Breaking News

ကိုသန်းလွင် - တရုတ်ပြည်မှ ကျောင်းဆရာဘဝ

ကိုသန်းလွင် - တရုတ်ပြည်မှ ကျောင်းဆရာဘဝ
(မိုးမခ) သြဂုတ် ၁၃၊ ၂၀၂၂

(၁)   
တရုတ်ပြည်တက္ကသိုလ်များတွင် ဆရာတစ်ယောက်က မဖွယ်ရာသောအကြောင်းအရာများကို သင်ကြားနေပါသည်ဟု သက်ဆိုင်ရာကိုတိုင် ကြားခြင်းကို ကျော့ဘောင် (Jua bao) လုပ်သည်ဟု ခေါ်ပါသည်။ ရီပို့ပေးခြင်းဟု အဓိပ္ပါယ်ရပါသည်။ ဤကိစ္စများသည် အဖြစ်များသည်တော့မဟုတ်ပါ။ သို့သော်ဖြစ်နိုင်ချေရှိခြင်းကိုတော့မငြင်းနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ဆရာတစ်ယောက်ကစည်းကမ်းဖောက်ဖျက်ခြင်းမှာလက်တွေ့တွင် သက်သေပြရန် ခက်ခဲသလိုပင် အခြေအနေများမှာ အမြဲတမ်းပြောင်းလဲနေသောကြောင့်ဖြစ်ပါသည်။ တရုတ်ပြည်၏ နိုင်ငံ တော်သမိုင်းဖြစ်စဉ်တစ်ခုကိုဖြစ်စေ အပြစ်ပြောဆိုမိနိုင်ပါသည်။ ပါတီဥက္ကဌကြီး ရှီကျင်ဖျင့်နှင့်ပတ်သက်၍ ဝေဖန်ပြောဆိုစရာအချက်များမှာ များလှပါသည်။ ၂၀၁၉ ခုနှစ်က ချုံချင်းတက္ကသိုလ်တွင် စာပေအနုပညာဆရာ တန်ရွန်း (Tan Yun) က ရှီ၏အဆိုတခုနှင့်ပတ်သက်၍ လက်လွတ်စပ္ပါယ်ပြောဆိုလိုက်ပါသည်။ ကျောင်းသားတစ်ယောက်က ကျော့ဘောင်လုပ်လိုက်သောအခါ ၎င်းဆရာမှာ စာကြည့်တိုက်သု့ိ ပြောင်းရွှေ့ခံလိုက်ရပါသည်။ 

အချို့မှာ သင်ကြားမှုအထောက်အကူပစ္စည်းများနှင့် (Teaching material) များနှင့်ပါတ်သက်ပါသည်။ ကျော်ကြားသောအစိုးရကိုဝေဖန်သူ အိုင်ဝေေ၀ (Ai Weiwei) နှင့်တရုတ်ပြည်၏ တရားရေးဌာနတို့ ရင်ဆိုင်တွေ့ ကြသည်။ ၎င်းကို ဗီဒီယိုရိုက်ထားရာ ဥပဒေပရော်ဖက်ဆာတစ်ယောက်ကအသုံးပြုခဲ့သည်။ အသုံးပြုခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပါပြီ။ ဘာပြဿနာမှ မတက်ခဲ့ပါ။ သို့သော်ကျောင်းသားတယောက်က ကျော့ဘောင်လုပ်လိုက်သောအခါ ရက်သတ္တတစ်ပတ်အတွင်း သူ့ကိုနောက်ထပ် ဆရာတယောက်နှင့် အစားထိုးခန့်အပ်လိုက်ပါသည်။

(၂)
အချို့ကိစ္စများမှာ ဆိုရှယ်မီဒီယာများတွင်ဝေဖန်ခံရပါက အရေးယူရန် ကြာတတ်ကြပါသည်။ အမေရိကန် စိတ်ကူးယဉ်မဟုတ်သော စာ (Non fiction) စာရေးဆရာ ဟပ်စလာ (Peter Hessler) ၏ဖြစ်ရပ်မှာ လေ့လာဆင်ခြင်စရာတွေပါ ပါသည်။ ၂၀၁၉ ခုဒီဇင်ဘာ လလယ်လောက်တွင် သူ၏ဇနီးဖြစ်သူထံမှ သူ့အကြောင်း တွစ်တာတွင် ရေးသားထားကြောင်းပြောလာပါသည်။ “အမေရိကန်လူမျိုး၊ စာရေးဆရာနှင့် ဂျာနယ်လစ်တရုတ်အမည် ဟိုေ၀ (Ho Wei) သည် တရုတ်ပြည်သို့မိသားစုနှင့်အတူ ၂၀၁၉ ခုသြဂုတ်လတွင် ပြောင်းလာခဲ့သည်။ စိတ်ကူးယဉ်မဟုတ်သောစာရေးနည်းအကြောင်း သင်ကြားသူသည် စီချွန်း (Sichuan) တက္ကသိုလ်တွင်သူ၏အပြုအမူ၊ အပြောအဆိုနှင့်ပတ်သက်၍ ရီပို့ပေးခံရသည်” ဟူ၍ဖြစ်ပါသည်။

တွစ်တာကိုရေးသားသူမှာ အမေရိကန်နိုင်ငံရှိ တရုတ်လူမျိုး ပညာတတ်တယောက်ဖြစ်ပါသည်။ ထိုရေးသားချက်နှင့်ပတ်သက်၍ သူ့ကိုသူ့မိန်းမကသတိပေးခြင်းဖြစ်ပါသည်။ စာသင်ရသည်မှာ ဂျော့အိုဝဲ၏ “Animal firm” နှင့် “1984” စသောဝတ္တုများပါဝင်ပါသည်။ အာဏာရှင် စနစ်ကို သရော်သောဝတ္တုများဖြစ်ရာ ထိုအကြောင်းကို အာဏာရှင်တို့၏လုပ်ရပ်များမပါဝင်အောင် သင်ကြားရသည်မှာ မလွယ်ကူပါ။

တနေ့သောအခါ သူအတန်းထဲမှာရှိစဉ် ကျောင်းသူတယောက်က “ဆရာဒီဟာတွေ့ပြီးပြီလား” ဟုဆိုခါ “ဝေဘို” ပို့စ်တခုကိုပြပါသည်။ ဝေဘို မှာတရုတ်ပြည်သားများသုံးသော တွစ်တာပုံစံ ဝက်ဆိုက်ဖြစ်ပါသည်။” ဟို‌ေ၀က ကျွန်တော်တို့တက္ကသိုလ်မှာစာသင်နေတာကိုက တိုင်းပြည်ကို ပုန်ကန်ရာရောက်နေတယ်” ဟူသောပို့စ် ဖြစ်ပါသည်။ “ဒါကတခြားစာသင်ခန်းကလူက ရေးတာပါ အရေးမကြီးပါဘူး” ဟူ၍ဆရာကပြန်ပြောပါသည်။ ပြောလက်စ စကားကိုဖြတ်၍ အတန်းထဲမှနောက်တယောက်ကို စာဖတ်ခိုင်းလိုက်ရပါသည်။ ကျောင်းသားများစွာတို့က ကျော့ဘောင်ကိုမနှစ်သက်ကြကြောင်းပြောကြပါသည်။ “ ဟိုဝေက သူ့ကိုယ်သူဆရာကြီးလို့မှတ်ယူနေတယ်၊ သူ့ကိုမထိနိုင်ဘူးပေါ့။ သူ့ဟာသူသွားတော့မှာပါ” ဟု ဝေဘိုတွင် တယောက်ကရေးသည်။ 

သူသည် ၁၉၉၆ ခုနှစ်ကလည်းစီချွမ်း (Sichuan) နယ်ကိုရောက်ခဲ့ဘူးသည်။ ထိုစဉ်က ဖူလင်း (Fuling) ဆိုသောရွာကလေးကိုရောက်ခဲ့ပါသည်။ ယန်စီမြစ်၏ မြစ်ဖျားဒေသပိုင်းဖြစ်၍ တောအလွန်ကျသည်။ သူသည် အင်္ဂလိပ်စာပေ (English Literature) ကိုသင်ကြားရသည်။ ကျောင်းသားအများစုမှာ တောမှာမွေး၍ လယ်တောထဲတွင် ကြီးခဲ့ကြသူများဖြစ်ကြပါသည်။ သူတို့လောကတွင် ပထမဆုံး အဆင်မြင့်ပညာတွေကိုသင်ကြားရသူများ ဖြစ်သည်။ ကျောင်းသားအများစုမှာရှက်တတ်ကြပြီးငြိမ်သက်ခါရိုးရိုးသားသားတွေးခေါ်တတ်ကြပါသည်။ စာသင်  ခန်းတွင်ကျော်ကြားသောပုဂ္ဂိုလ်များအကြောင်းရေးကြသောအခါထုံးစံအတိုင်း မော်စီတုံးအကြောင်းပါသည်။  

“ယဉ်ကျေးမှုတော်လှန်ရေးအတွက် မော်စီတုံးမှာတာဝန်ရှိသည်မှန်သော်လည်း သူ၏ အောင်မြင်မှုများကို လစ်လျူရှု၍မရ၊ မည်သည့်ရွှေမျှ ရာနှုံး ပြည့်ဝသည်မဟုတ်၊ လူတွင်စင်းလုံးချောဟူ၍မရှိ” 

တကယ်စစ်စစ် သူ့တို့ အသက်အပိုင်းအခြားမှာ တင်ရှောက်ပင်နှင့် ပို၍ရင်းနှီးသင့်သည်။ ၁၉၇၇ ခုနှစ်တွင် သူလုပ်ခဲ့သောပြုပြင်မှုများ (Reform and opening) ကြောင့် တရုတ်ပြည်တွင်လူဦးရေ သန်း ၈၀၀ ကျော်မျှ ဆင်းရဲတွင်းမှ လွတ်ကင်းခဲ့ကြရပါသည်။ လူများစွာမှာ မြို့နေ လူတန်းစားများဖြစ်လာကြပြီးကျောင်းသားအများစုမှာလည်း အလယ်အလတ်တန်းစားများ ဖြစ်လာကြပါသည်။ သူတို့သည် မိသားစုတခုလျှင် သားသမီးတစ်ဦးသာရှိရမည့် “one child policy” ပေါ်လစီ၏ အရင်ကျသော လူတန်းစားဖြစ်ပါသည်။ ထိုကျောင်းသားများခေတ်တွင် ရှီကျင့်ဖျင် အာဏာရလာခဲ့ပြီး ယခင်က မော်စီတုံးနည်းတူ အင်ပါယာပိုင်ရှင်ကြီးဖြစ်လာခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် သမ္မတသက်တမ်း ၂ ခုသာနေခွင့်ရှိသည့်မူကိုဖျက်သိမ်းပြီးတသက်လုံး သမ္မတအဖြစ်နေသွားရန်စီစဉ်ခဲ့ပါသည်။ ထိုခေတ်တွင် လူဖြစ်လာသူများကို ပန်းရောင်လူသား (little pink) ဟုခေါ်သည်။

နောက်တစ်နေ့တွင် ဆီချွမ်းတက္ကသိုလ်မှ အုပ်ချုပ်ရေးမှူး (Dean) ကတွေ့လိုသည်ဟု သူတို့တက္ကသိုလ်မှအုပ်ချုပ်ရေးမှူးမှ ဖုန်းဆက်လာပါသည်။ သူကမိခင်တက္ကသိုလ် ပစ်စဘတ် (Pittsburg) မှဖြစ်ပါသည်။ တရုတ်တက္ကသိုလ်များတွင် အင်ဂျင်နီယာကျောင်းသားများသည်အင်္ဂလိပ်စာသင်ကြား၍ ပစ်စဘတ်တက္ကသိုလ် (သို့မဟုတ်) အခြားတက္ကသိုလ်များတွင်ဆက်လက်သင်ကြားရန် လျှောက်ထားနိုင်ကြပါသည်။ 

ယခင် ၁၉၉၀ ခုနှစ်များက ဤအရပ်ဒေသမှ ကျောင်းသားများသည်နိုင်ငံခြားသို့သွားရန်၊ အမေရိကန်သို့ သွားရန်ဆန္ဒမရှိကြပါ။ ယခုအခါ ဖူလင်းသင်တန်းတွင်လူ ၂၀၀ မျှရှိရာသုံးပုံနှစ်ပုံသော ကျောင်းသားများမှာပတ်စ ပို့ များကိုင် ဆောင်ထားကြပါသည်။ ၂၀၁၉ ခုနှစ်သို့ရောက်သောအခါ အမေရိကန်ပြည်တွင် သင်ကြားနေသော ကျောင်းသား ပေါင်း ၃၇၂,၀၀၀ ကျော်ရှိလာပါသည်။ 

အင်္ဂလိပ်စာသင်ကြားရာတွင် “Three Gorge project  ခေါ်မြစ်ကျဉ်းးသုံးခု ပါဝင်သောရေကာတာသည် တိုင်းပြည်အတွက်အသုံးဝင်သည် “ ဟူသောစာတမ်းပါဝင်ပါသည်။ ထိုပရောဂျက်၏ ဆိုးကျိုးများမှာ ရေကြီးလျင် ယဉ်ကျေးမှုအမွေအနှစ်များ ပပျောက်ရခြင်း၊ မြေငလျင်လှုပ် ၍ ဆည်ကျိုးပေါက်လျင် ဖြစ်ပေါ်လာမည့်ဆိုးကျိုးများမှာ မခန့်မှန်းနိုင်ပါ။ အချို့ကလည်း “အစာနင်မှာ စိုးသည်နှင့်အစာစားခြင်းကိုမစွန့်ပစ်နိုင် ” ဟူသောအယူအဆမျိုး ရှိကြပါသည်။ မြစ်ကျဉ်း ၃ ခု ဆည်၏အကြောင်းကိုအစိုးရကိုမဝေဖန်ဘဲသင်ကြားပေးရန်မှာ မလွယ်ကူလှပါ။ ဖူလင်း မှာရေကြီးလျင် ဆိုးကျိုးများကို တိုက်ရိုက်ခံစားရသည့်နယ်များတွင် အပါအဝင်ဖြစ်ပါသည်။ ထို့ပြင် တရုတ်အစိုးရကိုဝေဖန်ကြရာတွင် ဇင်ဂျင်း (Xinjiang) နယ်မှ အကျဉ်းစခမ်းလို အလုပ်ဌာန (Labour Camp) များနှင့် နောက်တစ်ခုမှာ တိုင်ဝမ်အရေးပင်ဖြစ်ပါသည်။

(၃)
၂၀၂၁ ခုနှစ်ဧပြီလတွင် အုပ်ချုပ်ရေးမှူး အမေရိကန်ပြည်မှနေ၍ သူ၏ ကန်ထရိုက်ကို အသစ်ထပ်မလုပ်ပေးတော့ဘူး အီးမေးလ် ပို့လာပါသည်။ သူ့ကိုအစားထိုးရန် လူလည်းရှာပြီးပြီဟု ပြောပါသည်။ ထိုဆရာသည် ဤအီးမေးလ်ကိုရခြင်းအတွက် အံ့သြခြင်းမဖြစ်မိတော့ပါ။ ဘယ်သူနှင့် အစားထိုးမှာလဲဟု စုံစမ်းကြည့်တော့လည်း မည်သူမျှမရှိပါ။

ဆီချွမ်းတက္ကသိုလ်တွင် Common Sense စာစောင်ကို ၂၀၁၀ ခုနှစ်မှစ၍ စတင်ထုတ်ဝေခဲ့ပါသည်။  (Thomas Paine) ရေးခဲ့သည့်စာအုပ်မှခေါင်းစဉ်ကိုတိုက်ရိုက်ကူးယူထားခဲ့ခြင်း ဖြစ်ပါသည်။ ကျောင်းသားများကိုယ်တိုင်တည်းဖြတ်၍ တက္ကသိုလ်လောကတွင်ဖြစ်ပျက်သမျှအ ကြောင်းအရာများကိုရေးသားပါသည်။ ကျောင်းသားတစ်ဦးသေဆုံးသည့်ကိစ္စနှင့်ပတ်သက်၍ ကျောင်းအာဏာပိုင်များကို တရားစွဲခြင်း၊ ကျောင်းမှအရောင်းဆိုင်တွင် အရည်အသွေးမပြည့်မီသည့် အစားအသောက်မျာကိုရောင်းချသည့်ကိစ္စစသည့်ဖြစ်ရပ်များကို ဝေဖန်ရေးသားလေ့ရှိပါသည်။ သူတို့အားလုံးသည် ဆရာ၏သင်တန်းသားဖြစ်ကြပါသည်။ 

အယ်ဒီတာအဖွဲ့မှ လူ၂၀ ခန့်ရှိပြီး မိန်းကလေးများစွာပါဝင်ပါသည်။ သူတို့နှင့်တွေ့သောအခါ ကျောင်းသားများ၏လက်ရှိအခြေအနေကို သုံးသပ်တတ်ခြင်းအတွက် အားရကျေနပ်ကြောင်းမိပြောပါသည်။ ၎င်းတို့သည် အနာဂါတ် အတွက်မည်သို့အဓိပ္ပါယ်ဆောင်မည်မသိဘူးဟု ပြောပါသည်။ “စနစ်ကြီးက ပြောင်းလဲသွားမလား ကျောင်းသားတွေက လိုက်လျောညီထွေဖြစ်အောင်နေသွားကြမည်လား“ ဆိုသည်မှာ စဉ်းစား စရာဖြစ်ပါသည်။ “ကျွန်တော်တို့အားလုံးဟာ စနစ်နဲ့အညီနေရမှာဘဲ ဒီလိုနဲ့ဘဲမေ့ပစ်တတ်ကြရမှာပါ” ဟု တစ်ယောက်က ပြော သည်။ သူတို့အထဲမှ အငယ်ဆုံးကလေးမလေးက “ကျွန်မတို့ ဒါကိုပြောင်းလဲပစ်ရမှာပါ “ ဟု ပြောပါသည်။

ကိုသန်းလွင်
Ref: Bitter Education, By Peter Hessler, New Yorker, May 16 2022


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar