးသိပ်မပါတော့သလိုလိုရေးထားသည့်စာရွက်တရွက်လည်း ဖတ်လိုက်မိသေးတော့နာကျင်ရသည်ပေါ့၊ သို့ပေလည်း အ‌‌ရေးပါသည်ပဲပြောပြောအရေးမပါသည်ပဲပြောပြော ဒီတော်လှန်ရေးအတွင်းမှာ လုပ်သင့်လုပ်ထိုက်၍လုပ်သည်။ နောင်တမဲ့စွာဖြင့်လုပ်သည်။ ကိုယ့်စိတ်နှင့်ကိုယ်ရုန်းထွက်ခဲ့သည်။....ရုန်းသည်။

"ရုံးမတက်နဲ့ရုန်းထွက်"ဆိုသည့်ကြွေးကြော်သံတွေနှင့်အတူ "ရုန်းထွက်ပြီးရုံးမတက်" ပဲကြုံလာသမျှအခက် အခဲမှန်သမျှကို ကိုယ်တိုင်သာသိ၊ ကိုယ်တိုင်ကြုံဖြတ်သန်း၊ ကိုယ့်စိတ်နှင့်ကိုယ်ကြံ့ခိုင်စွာဖြေရှင်းခဲ့၊ ဖြေရှင်းလျက်၊ ဖြေရှင်းနေကြရသည့် CDM ဘဝတွေ.........

 “မတရားဘူး" ကိုယ်တွေကဒီလစာနဲ့ပဲစားနေရလို့ …နိုင်မှာပါ....နိုင်မှာ....လေးစားပါတယ်။လုပ်နိုင်တာချီးကျူးတယ်"

စကားကိုဟန်မပျက်ပြောရင်း တစွန်းတစ တပိုင်တနိုင် တဖဲ့နှစ်ဖဲ့မျှပင်အထိ အခိုက်အပွန်းအပဲ့အပါမခံဘဲ အလုပ်စားပွဲမှာခန့်ခန့်ကြီးထိုင်ပြီး ရာထူးတိုးဖို့စောင့်နေသည့်ပြည်သူ့ဝန်ထမ်းကောင်း ခံယူထားသူများကိုလည်းအံ့ဩမိသေး.....၊ တကားလုံးရဲရဲနီနေအောင် စတစ်ကာတွေကပ်ပြီး ကိုယ်ပိုင်ကားနဲ့ရူံးတက်ရုံးဆင်းလုပ်သည့်မိတ်ဆွေကိုလည်း သတိရစွာပြုံးမိသည်။ ခုတော့ ရာထူးတိုးဖို့ကြိုးစားပြီး  “တို့ကဝန်ထမ်းလေ။ ဝန်ထမ်းကဘယ်သူအစိုးရဖြစ်ဖြစ်”။ သိသိကြီးနှင့်မသိချင်ဟန်ဆောင်ကာ ဓမ္မကိုမျက်ကွယ်ပြုပြီး ဘုရားတက်ပုတီးစိတ်နေတက်သည့်မိတ်ဆွေအချို့ကိုလည်းတွေးရင်း........နာ...။

မိုးကတရံတခါမလိုပဲ ရွာချတတ်သလိုအလွမ်းကလည်းအပိုလွမ်း. သဘောမျိုးဖြင့် လွမ်းရင်း.... နာ...ရပြန် သည်။ လွမ်းစရာမကောင်းပဲတရံတခါလွမ်းနေတတ်သည်က အလွမ်း၏ရသတမျိုးလားဆိုတော့ ဆိုနိုင်ပြန်ဘူး၊ အလွမ်းကလွမ်းစရာကောင်းမှလွမ်းရသည်မဟုတ်ဘဲလေ.........။

တရံတချီသတိရစရာလွမ်းတစရာမကောင်းသည့်အမည်နာမတွေကိုသတိရပြီး ရွံမုန်းကြောက်နေတတ်သည်ပဲ၊ အလွမ်းကကန့်သတ်ချက်ရှိသည်မှမဟုတ်ဘဲလေ၊ လွမ်းမကောင်း၍မလွမ်းပါနှင့်လို့အလွမ်းကိုပြောမှမရဘဲ၊ လွမ်းပြီးနာရသလိုလွမ်းပြီးချစ်ရသည်များလည်းရှိဆိုတော့ ....... အလွမ်းက.........လွမ်းစရာသက်သက်။

“ရွာမှာအဘွားအိုတယောက်မီးလောင်သေဆုံးဆိုတာ ဦးဇင်းမယ်တော်ကြီးအသက် ၇၅ နှစ်"
ဆွမ်းခံကြွကိုယ်တော်၏မချိတင်ကဲနှင့်ရင်ထဲကသောက...

