Breaking News

လှကျော်ဇော - သုံ့ပန်းပေါ်လစီကို လက်တွေ့ကျင့်သုံးကြပါစို့

လှကျော်ဇော - သုံ့ပန်းပေါ်လစီကို လက်တွေ့ကျင့်သုံးကြပါစို့
(မိုးမခ) သြဂုတ် ၁၃၊ ၂၀၂၂

၁၉၈၉ စက်တင်ဘာ (၁၉) ရက်နေ့ န၀တအာဏာသိမ်းအပြီးမှာ တိုင်းပြည်တ၀န်းက ၈ လေးလုံးအရေးတော်ပုံကြီးမှာပါဝင်ခဲ့သူ အများအပြား နီးစပ်ရာ တောတွင်းအဖွဲ့အစည်းများထဲသို့ ပြေးဝင်ခိုလှုံ ရောက်ရှိလာကြပါတယ်။ ဒီမှာတင် ကျွန်မတို့ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်ရှိရာ ပန်ဆန်းကို ရှမ်းပြည်တ၀ိုက်က လူငယ်တွေ အသုတ်လိုက် ရောက်ရှိလာကြပါတယ်။ ဒီတော့ ပါတီက လက်ခံစောင့်ရေှာက်ထားပြီး စစ်ရေး၊ နိုင်ငံရေး သင်တန်းတွေ ပေးပါတယ်။

တနေ့တော့ သင်တန်းဆရာက ပါတီရဲ့ စည်းကမ်းကြီး (၃) ရပ်၊ သတိပြုရန်(၈) ချက်ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပို့ချပါတယ်။ (ဒီအထဲမှာ သုံ့ပန်းများကို ညှင်းပန်းနှိပ်စက်ခြင်းမပြုရဆိုတဲ့ သုံ့ပန်းပေါ်လစီပါပါတယ်။) အမေးအဖြေအချိန်ရောက်တော့ သင်တန်းသားတဦးက.... ကျွန်တော် ကျန်တာအားလုံးလိုက်နာနိုင်တယ်၊ သုံ့ပန်းပေါ်လစီတော့ မလိုက်နာနိုင်ဘူး ... လို့ဆိုပြီး သူမျက်စေ့အောက် ဆန္ဒပြပွဲတွေမှာ စစ်သားတွေပစ်တဲ့ကျည်ဆန်ကြောင့် သေဆုံးကုန်ကြရတဲ့ သူ့တိုက်ဖော်တိုက်ဖက်ရဲဘော်များအကြောင်း ငိုကြီးချက်မနဲ့ ပြောပြပါတော့တယ်။ ကျန်သင်တန်းသားများကလည်း တယောက်တပေါက် ၀င်ပြီးထောက်ခံပြောဆိုပါတော့တယ်။ 

ဒီလိုပြည်သူတွေအပေါ်ရက်စက်ထားတဲ့ စစ်သားတွေ ပြန်မိလို့ကတော့ ဘယ်လိုလုပ်ခွင့်လွှတ်နိုင်မှာလဲ .... တဲ့။ သူတို့ရက်စက်ခဲ့သလို ပြန်ပြီး ရက်ရက်စက်စက်ကို နှိပ်စက်ရမှာ ... တဲ့။       

သင်တန်းဆရာက ပြောသမျှ အားလုံးနားထောင်ပြီးမှ---အခု ခင်ဗျားတို့ကို စစ်သင်တန်းပေးနေတဲ့ဆရာကို ဘယ်လိုသဘောရသလဲလို့ မေးပါတယ်။ ဆရာက သိပ်သဘောကောင်းတာ၊ ကျွန်တော်တို့အပေါ်လည်း ညီရင်းအစ်ကိုလို ဆက်ဆံပြီး သင်တန်းပေးရာမှာလည်း သိပ်စိတ်ရှည်တာ။ ကျွန်တော်တို့အားလုံးက သူ့ကို ချစ်လည်း ချစ် လေးလည်းလေးစားတယ် ...တဲ့။ ဒီတော့မှ သင်တန်းမှူးက ... အဲဒီဆရာဟာ ကျွန်တော်တို့တပ်က မိုင်းယန်းတိုက်ပွဲမှာ ဖမ်းမိလာတာ (မဆလ တပ်က) သုံ့ပန်းပါ။ တခြားသုံ့ပန်းတွေက အိမ်ပြန်သွားကြပေမယ့် သူက မပြန်တော့ဘဲ ကျွန်တော်တို့တပ်ထဲဝင်လာတာ။ အခုသင်တန်းဆရာဖြစ်နေတာလို့ ပြောပြရပါတယ်။ 

 ပြည်သူလူထုရဲ့ တော်လှန်ရေးတရပ်ဆိုတာ နဂိုရှိရင်းစွဲ ပြည်သူလူထုကိုဖိနှိပ်တဲ့ ယန္တရားတွေကို ဖြိုလှဲချပြီး ပြည်သူအကျိုးဦးတည်တဲ့ စနစ်နဲ့အစားထိုးကြရမှာပါ။ ဒီတော့ လက်ရှိစစ်တပ်ကြီးကို တိုက်ဖျက်ပစ်ရမှာ။ လက်နက်နဲ့တိုက်ရုံမက တခြားနည်းသဏ္ဌာန်ပေါင်းစုံကို တီထွင်ဖန်တီးမှုရှိစွာရှာဖွေပြီး တိုက်ရပါတယ်။ အဲဒီနည်းတွေထဲမှာ သုံ့ပန်းပေါ်လစီဟာ အတော်အောင်မြင်တာတွေ့ရပါတယ်။ ဒီနည်းကို အတော်ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရုံမက နေရာတကာရောက်အောင် ဝါဒဖြန့်ချိပေးနိုင်ရင် ရန်သူ့စစ်တပ်ဖြိုခွဲရေးအတွက် အလွန်အသုံးဝင်ပါတယ်။       

ဒီနေရာမှာ နောက်တချက်ဖြစ်တဲ့ စစ်အာဏာရှင်တွေရဲ့ လူတန်းစားအသိ ပြတ်သားပုံကိုလည်း ပြောပြရဦးမယ်။ တနည်းအားဖြင့် သုံ့ပန်းပေါ်လစီ အောင်မြင်တယ်ဆိုတာကို သွယ်ဝိုက်ပြဆိုနေတဲ့အချက်လို့လဲ ပြောနိုင်ပါတယ်။ ကျွန်မတို့ အရှေ့မြောက်က တိုက်ပွဲကြီးတွေ (၁၉၇၅ -၈၅) မှာ သုံ့ပန်းတွေအများအပြားရတတ်ပါတယ်။ (တခါက ထင်းရူးတောင်တိုက်ပွဲမှာ စစ်သားအတော်များများ လက်နက်ချတာ ရှိခဲ့ဖူးပါတယ်။) အဲဒီသုံ့ပန်းတွေကို ကာလတခုသင်တန်းပေးပြီး ပြည်သူ့တပ်မတော်ထဲဝင်ချင်သူတွေကိုဝင်ခွင့်ပြုပြီး ပြန်ချင်သူတွေကို ပြန်လွှတ်ပါတယ်။ ပြန်သွားသူတွေကို သူတို့စစ်တပ်က ဘယ်သူကိုမှ တပ်ထဲပြန်မထည့်ပါဘူး။ ဘာစခန်း ညာစခန်းဆိုတာတွေမှာ စခန်းဝင်ခိုင်းပြီး တပ်ထဲက ထုတ်ပစ်လိုက်တာချည်းပဲ။ ဘယ်တော့မှ ဒီစစ့်ပန်းတွေကို စစ်အာဏာရှင်တွေကစစ်တပ်ထဲမှာ ပြန်မသုံးရဲတော့ပါဘူး။

ကျွန်မတို့သုံ့ပန်းပေါ်လစီ အောင်မြင်တဲ့ နောက်သာဓကတခုပြောပြရဦးမယ်။ ကျွန်မတို့တပ်က သုံ့ပန်းတွေနဲ့အတူ သူတို့ဖမ်းခေါ်လာတဲ့ ပေါ်တာတွေပါ ဖမ်းမိလာတတ်ပါတယ်။ မင်းရန်အောင်ထိုးစစ်အတွင်းမှာ ရှေ့တန်းတပ်ကမိလာတဲ့ ပေါ်တာတယောက် ဒဏ်ရာရထားလို့ ကျွန်မတို့ရှေ့တန်းဆေးအဖွဲ့ ကိုလာပို့ထားပါတယ်။ ဒဏ်ရာပျောက်တော့ ပြန်ဖို့ပြင်ဆင်ပေးရပါတယ်။ ပြန်ခါနီး ကျွန်မတို့စကားစမြည်ပြောတဲ့အခါ (ကျွန်မဆေးကျောင်းသားတွေထဲမှာ ၀ စကား ရှမ်းစကား အခါစကားတတ်သူများပါပါတယ်။ သူတို့က ဘာသာပြန်ပေါ့။) အဲဒီပေါ်တာက ဒီလိုပြောသွားတယ်။ .... သူ့အရင်ပေါ်တာတွေလိုက်ဖူးသူတွေက သူတို့ကိုဒီလိုပြောထားတယ်တဲ့။ မင်းတို့စစ်ကြောင်းနဲ့ပါသွားတဲ့အခါ သေနတ်သံကြားလို့ကတော့ ကိုယ်ကျောပေါ်ပါတဲ့ပစ္စည်းတွေပစ်ချပီး ပြေးပေတော့။ သေနတ်သံကြားတဲ့ဖက်ကိုပြေး၊ ဦးထုပ်မှာကြယ်နီတပ်ထားတဲ့ (ကျွန်မတို့ပြည်သူ့တပ်မတော်သားတွေရဲ့ဦးထုပ်မှာ ကြယ်နီတံဆိပ်ရှိပါတယ်။) စစ်သားတွေကို တွေ့အောင်ရှာပြီး ငါတို့ကို စစ်တပ်က ပေါ်တာအတင်းဆွဲလာတာဖြစ်ကြောင်းပြောပြ၊ အဲဒီစစ်သားတွေက ဒီစစ်သားတွေ (မဆလစစ်သားတွေကိုဆိုလို) လို မဟုတ်ဘူး။ တို့ကို ရိုက်တာ နှိပ်စက်တာ ဘာမှမလုပ်ဘူး။ အိမ်ပြန်ဖို့စားရိတ်တောင်ထုတ်ပေးလိုက်သေးတယ်လို့ ပြောပြဖူးတာ။ သိပ်မယုံဘူး။ စစ်သားတွေ မနှိပ်စက်ဘူးဆိုတာ မဟုတ်နိုင်ဘူးလို့ထင်တာ။ အခုမှသူတို့ပြောတာမှန်တာပဲဆိုတာ သိရပါပြီ .... လို့ ပြောပြသွားပါတယ်။    

ဟုတ်ပါတယ်။ သေနတ်သံမြည်တာနဲ့ ပေါ်တာတွေဟာ ရှိသမျှပစ္စည်းပစ်ချပြီး ပြေးတော့ စစ်ကြောင်းတကြောင်းလုံး ရုန်းရင်းဆန်ခတ်ဖြစ်ပြီး စစ်ကြောင်းတွေ ပျက်ကုန်ပါတော့တယ်။ သုံ့ပန်းတွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံရုံမက နိုင်ငံရေးအသိတွေဝင်အောင် ဟောပြောဆွေးနွေး၊ လူတန်းစားအသိနိုးကြားလာအောင်လုပ်နိုင်ပြီး ပြည်သူ့ဘက်သားများအဖြစ်ပြောင်းလဲပေးနိုင်ရင် တော်လှန်ရေးအတွက် ပိုပြီးတောင်အကျိုးရှိပါတယ်။ 

ဒါပေမဲ့ စစ်မြေပြင်မှာ ရန်သူလက်နက်မချရင် သူသေ ကိုယ်ရှင် ရွပ်ရွပ်ချွံချွံတိုက်ဖို့ လိုပါတယ်။ နည်းနည်းမှ စိတ်ကူးယဉ်လို့ မရပါဘူး။ စစ်မြေပြင်မှာ လက်နက်ကိုင်ထားတဲ့ ရန်သူ့ပြောစကားကို ယုံစားပြီး အပစ်ရပ်ဖို့ ထိုးစစ်အရှိန်လျှော့ဖို့၊ ကမ်းလှမ်းချက်ကို ယုံစားပြီး သက်ညှာဖို့မဟုတ်ပါဘူး။ လက်နက်ချလို့ဖြစ်စေ အရှင်ဖမ်းမိလို့ဖြစ်စေ သုံ့ပန်းဖြစ်သွားရင်တော့ သုံ့ပန်းပေါ်လစီအတိုင်း ကျင့်သုံးဖို့လိုပါတယ်။ 

(၁၉၅၀-၅၃) ကိုးရီးယားစစ်ပွဲအတွင်းက တိုက်ပွဲတပွဲထဲက အကြောင်းအရာတခုကိုပြောပြပါဦးမယ်။ 

၁၉၄၅ခုနှစ်-ဂျပန်ခုခံရေးစစ်ပွဲအောင်မြင်ပြီးနောက် တရုတ်ကူမင်တန်အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီတို့အကြား တတိယအကြိမ်ပြည်တွင်း စစ်ကြီးပြန်ဖြစ်ပါတယ်။ အတော်ပြင်းထန်တာ။ ဥက္ကဋ္ဌမော်တို့အဖွဲ့က ဌာနချုပ် ယင်အန်းကတောင် ဆုတ်ပေးလိုက်ရပါတယ်။ မော်တို့ကိုယ် တိုင်က တပြည်လုံးလွတ်မြောက်ဖို့ အနည်းဆုံး(၈ နှစ်-၁၀ နှစ်) အထိကြာနိုင်တယ် လို့တွက်ထားတာပါ။

ဒါပေမဲ့ ကူမင်တန်တပ်ဟာ အမေရိကန်က ပုံအောကျားကန်ပေးထားပြီး လက်နက်အမျိုးစုံ၊ လေယာဉ်အများအပြား ဘဏ္ဍာငွေ စသဖြင့် လို လေသေးမရှိထောက်ပံ့ထားပေမယ့် ပျက်စီးခြစားမှုမျိုးစုံနဲ့ တအိအိပြိုကျသွားလိုက်တာ ၄ နှစ်ကာလ (၁၉၄၉) မှာ တိုင်းပြည်အများတကာ့အများစုကြီးလွတ်မြောက်သွားပြီး၊ နိုင်ငံတော်သစ်ထူထောင်လိုက်နိုင်ပါတယ်။ အဲဒီကာလအတွင်း မကြုံစဖူး ကိုမင်တန်တပ်တွေ တပ်ရင်းလိုက် ကွန်မြူနစ်တပ်တွေဆီ လက်နက်ချကုန်ပါတယ်။ (မှတ်ချက်။ တချို့တပ်ရင်းတွေထဲမှာလည်း ကွန်မြူနစ်မြေအောက်ရဲဘော်တွေတော့ ရှိတတ်ပါတယ်။)

အဲဒီတပ်ရင်းတွေကိုအုပ်စီးမပျက်ဒီအတိုင်းထားပြီး (တချို့တပ်ထွက်ချင်သူတွေတော့ ထွက်ခွင့်ပေးပြီး) ကွန်မြူနစ်တပ်က နိုင်ငံရေးမှူးတွေက သင်တန်းတွေလာပေးပါတယ်။ ပြီးတာနဲ့ တရုတ် လွတ်မြောက်ရေးတပ်ဖွဲ့များအဖြစ် လက်ခံဖွဲ့စည်းပေးပါတယ်။ ဒီလိုနဲ့ ဒီလိုမျိုးတပ်ဖွဲ့တွေ ကိုးရီးယားစစ်မြေပြင်ကိုပါလာပါတယ်။ ကိုရီးယားစစ်မြေပြင်ရဲ့တပ်မှူးက နာမည်ကျော် ဖုန်တက်ဝှိုင်ပါ။ (အရင် အသံထွက်နဲ့ရေးရင် ပင်တေဟူး၊)

အလွန်အရေးကြီးတဲ့ တိုက်ပွဲတပွဲတိုက်ဖို့ တပ်မှူးတွေစုဆွေးနွေးပြီး အဓိကတာဝန်ပေးဖို့ (ကူးပြောင်းလို့ခေါ်ကြတဲ့) တပ်ရင်းတရင်းကိုရွေးချယ်လိုက်ပါတယ်။ ဒီတင် အဲဒီတပ်တပ်ရင်းမှူး (ကူမင်တန်တပ်မှူးဟောင်း) က ... ကျွန်တော်တို့တပ်က ကူးပြောင်းလေ။ ဒီလောက်အရေးကြီးတဲ့ တာဝန်ကြီးကို ကျွန်တော်တို့ကိုပေးတယ် ဟုတ်လား .... လို့ မရဲတရဲပြောလာပါတယ်။ ဒီတင် စစ်ဆင်ရေးမှူးကြီးဖုန်က ... ဟာ မင်းကဘယ်လိုပြောတာလဲ။ ငါလည်း ကူးပြောင်းပဲလေကွာ ... လို့ ပြောလိုက်ပါတယ်။ ဟုတ်ပါတယ်။ ဖုန်ကိုယ်တိုင်က အရင် ကူမင်တန်တပ်ကပါ။ နောက်မှ ကွန်မြူနစ်တပ်ထဲရောက်လာတာပါ။

တပ်ရင်းမှူးလည်း ၀မ်းသာအားရနဲ့ ခြေစုံရပ် အလေးပြုလိုက်ပြီး .... စိတ်ချပါ။ ပေးတဲ့တာဝန် ကျေပွန်စေရပါမယ် ... လို့ အာမခံပြီး ကိုယ့်တပ်ရင်းကိုယ် ပြန်ပြေးပြီး စစ်ပြင်ဆင်ရပါတော့တယ်။

ဒီတိုက်ပွဲမှာ ကူမင်တန်တပ်အဟောင်းကိုပြန်သုံးမယ်ဆိုတာ ထိုင်ဝမ်က ချန်ကေရှိတ်ကြားတော့ အဲဒီတပ်ကလူတွေနဲ့ရင်းနှီးတဲ့ တပ်မှူးတွေရှာပြီး စစ်မြေပြင်ကိုလွှတ်လိုက်ပါတယ်။ (ကိုရီးယားစစ်ကို အမေရိကန်က ဦးစီးတိုက်နေပေမယ့် ထိုင်ဝမ်က စစ်ပြေး ကူမင်တန် စစ်ဗိုလ်အတော်များများလည်း အကြံပေးများအဖြစ်ပါဝင်နေတာပါ။)

မျက်နှာချင်းဆိုင်စစ်မြေပြင်ကနေ အဲဒီစစ်ဗိုလ်တွေက တဖက်က သူတို့ (ကွန်မြူနစ်တပ်ဖြစ်သွားတဲ့) သူငယ်ချင်းမိတ်ဆွေတွေကို နာမည်တွေနဲ့ ခေါပြီး ... မင်းတို့တတွေ အခု အစားဆင်းရဲ အနေဆင်းရဲနဲ့ ဘာလို့ကွန်မြူနစ်တွေရဲ့ အခိုင်းခံတွေလုပ်နေကြတာလဲ ... တို့ဆီပြန်လာပါ။ပြန်လာတဲ့လူတွေကို ဘာပေးမယ်၊ ညာပေးမယ် ... စသဖြင့် အော်လန်နဲ့ တနေကုန် ‌ေယာက်ပြီး တယောက်ဟောပြောပါတော့တယ်။ ဒီမှာတင် ဒီဖက်ကမ်းက (ကူးပြောင်း) တပ်သားလေးတယောက်က သူစကားပြန်ပြောချင်တယ်... လို့ ခွင့်တောင်းလာပါတယ်။တချို့ (ကွန် မြူနစ်တပ်မှူး) က သိတ်စိတ်မချပါဘူး။ ဒါပေမဲ့ ဖုန်က ပြောခွင့်ပြုလိုက်ပါတယ်။

တပ်သားလေးက အော်လန်ကိုင်ပြီး ပြောလိုက်ပုံကတော့ .... 
အေး ဟုတ်တယ်။ ငါတို့ဒီမှာ အနေဆင်းရဲ အစားဆင်းရဲတယ်ဆိုတာ မှန်တယ်။ တတပ်လုံး ဟိုးထိပ်ဆုံးဗိုလ်ချုပ်ကြီးကအစ အခုငါတို့ တပ် သားတွေအထိ စားတာလည်း အတူတူပဲ၊ ၀တ်တာလည်း အတူတူပဲ။ ဒါပေမဲ့ ငါတို့ဒီမှာ တခါမှ အရိုက်အနှက် အဆူအဆဲမခံရတော့ဘူး။ ငါတို့ကို တန်းတူထားဆက်ဆံတာ၊ မင်းတို့ရွှေချောင်းတွေပေးမယ်ဆိုတာ အခုမှမင်းတို့ပြောဖူးတာမဟုတ်ဘူး။ ငါတို့ကို မင်းတို့တသက်လုံး ဒီလိုပြောလာခဲ့တာပဲ။ တခါမှ မရဖူးပါဘူး။ တပ်အတွက်ထုတ်ပေးသမျှ အားလုံးမင်းတို့ထိပ်ကကောင်တွေပဲယူကြတာပဲ မဟုတ်လား။ ငါတို့မသိဘူးလို့ ထင်နေသလား။ ငါတို့ နောက်ထပ်ဘယ်တော့မှ အလိမ် မခံတော့ဘူး ... လို့အစချီပြီး သူတို့တတွေ ကူမင်တန်တပ်ထဲနေခဲ့ရစဉ်က ဘယ်လိုနေရစားခဲ့ရတယ်။ ဘယ်လိုအကြိမ်းမောင်း အရိုက်အနှက်တွေခံရတယ်။ တပ်ထဲမှာ ဘယ်လောက်ခွဲခြားဆက်ဆံခံရတယ်။ ဘယ်လိုခေါင်းပုံဖြတ်ခံရတယ်ဆိုတာတွေကို မနားတမ်းပြောချလိုက်တာလေ။ တဘက်က ကူမင်တန်စစ်ဗိုလ်လည်း ဘာမှကိုဆက်မပြောနိုင်တော့ဘဲ သူတို့ရဲ့ဟောပြောပွဲကြီးရပ်သွားပါတော့တယ်။

အဲဒီတိုက်ပွဲကြီးမှာလည်း ဒီတပ်ရင်းက ရွပ်ရွပ်ချွံချွံတိုက်ပြလိုက်လို့ အတော်အောင်မြင်သွားပါတယ်။ အဲဒီတိုက်ပွဲကြီးအတွင်း အမေရိကန်က သံချပ်ကားကားကြီးများကို ထုတ်သုံးပါတယ်။ တရုတ်ကွန်မြူနစ်တပ်က တချို့တပ်မှူးများက သံချပ်ကား ကားများကို မြင်တောင်မမြင်ဖူးဘူး။ အဲဒီမှာလည်း ကူးပြောင်းများထဲက နားလည်တဲ့သူများကပဲ အဲဒီရလာတဲ့ သံချပ်ကာကားပေါ်တက်မောင်းပြရ အမြောက်ပြောင်းနောက်ပြန်လှည့်ပြီး ပစ်ပြပေးရပါတယ်။

ဒီလိုနည်းနဲ့ကူးပြောင်းများအကူအညီနဲ့ တရုတ်လွတ်မြောက်ရေးတပ်မတော်ဟာ တိုက်ပွဲတွေမှာအောင်ပွဲတွေရခဲ့တာပါ။ ဗမာပြည်က နွေဦးတော်လှန်ရေးဟာလည်း ဒီလိုမူးစုပဲစု တူမီးစကိုင်ပြီးတိုက်လာရတာဖြစ်လေတော့ ဒီလို ငါးကြင်းဆီနဲ့ ငါးပြန်ကျော်နည်းကိုလည်း လေ့လာသင့်တယ် ထင်ပါတယ်။

လှကျော်ဇော
၁၀-၈-၂၀၂၂

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar