Breaking News

လှကျော်ဇော - ဖေဖေနဲ့ ဦးလေး(ဗန်းမော်)တင်အောင်

ပန်းချီ M Soe Lwin



လှကျော်ဇော - ဖေဖေနဲ့ ဦးလေး(ဗန်းမော်)တင်အောင်

ပြည်သူ့စာဆိုကြီး ဗန်းမောင်တင်အောင် ရာပြည့် အမှတ်တရ
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၉


အန်ကယ်လို့မခေါ်ပါနဲ့ကွယ်။ ဦးလေးလို့ခေါ်ပေါ့။

အန်ကယ်အန်တီအခေါ်လေ့တဲ့ ကျွန်မတို့မောင်နှမတွေကို ဦးလေးဦးတင်အောင် သင်ပေးပြင်ပေးခဲ့ချိန်ကပါ။

၁၉၅၇-၁၉၆၂ ကာလများမှာ ဖေဖေက ဆရာကြီးမှိုင်းရဲ့ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှာ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၅၇ ဖေဖေ တပ်မတော်မှ အငြိမ်းစားယူရပြီးနောက် ပထမဆုံးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တယောက်က ဖေဖေကို ပြည်တွင်းစစ်ရပ်စဲရေးနဲ့ပတ်သက်တဲ့ သဘောထားကို မေးမြန်းလာလို့ ဖေဖေက သီးခြားထုတ်ပါ့မယ်လို့ပြောလိုက်ပြီး နိုင်ငံရေး စီးပွားရေးစတဲ့ ဘက်စုံပြဿနာတွေကို အကျယ်တဝင့် အချိန်ယူ လေ့လာပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်တဲ့သဘောထားဆိုပြီး စာတမ်းတစောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစာတမ်းရေးဖို့ ဖေဖေက ပြည်တွင်းစစ်ပြဿနာကို အသေးစိတ်လေ့လာတဲ့အခါ ပြည်တွင်းစစ်ရှည်ကြာလေလေ ပြည်သူတွေရဲ့ဆင်းရဲဒုက္ခ ကြီးလေလေဆိုတာကို မြင်လာလို့ ပြည်တွင်းစစ်ကြီးရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရရေးဟာ တိုင်းပြည်ရဲ့သော့ချက်ဆိုတာ မြင်လာတယ်လို့ ဖေဖေက သူ့စာအုပ်မှာရေးဖူးပါတယ်။ ဒါ့ကြောင့် အဲဒီတုန်းကရှိနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးရှစ်ဦးကော်မတီအဖွဲ့ဝင်တချို့နဲ့ ပူးပေါင်းလှုပ်ရှားမှုတွေလုပ်ခဲ့ပါတယ်။

အဲဒီအစောပိုင်းကာလတွေမှာ ကျွန်မတို့အိမ် ဝင်ထွက်နေတဲ့ ဖေဖေ့မိတ်ဆွေကြီးများကို ကျွန်မတို့မောင်နှမတတွေက အန်ကယ်ဦးထွန်းတင် (လွှတ်တော်ရှေ့နေကြီးဦးထွန်းတင်) ၊ အန်ကယ်ဦးအောင်ဇေ (တော်ဘုရားလေး)စသဖြင့် အန်ကယ် တပ် ခေါ်ဆိုကြပါတယ်။ အဲဒီနောက်မှသိလာရတဲ့ စာရေးဆရာကြီးဗန်းမော်တင်အောင်က သူ့ကိုဦးလေးလို့ခေါ်ဖို့ပြောလာလို့ ဒီနောက်ပိုင်းသိလာရတဲ့ ဖေဖေရဲဘော်မိတ်ဆွ လုပ်ဖော်ကိုင်ဖက်တွေကို ဦးလေးလို့ခေါ်လာရပါတယ်။ ဒါနဲ့ပဲ ဦးလေးဦးတင်အောင်တို့၊ ဦးလေးကိုတင်ရွှေ(မုံရွာဦးတင်ရွှေ)တို့၊ ဦးလေးကိုအံ့မောင်(မုံရွာဦးအံ့မောင်)တို့ ဖြစ်လာတာပါ။ (ဒိအရင်ကတော့ ဦးလေးဒေါ်လေးဆိုတဲ့အခေါ်တွေကို ဆွေမျိုးရင်းချာတွေကိုသာ ခေါ်ခဲ့ပါတယ်။)

၁၉၆၀ခုနှစ် သန့်ရှင်းဦးနုအစိုးရတက်လာပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ ပြန်လည် အသက်ဝင်လာပါတယ်။ ဒါ့အပြင် အဲဒီကာလက ထပ်ပေါ်ပေါက်ခဲ့တဲ့ (အမေရိကန် စီ-အိုင်-အေအကူအညီနဲ့) တရုတ်ဖြူကျူးကျာ်မှုဆန့်ကျင်ရေး လှုပ်ရှားမှုကိုလည်း ဖေဖေတို့တတွေ အားလုံးအတူပူးပေါင်းလှုပ်ရှားခဲ့ကြပါတယ်။ ထိုလုပ်ငန်းနှစ်ရပ်ဟာလည်း နိုင်ငံရေးအရဆက်စပ်နေပါတယ်။

၁၉၆၀-၆၁ ခုနှစ် တောက်လျှောက် တနိုင်ငံလုံးအနှံ့ ဖေဖေတို့ ငြိမ်းချမ်းရေးတရားတွေ နယ်ချဲ့ဆန့်ကျင်ရေးတရားတွေ ဟောပြောကြပါတယ်။ အဲဒီခရီးတွေကို အသက်အရွယ်ကြီးရင့်လာပြီးဖြစ်တဲ့ ဆရာကြီးမှိုင်းကိုယ်စား ဖေဖေပဲဒိုင်ခံဦးစီးပြီး ကျန်အဖွဲ့ဝင်များ အလှည့်ကျပါဝင်ပြီးသွားခဲ့ကြပါတယ်။ အဲဒီခရီးစဉ်တွေမှာ အများစုပါဝင်လေ့ရှိတဲ့ ဦးလေးဦးတင်အောင်နဲ့ ဖေဖေရင်းနှီးသွားပုံရပါတယ်။

ဦးလေးက ဖေဖေကို ပုဂွိုလ်ချင်းမသိခင်ကတည်းက လေးစားခဲ့ပုံရပါတယ်။ သူ့သားတယောက်ကို ကျော်ဇောအောင်လို့ နာမည်ပေးထားတာပါ။ ဒါ့အပြင် ဦးလေးရေးသားထုတ်ဝေခဲ့တဲ့ ကိုလိုနီခေတ်မြန်မာသမိုင်းစာအုပ်ရဲ့အမှာစာမှာ ဖေဖေကို စစ်သူကြီးမဟာဗန္ခွုလ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့အတူ ဂုဏ်ပြုရည်ညွှန်းထားတာတွေ့ရပါတယ်။ဖေဖေကတော့ ဦးလေးဦးတင်အောင်ကို လွမ်းဆွတ်သတိရစွာနဲ့ သူ့စာအုပ်မှာ တရင်းတနှီး ခရီးအတူသွားစဉ်ကအဖြစ်အပျက်တွေ ရေးထားတာတွေ့ရပါတယ်။

ဖေဖေရေးထားတာလေးကိုကြည့်ပါဦး။

ကျွန်တော် သူ့အပေါ်သတိပြုချက်မှာ တိုင်းပြည်နှင့်ပြည်သူအပေါ် များစွာချစ်မြတ်နိုးပြီး သူ့ဆောင်ပုဒ်ဖြစ်သော မိမိခေတ်မှာ မိမိပုခုံးပေါ်ကျလာတဲ့တာဝန်တွေကို ကျေပွန်အောင် လုပ်ဆောင်ရေးကို များစွာအလေးထားပြီး အမှုကိစ္စတွေ တာဝန်တွေကို ကြိုးကြိုးစားစားဆောင်ရွက်ပုံကို တွေ့ရသည်။ ပင်ကိုယ်စိတ်နေစိတ်ထားကလည်း အလွန် ကောင်းမွန်ုပြီး ကျွန်တော့်အပေါ် အလွန်ညှာတာ လေးစားဦးစားပေးဆက်ဆံတာတွေကို ခရီးသွားစဉ်တလျှောက်လုံး တွေ့ခဲ့ရသည် ... တဲ့။
(ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော။ကိုယ်တိုင်ရေးအတ္ထုပွတ္တိ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့။ ယဉ်မျိုးစာပေ။နှာ၂၇၃)

ဖေဖေကလည်း ဦးလေးအပေါ် လေးစားညှာတာပုံရပါတယ်။ တခါက ဖေဖေတို့ မော်လမြိုင်ကအပြန် ရလာတဲ့လက်ဆောင် သစ်သီးခြင်းတွေအကြောင်းပြောပြပါဦးမယ်။ အဲဒီအခေါက် ဖေဖေတို့ မော်လမြိုင်ဘက် ငြိမ်းချမ်းရေးခရီးထွက်စဉ်က ဦးလေးဦးတင်အောင်နဲ့ အန်ကယ်ဦးအောင်ဇေတို့ ပါသွားပါတယ်။ အပြန်မှာ မော်လမြိုင်မှာ ဒူးရင်းခြံတွေ၊ မင်းဂွတ်သီးခြံတွေပိုင်တဲ့ ဖေဖေမိတ်ဆွေ(စစ်ဗိုလ်ဟောင်းတဦး)က ခြင်းတွေနဲ့သစ်သီးတွေ ထည့်ပေးလိုက်ပါတယ်။ ကျွန်မတို့ဆီဆုံလမ်းအိမ်ပြန်ရောက်တော့ အန်ကယ်ဦးအောင်ဇေက သစ်သီးတွေကို ဝေငှခွဲဝေပါတယ်။ ဖေဖေကို အဓိကဦးတည်ပေးလိုက်တာဖြစ်တော့ ကျွန်မတို့အတွက် ဝေပုံက အတော်များနေပါတယ်။ ဖေဖေက မေမေကိုလက်တို့ပြီး ဦးလေးဦးတင်အောင်ကို ထပ်ထည့်ပေးခိုင်းပါတယ်။ ရလာတဲ့အသီးတွေကို သူ့လွယ်အိတ်ထဲထည့်၊ မေမေထုပ်ပေးတဲ့ဆွဲခြင်းလေးဆွဲပြီး၊ သုတ်ပြန်သွားတဲ့ ဦးလေးရဲ့နောက်ကျောကို ဖေဖေက ရီရီဝေဝေငေးကြည့်နေတာ တွေ့ခဲ့ရဘူးပါတယ်။

ဒါကြောင့်ပဲထင်ပါရဲ့။ဖေဖေကသူ့စာအုပ်ထဲဦးလေးအကြောင်းတွေရေးရာမှာ---

 အလွန်ကျော်ကြားသည့်စာရေးဆရာကြီးဖြစ်သော်လည်း စာပေရေးသားခြင်းထက် နိုင်ငံရေးတာဝန်တွေကိုမပျက်မကွက် ဦးလည်မသုန်ဆောင်ရွက်ခဲ့သည့်သူတဦးလည်း ဖြစ်သည်။ ထိုနိုင်ငံရေးယုံကြည်ချက်ဖြင့် ပြည်သူ့ဘက်က ရပ်တည်ပြီးရေးသားမှုများကြောင့် အကြိ်မ်ကြိမ်ဖမ်းဆီးထောင်ချ နောက်ဆုံးကိုးကိုးကျွန်းသို့ပင် ပို့အကျဉ်းချခြင်းခံရပေသည်။ စီးပွားရေးအရလည်း ခက်ခဲကျပ်တည်းပုံရပါသည်။

လို့လည်းရေးထားပါတယ်။

ဒါ့အပြင် ဦးလေးရဲ့ သမိုင်းဆိုင်ရာစာအုပ်များအပေါ် တချို့လူတွေကဝေဖန်လာတဲ့အခါ ဖေဖေကပဲ သူ့အမြင်ဖြစ်တဲ့ ဦးတင်အောင်လို လက်ဝဲနိုင်ငံရေးသမားကြီးက ရေးတာဖြစ်လို့ ထူးခြားတဲ့နိုင်ငံရေးအမြင်တွေ ပါနိုင်တယ်။ သမိုင်းပညာအနေနဲ့ ပိုပြီးတော့တောင် ကြွယ်ဝလာနိုင်တယ်ဆိုတာကို ပြောဆိုကာကွယ်ပေးခဲ့ဖူးပါတယ်။ တကယ်လည်းဦးလေးရဲ့သမိုင်းဆိုင်ရာအမြင်တွေဟာ သစ်ဆန်းနေပါတယ်။

ဦးလေးကွယ်လွန်တာ နှစ်(၂၀)မြောက် ၁၉၉၈က ပြည်သူ့ဘက်တော်သားများ စာပေက အထိမ်းအမှတ်စာအုပ်ထုတ်တုန်းကလည်း ဖေဖေက ဦးလေးအတွက်အမှတ်တရဆောင်းပါးတစောင် ရေးပေးဖူးပါတယ်။

၁၉၆၃ ငြိ်မ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်သွားပြီးနောက် ဦးလေးအဖမ်းခံသွားရပြီး ကိုးကိုးကျွန်းအထိ ပါသွားပါတော့တယ်။ ၁၉၇၃-၇၄ ကျွန်းကလွတ်လာမှ ဦးလေးနဲ့ ပြန်အဆက်အသွယ်ရပါတော့တယ်။

ဦးလေးပြန်မလွတ်ခင်ကတည်းက ဦးလေးဇနီးဒေါ်ဒေါ်-ဒေါ်ခင်ဦးနဲ့ ကျွန်မက ရင်းနှီးသွားခဲ့ပါတယ်။ ၁၉၇၂ ခုနှစ် ကျွန်မအရှေ့ပိုင်းဆေးရုံမှာ လက်ထောက်ဆရာဝန်အဖြစ် အလုပ်လုပ်နေစဉ်က ကျွန်မနဲ့အတူနေ ဒေါ်ဒေါ်-ဒေါ်ခင်မျိုးညွန့် (ဗိုလ်မှူးချစ်ကောင်းဇနီး) ကတဆင့် သိခဲ့ရတာပါ။ ဒီအမျိုးူသမီးကြီးနှစ်ယောက်ဟာ အတော် ရင်းနှီးခင်မင်တာတွေ့ရပါတယ်။ ဒေါ်ဒေါ်-ဒေါ်ခင်မျိုးညွန့် သမီးအငယ်ဆုံးလေး မေထွန်းမွေးစဉ်က ဒေါ်ခင်ဦးအိမ်မှာ လာမွေးပေးတာဖြစ်ကြောင်းသိရပါတယ်။

အဲဒီတုန်းက ဒေါ်ဒေါ်-ဒေါ်ခင်ဦးခမျာ အတော်ရုန်းကန်နေရပုံရပါတယ်။ ဒါတောင် ဦးလေးစာအုပ်တွေထုတ်ပေးခဲ့တဲ့ စာအုပ်တိုက်တွေက တတ်နိုင်သမျှဝိုင်းဝန်းကူညီမှုတွေ တစုံတရာရှိလို့ ကျေးဇူးတင်ရပါတယ်လို့ပြောရှာသေးတယ်တဲ့။

ဦးလေးဦးတင်အောင်တို့ဇနီးမောင်နှံမှာ သမီးလေးတယောက်က အပူကြီးအဖျားတက်ပြီး နားလေးသွားရာက ဆွံ့လည်း သွားရှာပါတယ်။ ဦးလေးရဲ့အမေဖြစ်သူ ဘွားအေကြီးက ဒုက္ခိတမြေးလေးကို အသနားပိုရာက အလိုလိုက်လွန်းတော့ သမီးလေးအရွယ်ရောက်လာချိန်မှာ ပြဿနာတွေတက်လာဟန်ရှိပါတယ်။

အဲဒီကိစ္စတွေရော၊ မမာရေးမချာရေးကိစ္စတွေရော ဒေါ်ဒေါ်ဒေါ်ခင်ဦးက ကျွန်မအိမ်မှာနေထိုင်နေတဲ့ဒေါ်ဒေါ်-ဒေါ်ခင်မျိုးညွန့်ဆီ လာရင်ဖွင့်တတ်၊အကူအညီတောင်းတတ်ပါတယ်။

အဲဒီကာလကဒေါ်ဒေါ်-ဒေါ်ခင်ဦးက အသက်၄၀ကျော်၅၀ ဝန်းကျင်ဆိုတော့ အမျိုးသမီးများသဘာဝ သွေးဆုံးကိုင်တဲ့ လက္ခဏာတွေကလည်းပေါ်နေပါတယ်။

ဦးလေး ကိုးကိုးကျွန်းကပြန်ရောက်တော့ ကျန်းမာရေးကအတော်ဆိုးနေပါပြီ။ ဒီတော့ ကျွန်မအလုပ်လုပ်နေတဲ့ အရှေ့ပိုင်းဆေးရုံ အတွင်းလူနာဆောင်မှာ တက်ပြီးဆေးစစ်တာတွေလုပ်ဆောင်ပြီး လိုအပ်တဲ့ ဆေးကုကမှုကိုခံယူပါတယ်။ အဲဒီကိုးကိုးကျွန်းပြန် သူရဲကောင်းကြီးများကို ဒေါ်ဒေါ်-ဒေါ်ခင်မျိုးညွန့်က ဒိုင်ခံပြီး ဆေးကုသရေးကိုလုပ်ဆောင်တာပါ။

အရှေ့ပိုင်းဆေးရုံကြီးက အချက်အလက်အရ ရန်ကုန်ဆေးရုံကြီးလောက် အဆင့် မမြင့်ပေမယ့် အားသာချက်တွေလည်းရှိပါတယ်။ရန်ကုန်ဆေးရုံကြီးမှာ မရှိတဲ့သားဖွားဆောင်ရော၊ ကလေးလူနာဆောင်ရော ရှိပါတယ်။ ဒါ့အပြင် အဲဒီကာလ(မဆလခေတ်)က အခမဲ့ဆေးဝါးကုသရေးစနစ် ဖြစ်တာကြောင့် ကျွန်မအရှေ့ပိုင်းဆေးရုံကအိမ်ခန်းလေးဟာ အမြဲလူစည်နေတတ်ပါတယ်။

မဆလခေတ်မှာ ဆိုရှယ်လစ်စနစ်ကို အပေါ်ယံသဏ္ဌာန်အရဖြစ်စေ လုပ်ပြထားရတာမို့ သတိတရဖြစ်စရာ ကတော့ အခမဲ့ပညာရေးစနစ်နဲ့ အခမဲ့ဆေးဝါးကုသမှုစနစ်ဖြစ်ပါတယ်။ဒါကြောင့်ပဲ မဆလ ရဲ့အစောပိုင်းကာလတွေမှာ လူအတော်များများက မဆလကိုထောက်ခံခဲ့ဖူးပါတယ်။ဒါပေမဲ့ ဒီစနစ်တွေကိုရေရှည်ခံအောင်မလုပ်နိုင်ခဲ့ပါဘူး။အခြေခံစေတနာကို က အပေါ်ယံသဏ္ဌာန်လုပ်ပြဖို့သာဖြစ်လို့ပါ။ ဆိုရှယ်လစ်--ဆိုတဲ့ လူအများကြိုက်စကားလုံးကို အသုံးပြုဖို့သာရည်ရွယ်ခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ဒီမဆလရဲ့အခမဲ့ဆေးဝါးကုသမှုကြောင့် လူနာအများအပြားကို စိတ်ကြိုက်ကူညီကုသပေးနိုင်ခဲ့ပါတယ်။ ဒီအထဲမှာ ၁၉၇၃-၇၄ခုနှစ် အတွင်း တသုတ်ပြီးတသုတ် ထောင်တို့ ကိုးကိုးကျွန်းတို့ကလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသမားများ ပါခဲ့ပါတယ်။

ဒီနိုင်ငံရေးသမားကြီးများဟာ ကျွန်မနဲ့ အတူနေ ဒေါ်ဒေါ်- ဒေါ်ခင်မျိုးညွန့်ကတဆင့် ကျွန်မဆီရောက်လာကြပြီး တချို့အသက်အရွယ်ကြီးရင့်သူများကို ဆေးရုံတင်တန်သူ ဆေးရုံတက်၊ တချို့အပြင်ဆေးခန်းက လိုအပ်တာတွေ လုပ်ဆောင်ပေးစသဖြင့် အရှေ့ပိုင်းဆေးရုံကြီးမှာ လာရောက် ကုသကြရပါတယ်။

ထိုစဉ်က ကျွန်မက အရှေ့ပိုင်းဆေးရုံကြီးအတွင်းလူနာဆောင်မှာ ဆရာကြီး ဦးစောမရအောင်(နောင် ရခိုင် NLD)ရဲ့လက်ထောက်ဆရာဝန်အဖြစ်တာဝန်ထမ်း ဆောင်နေ တာပါ။ ဒါ့ကြောင့် ဆေးရုံတင်စစ်ဆေးဖို့ လိုအပ်သူများအားလုံးကိ်ု အဲဒီအဆောင်မှာပဲ တက်ရောက်နိုင်ခဲ့ပါတယ်။

ကျွန်မတို့အဆောင်မှာ အလုပ်သင်ဆရာဝန်ကလေးများလည်းရှိပါတယ်။ ဆံပင်ရှည် ဘောင်းဘီချက်ပြုတ်နဲ့မို့ ကျွန်မက လမ်းသူရဲသာသာလို့ပဲ သဘောထားမိ ပါတယ်။ ကျွန်မ အထင်နဲ့အမြင်လွဲပါတယ်။အဲဒီဆရာဝန်လေးတွေက ကိုးကိုးကျွန်းပြန် သူရဲ ကောင်းကြီး များအပေါ် ထားရှိတဲ့ လေးစားမှု စေတနာနဲ့ ဂရုတစိုက်ရှိမှုတွေကို တွေ့ရှိမိတော့မှ ကျွန်မ ဒီဆရာဝန်လေးတွေ အပေါ်န ားလည်လာမိပါတယ်။ (ဒါတောင် အဲဒီကာလ ကိုးကိုးကျွန်းထောင်များအကြောင်း သိပ်သိကြသေးတာမဟုတ်ပါဘူး။)

သူတို့လေးတွေက အဲဒီ သူရဲကောင်းကြီးတွေရဲ့ပုံပြင်တွေကို ကျန်သူများ(သူနာပြုများ၊ ဆေးကျောင်းသားများ)ကို အားရပါးရ ပြောပြနေတာတွေတွေ့ရပါတယ်။ သူတို့က လူနာရဲ့ သမိုင်းကို မေးမြန်းမှတ်တမ်းတင်ရတာကို။ ဦးလေး(လေထီး) ဗိုလ်အုန်းမောင်ရဲ့ ဓာတ်မှန်ဖလင်ကို တယောက်တလက်လှည့်ကြည့်ကြပြီး ရင်နုရီုးတလျှောက် အသီးသီးတွေဖြစ်နေတဲ့နေရာတွေပြပြီး စစ်ထောက်လှမ်းရေးစစ်ဗိုလ်က ဖိနပ်နဲ့ တက်နင်းထားတဲ့ အကြောင်းစတာတွေကို ပြောနေကြတာ ကျွန်မတွေ့ရပါတယ်။

မိမိမစွန့်လွှတ်နိုင်တဲ့အရာတွေကိုစွန့်လွှတ်နိုင်တာ မိမိမလုပ်နိုင်တဲ့အရာတွေကို လုပ်နိုင်ကြမှုအပေါ် အတော်လေးစားတန်ဖိုးထားကြတာတွေ့ရပါတယ်။ဒါကြောင့်ပဲ ရှစ်လေးလုံးအရေးအခင်းကြီးအတွင်း ပညာတတ်များအကြား အခွင့်ထူးခံများလို့သတ်မှတ်ခံရတဲ့ ဆရာဝန်တွေ၊ ဆေးကျောင်းသားတွေ အများအပြားပါဝင်လာကြတာဖြစ်မှာ။

ဦးလေးဦးတင်အောင်ကိုလည်း ဒီလိုပဲ အားလုံးက ဝိုင်းဂရုစိုက်တာ တွေ့ရပါတယ်။အဲဒီ တုန်းက ဦးလေးကို အဆုတ် တီဘီဖြစ်နေတယ် လို့သတ်မှတ်ပြီး တီဘီကုသဆေး များနဲ့ ကုသနေတာပါ။ အဲဒီဆရာဝန်လေးတွေကပဲ ဆရာကြီး ဦးစောမရအောင် လက်ဆောင်ရထားတဲ့ မိုရာမင်အားဆေးတွေ သွင်းပေးရအောင် ဆိုလို့ ဦးလေးကို အားဆေးတပတ် ၂ ပုလင်းသွင်းပေးနိုင်ခဲ့ပါတယ်။

အဲဒီကာလတွေမှာ ဒေါ်ဒေါ် ဒေါ်ခင်ဦးက တခါတလေ လာပြီး ဦးလေးအခြေအနေကို မေးတတ်ပါတယ်။တခါတော့ ဖီးကြမ်းငှက်ပျောဖီးကြီးကို နှီး ကြောနဲ့ချီထား တာကိုကိုင်ပြီး ကျွန်မဆေးရုံအိမ်လေးထဲ ဝင်လာပါတယ်။ ၂၄ နာရီတာဝန်ကျတဲ့နေ့ဖြစ်လို့ အဲဒီနေ့က ကျွန်မစမ်းချောင်းအိမ် မပြန်နိုင်ပါဘူး။ကျွန်မကိုတွေ့တာနဲ့ ဒေါ်ဒေါ်မျက်နှာက ဝင်းသွားပြီး ဟန်ကျလိုက်တာ၊ လမ်းမှာငှက်ပျောသီးတွေ့လို့ စားရအောင် ဝယ်လာတာ-တဲ့။

ကျွန်မဖြင့် မျက်ရည်မကျမိအောင် အတော်တင်းလိုက်ရတယ်။လမ်းခရီးစရိတ်တောင် အတော်ကြိုးစားနေရတာ ကျွန်မသိထားပါတယ်။ နောင် ဘာလက်ဆောင်မှဝယ်မလာဖို့ ဒေါ်ဒေါ် -ဒေါ်ခင်မျို့ညွန့်ကို တားခိုင်းရပါတယ်။

ဦးလေး ဒီတခါ ထောင်ကလွတ်လာတာမှာ ကျန်းမာရေး အတော်ထိခိုက်သွားပါပြီ။ စီးပွား ရေးအရလည်းအတော်ခက်ခဲပုံရပါတယ်။ဒါပေမဲ့ ဦးလေးရဲ့ပေးဆပ်မှုနဲ့စွန့်လွှတ်မှုတွေဟာ အလဟဿ တချက်မှ မဖြစ်ခဲ့ပါဘူး။

ဒါကို ဦးလေးဈာပနနေ့မှာ ဖော်ထုတ်ပြသခဲ့တဲ့ပြည်သူလူထုကြီးရဲ့အလေးပြု နှုတ်ဆက်တဲ့စိတ်ဓာတ်ကိုကြည့်ရင် သိရှိနိုင်ပါတယ်။ပြည်သူလူထုရဲ့မေတ္တာကို အတိုင်းအဆမ ရှိ ရရှိသွားတယ် ဆိုတာထင်ရှားပါတယ်။

ဦးလေးဟာသူ့ကိုယ်ပိုင်လက်သုံးစကားအတိုင်း ခေတ်ကတင်ပေးလိုက်တဲ့ သမိုင်းတာဝန်တွေကို အကောင်းဆုံး အတတ်နိုင်ဆုံး ထမ်းဆောင်သွားသူတဦးပါ။

ဦးလေးရာပြည့်အတွက် အမှတ်တရ သတိရရှိချက်များကိုရေးသားလိုက်မိတာပါ။

ဦးလေး ရဲ့ ပြည်သူ့အကျိုးဆောင်စိတ်ဓာတ် အဓွန့်ရှည်ပါစေ။

လှကျော်ဇော
၁၂-၁၂-၂၀၁၉။
မှတ်ချက်။
၁။ ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ။ ဆောင်းပါးအမှတ်(၅၂)။
၂။အရေးတော်ပုံဂျာနယ်။ အတွဲ(၃)၊အမှတ်(၂)မှ။