"ရွာမှာဘာကျန်မှာတုန်းကုန်ပြီပေါ့တော်"
"သတ်ခံရတာလေ"
"ရွာမှာကပြေးရင်ပစ်တယ် မပြေးရင် သတ်တယ်"
"ရွာမှာကဆိုနိုင်ဘူးလေ"
“ကုန်ပြီပေါ့တော်"

မိတ်ဆွေအသိခင်ရာမင်ရာဆွေမျိုးညာတိတို့၏ဘဝတွေနာနာကျည်းကျည်းကြားယောင်ပြီး ကြေကြေကွဲကွဲ ရွာလမ်းရွာအဝင်ရွာဟန်လေးများကိုလွမ်းတလျက် အံကြိတ်‌တောက်ခေါက်လက်သီးဆုတ်ရင်းမျက်ရည်ဝဲ..............

"စွန့်ကြပါတိုက်ကြပါစွန့်စားကြပါ"

အဝေးမြေကနှုတ်စကားတွေခေါင်းညိတ်ပြုံးဖြင့်နာထောင်မိသည်။

"ဒီမှာစွန့်စရာဆိုလို့တကယ်ပါအသက်ပဲကျန်တော့တယ်...တဘဝလုံးစုဆောင်းထားတာတွေအကုန်စွန့်ပြီးပါပြီ အားလုံးလည်းကုန်ပါပြီ၊ တခါတခါအသက်တောင်ပြင်းပြင်းမရှုရဲအောင်စွန့််နေရပါတယ်"

နှုတ်အာကောင်းကောင်းနှင့်ပြောနေတတ်သူအပြောအားကောင်းသူမိတ်ဆွေတချို့ကိုစိတ်မှပြောရင်း နှုတ်ခမ်းတွန့်ရုံပြုံးရင်းလွမ်းမိပါသေးသည်...၊ လွမ်းရင်းနှင့်တော့နာသည်ပေါ့....၊

ထမင်းအိုးတည်ရင်း ကျည်ခသူ၊ ထင်းခုတ်ရင်း လက်နက်ကြီးထိသူ၊ နွားကြောင်းရင်းမိုင်းထိသူ။
"ရဲဘော်လေးမှာလက်နက်မရှိဘူး၊ ရှေ့မှာတိုက်ပွဲဖြစ်နေတာသူကနောက်ကနေတချောင်းထိုးလက်လုပ်သေနတ်လေးကိုင်ပြီးတိုက်ရရှာတာ ,,,,,,,,,,,,,,"

"ကျည်ကုန်သွားလို့ပြန်ဆုတ်ရင်းရဲဘော်......................
"အသေသတ်အလောင်းပစ်........................

လွမ်းစရာ၊ နာစရာ၊ ထိခိုက်စရာ၊ ကြေကွဲစွာ‌ရှေ့ဆက်ခရီးမိုင်တွေလွမ်းမိပါသည်။

ဒယ်အိုးနီလေးနှင့်ခေါင်းကိုကျည်ဆံကာနေသူ၊ လူရမ်းကားတစုရဲ့ကျည်တွေကိုဓာတ်တိုင်အကာအကွယ်ဖြင့် တန်းစီရပ်ချောင်းနေသည့်လူလေးတွေထဲကငှက်ပြောခိုင်လေးကိုင်ထားသည့်လူငယ်လေးကို.....
မြေနီကုန်းမီးပွိုင့်ကားလမ်းမအလယ်မှာမူးလဲချင်ဟန်ဆောင်ပြီးကားတန်းကြီးပိတ်သွားအောင်ဆန္ဒပြခဲ့သည့်တူလေးတူမလေးတွေကို.........

အမှတ်တရသိုးမွေးလက်ပက်ကြိုးလေးတွေထိုး‌ပေးခဲ့ကြသည့် လှည်းတန်း IT ရှေ့ကလုံမလေးတွေကို......... "ကမ္ဘာမကြေဘူး""နှစ်ငါးလုံးအမှတ်တရ" TATTOO ထိုးပေးသည့်တူမောင်တွေကို....... မုန့်နှင့်ရေသန့်အလှူပြုပေးသည့်အကိုကြီးတွေကို.........လိမ္မော်သီးလာလာဝေပေးတတ်သည့်ဦးဇင်း ၊mask တွေကူလှူပေးသူ........ဦးထုတ်ပေးလှူသူ.....ဘဏ်ဝန်ထမ်း၊ သူနာပြုဆရာမ၊ ကျောင်းဆရာ၊ကျောင်းဆရာမ၊ ဆရာဝန်၊ကဗျာဆရာ၊ စာရေးဆရာ၊ အနုပညာရှင်တချို့ ကျောင်းလွယ်အိတ်လေးတွေ၊ ကျောပိုးအိတ်လေးတွေ၊ ပရဟိတသမား၊ စက်ရုံလုပ်သား၊ ကားဆရာ၊ မိသားစုမဆုံတော့သည့် ထမင်းဝိုင်းလေးတွေ၊ အိမ်မရှိတော့သည့်အိမ်သားတွေ၊အိမ်သားမရှိတော့သည့်အိမ်တွေ၊ စစ်ရှောင်ရင်းစစ်တိုက်နေရသူတွေ၊ ရွာဖျက်ခံရသူတွေ. ...............သူတွေ.......ပြည်သူ့ဘဝတွေ။ 

ဒီလိုတိုင်းပြည်မှာလူဖြစ်ရသည့်ပြည်သူတွေ................

လွမ်းမိပါသည်။  လွမ်းစရာ......လွမ်းစရာတွေပါပဲ.......လွမ်းရင်းနှင့်ပျောက်ပျောက်သွားသည့်ဖုန်းခေါ်သံလေးတွေရောက်သည့်အရပ်မှာမနက်ဖြန်တွေသန်မာပါစေ။
အနာဂတ်တွေရှင်သန်ပါစေ" လို့ဆုတောင်း။
တဝုန်းဝုန်းရွာချနေသည့်မိုးမှုံတွေကိုကြည့်ရင်း လွမ်းမျက်ရည်ဝဲနေမိ.......။

"လှိုင်သာယာကလေကလေးသုံးယောက်နဲ့အဖေလူမမာကျန်ခဲ့တယ်....သေဒဏ်ပေးမှာ"
"အဲ့ကလေးလည်းသေဒဏ်လား.... တစ်သက်တစ်ကျွန်း........"
"ကောင်မလေးအဖေက............။
မကြားရက်တော့၊ မကြားရက်ပါဘူး၊"

"၈ ၉ ၁၀ အတန်းတွေကို စာသင်ပေးရတဲ့ကလေးပါ။ ရိက္ခာထွက်ဝယ်ရင်းမိသွားတာတဲ့. အဲ့ဒါအခု.........
ရှေ့ဆက်မကြားရက်ပါဘူးဟယ်၊

ဘယ်လိုသတ္တိခွန်အားမျိုးနှင့်နားထောင်ရပါ့၊ လွမ်းမောရင်းနာကျင်ရင်းက..........
သူတို့ကအလှပဆုံးစကားတွေနှင့်အနုပညာမြောက်စွာ ကြေကွဲပြနေချိန်..............

ဒီမှာကအသက်ကိုအသက်တွေဖြင့်အထပ်ထပ် "နှစ်သိမ့်" နေရပြီလားလို့ ခဏခဏတွေးမိနေရင်း နာကျင်စွာလွမ်းကြေကွဲ။
နွေဦးပန်းတွေ
တပင်လုံးပွင့်အောင်စောင့်ရင်း
တပွင့်ချင်းလှအောင် ပွင့်နေရ။
တခိုင်တည်းလှအောင်ပွင့်ကြရ။
နွေဦးပန်းတွေလှအောင်ပွင့်ကြရမည်မဟုတ်လား။
ဒီတော့.....အားလုံးကိုလွမ်းနေရတာပဲဆိုသလိုအလွမ်းရေ........
လွမ်းရဲတာလည်း သတ္တိတခုပါ။
နင့်အလွမ်းတွေအမြန်အောင်ပါစေ။
ငါ့အလွမ်းတွေအမြန်ပျော်ရွှင်ပါစေ.........။။


*ချိုတမာ*
(The Myanmar Peace Narrative မှရေးသားတင်ဆက်သည်။)
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar