Breaking News

သီအိုဇော် - စစ်လက်နက်ဝယ်ယူခြင်းနှင့် စစ်အသုံးစရိတ် ဘတ်ဂျက်ပြဿနာ(၂)



သီအိုဇော် - စစ်လက်နက်ဝယ်ယူခြင်းနှင့် စစ်အသုံးစရိတ် ဘတ်ဂျက်ပြဿနာ(၂)
(မိုးမခ) သြဂုတ် ၁၄၊ ၂၀၂၂

ပြီးခဲ့သည့် ဇူလိုင်လက ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏’မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု’ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ၂၀၂၂ခုနှစ် ဂျီဒီပီသည် ၂၀၁၉ ခုနှစ်ကထက် (၁၃)ရာခိုင်နှုန်းလျော့နည်းမည်ဟု ခန့်မှန်းထားသည်။ ဤအတိုင်းတွက်ချက်ကြည့်ရလျင် ၂၀၂၂ခုနှစ်အတွက် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု့နှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) သည် ကျပ်(၉၁,၅၇၄) ဘီလီယံ ပတ်ဝန်းကျင်ရှိမည်ဟု ယူဆနိုင်သည်။သို့ရာတွင် အာဏာသိမ်း စစ်ကောင်စီ၏ အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေး(၁/၂၀၂၂)တွင် ၂၀၂၂-၂၃ ဘဏ္ဏာရေးနှစ်အတွက် ဂျီဒီပီ ကျပ်(၁၂၃,၉၉၃) ဘီလီယံရှိမည်ဟု ခန့်မှန်းထုတ်ပြန်ခဲ့သဖြင့် အချိန်တိုအတွင်းဝယ် ၂၀၂၂ ခုနှစ် ဂျီဒီပီ ထက် (၃၅) ရာခိုင်နှုန်းခန့် ပိုမိုတိုးတက်မှုရှိရန် လိုအပ်လာသည်။

စီးပွားရေးအရှိန်အဟုန် တိုးတက်ကောင်းမွန်ခဲ့သည့် ပြည်သူ့အစိုးရ(NLD) လက်ထက် ၂၀၁၆-၁၇ မှ ၂၀၂၀-၂၁ ဘဏ္ဏာရေးနှစ်များ အတွင်း ၌ပင် ထိုကိန်းဂဏန်းများအထိ မရောက်ရှိခဲ့၊ အများဆုံးသည် ၂၀၁၉-၂၀ (ရှေ့ပြေး အမှန်) တွင် ကျပ်(၁၁၂,၇၆၉) ဘီလီယံ၊ ဒုတိယအများဆုံးသည် ၂၀၂၀-၂၁ (ယာယီအမှန်) တွင် ကျပ်(၁၀၈,၂၀၅) ဘီလီယံဖြစ်ခဲ့သည့်အတွက် လက်ရှိအနေအထားအရ မဖြစ်နိုင်သည့် လျာထား ချက်ဟုသာ ဆိုရမည်။ ဘတ်ဂျက်ရေးဆွဲမှုတိုင်းတွင် တစ်ဒေါ်လာ၏ငွေကြေးလဲလှယ်နှုန်းကို သတ်မှတ်ဖေါ်ပြရပြီး ကျပ်ငွေတန်ဖိုးဆက် တိုက်ကျဆင်းပြီး စီးပွားရေးမတည်ငြိမ်သော ယခုလိုကာလမျိုးတွင် ကောင်းမွန်သော ဂျီဒီပီရလဒ်ရရှိရန် ခက်ခဲမည်ဖြစ်သည်။ ဤ ဂျီဒီပီတန်ဖိုးအပေါ်  အ‌ခြေခံတွက်ချက်ထားသော စစ်ကောင်စီ၏ ‘အရအသုံးခန့်မှန်းခြေစာရင်း’ သည် ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးမြင့်တက်မှုကိုသာ ဆောင်ကျဉ်းပေးလာမည်ဖြစ်သည့်အပြင် စစ်အသုံးစရိတ် ဂျီဒီပီရာခိုင်နှုန်းသည်လည်း ဤနှစ်အပိုင်းအခြားများအတွက် စံချိန်တင် မြင့်မားလာနိုင်သည်။

ဝေဖန်ထောက်ပြစရာ များစွာရှိသော ၂၀၂၂-၂၃ခုနှစ်ဘတ်ဂျက်၏ စစ်အသုံးစရိတ်သည် ပြည်သူ့ဘဏ္ဏာမှ မည် သို့မည်ပုံ ထပ်မံလုယက်ရမည်ဟု စဥ်းစားကြံစည်ထားသည့် အာဏာလုယူထားသူတို့၏ ခြေရာလက်ရာ တ ခုပင်။ ပြည်ထောင်စုဘတ်ဂျက်၏ အရေးကြီးသော အစိတ်အပိုင်းတခုသည် ဘဏ္ဏာငွေ ခွဲဝေသုံးစွဲမှုနှင့် ပြည် သူလူထု၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် ဦးစားပေးမူဝါဒများ ချိတ်ဆက်ပေးထားနိုင်မှု ဖြစ်သည်။ နိုင်ငံတိုင်းအတွက် ကျန်းမာရေးနှင့်ပညာရေးကဏ္ဏသည် အရေးကြီးသည့်အတွက် စစ်အသုံးစရိတ်များနှင့် နှိုင်းယှဥ်ပြသလို၍ အောက်ဖေါ်ပြပါဂရပ်အား စီမံဘဏ္ဏာဝန်ကြီးဌာန၏ အချက်အလက်များကို မူတည်ရေး ဆွဲထားသည်။

နှိုင်းယှဉ်မှု ပိုမိုပေါ်လွင်စေရန်အတွက် ၂၀၁၅-၁၆ (စစ်တပိုင်း‌အစိုးရ၏ ‌နောက်ဆုံးဘတ်ဂျက်)၊ ၂၀၂၀-၂၁ (ပြည် သူ့အစိုးရ‌၏ နောက်ဆုံးဘတ်ဂျက်)၊ ၂၀၂၂-၂၃ (စစ်ကောင်စီ၏ နောက်ဆုံးဟု ယူဆသင့်သောဘတ်ဂျက်) တို့ကို ချိန်ထိုးဖေါ်ပြထားပါသည်။ ဤဂရပ်ပါအချက် အလက်များသည် အုပ်စုတူ ‘မူလခန့်မှန်းခြေ အသုံးစရိတ်’ များဖြစ်ပြီး ‌၂၀၁၅-၁၆နှင့် ၂၀၂၂-၂၃ ကဲ့သို့ ‘ကျန်းမာရေးဝန်ကြီးဌာန’ နှင့် ‘အားကစားဝန်ကြီးဌာန’ ခွဲခြားထားသော ဘဏ္ဏာရေးနှစ်များအတွက် ခန့်မှန်းအသုံးစရိတ်များအား ပြန်လည်ပေါင်းစပ် တွက်ချက်ထားသည်။ ပြည်သူ့အစိုးရလက်ထက်တွင် ‘ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန’ အသုံးစရိတ်အဖြစ် ဘတ်ဂျက်တွင်ပါဝင်ခဲ့သည့်အတွက်ဖြစ်သည်။
ဖေါ်ပြပါဂရပ်ကိုကြည့်လျင် ကျန်းမာရေးနှင့်ပညာရေးဘတ်ဂျက်များသည် ပြည်သူ့အစိုးရလက်ထက်တွင် အများဆုံးဖြစ်ခဲ့သည် ဆိုသည်ကို အလွယ်တကူ တွေ့မြင်နိုင်သည်။ ဤကဏ္ဏများတွင် အနည်းဆုံးသုံးစွဲထားသည့် ၂၀၁၅-၁၆ နှစ် ဘတ်ဂျက်သည် လက်တွေ့တွင် စစ်တပိုင်းအစိုးရ၏ သက်တမ်းတလျှောက် အများဆုံး သုံးစွဲမှုပင်ဖြစ်သည်။ ပို၍သိသာထင်ရှားအောင် ဥပမာပြရလျင် ၂၀၁၁-၁၂ ဘတ်ဂျက် (‌အမှန်စာရင်း) အရ ကျန်း မာရေးဝန်ကြီးဌာနအတွက် ကျပ် (၈၇) ဘီလီယံ၊ ပညာရေးဝန်ကြီးဌာနအတွက် ကျပ်(၃၁၀) ဘီလီယံသာ သုံးစွဲ ထားခဲ့သည်။

ဝန်ကြီးဌာန (၃) ခုအတွက် သုံးစွဲမှုရာခိုင်နှုန်းများကို သက်ဆိုင်ရာဘဏ္ဏာရေးနှစ်များအလိုက် တွက်ချက်ပေးထားပြီး ၂၀၂၀-၂၁ ဘတ်ဂျက်တွင်သာ စစ်အသုံးစရိတ်က ကျန်းမာရေးနှင့်ပညာရေး အသုံးစရိတ် (၂) ခုပေါင်းထက် နည်းခဲ့သည်ကို တွေ့ မြင်နိုင်သည်။ စစ်ကောင်စီ၏ ဘတ်ဂျက်တွင် ပညာရေးအသုံးစရိတ်သည်  ပြည်သူ့အစိုးရလက်ထက်ကထက် (၂၅) ရာခိုင်နှုန်းခန့် လျော့နည်းသွားသလို ကျန်းမာရေးအသုံးစရိတ်သည်လည်း (၃၆) ရာခိုင်နှုန်းကျော် နည်းပါးသွားသည်။ 

ထို့အပြင် စစ်အသုံးစရိတ်နှင့် ကျန်ကဏ္ဏကြီး(၂) ခုအကြား ဘတ်ဂျက်ခွဲဝေမှုသည် စစ်တပိုင်း အစိုးရ၏ နောက်ဆုံးဘတ်ဂျက်နှင့် ပုံတူကူးချသကဲ့သို့ အလွန်နီးစပ်နေသည်ကို တွေ့ရှိရသည်။  ၂၀၁၅-၁၆ တွင် စစ်အသုံးစရိတ်နှင့်  ကျန်းမာရေးနှင့်ပညာရေး အသုံးစရိတ် (၂) ခုပေါင်း အချိုးသည် (၅၆:၄၄) ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၂-၂၃ တွင် (၅၅:၄၅) ရာခိုင်နှုန်းဖြစ်သောကြောင့်ပင်။ ၂၀၂၀-၂၁ ဘတ်ဂျက်၏ (၄၄:၅၆) အချိုးကို ပြောင်းပြန် ပြန်ပြီး စစ်အသုံးစရိတ်ကို တိုးမြှင့်လိုက်ခြင်းဟုလည်း ဆိုနိုင်သည်။

ဒေသတွင်းပြိုင်ဖက်နိုင်ငံဟု စစ်တပ်မှအစဉ်အဆက် သတ်မှတ်ထားသည့် ထိုင်းနိုင်ငံ၏ အောက်တိုဘာလ (၁) ရက်နေ့တွင် စတင်မည့် ၂၀၂၃ခုနှစ် ဘဏ္ဏာရေးနှစ်ဘတ်ဂျက်ကို  မြန်မာနိုင်ငံကဲ့သို့ ဝန်ကြီးဌာန(၃) ခုကြား အချိုးပြန်ခွဲဝေရလျင် ’ပညာရေး’ (၄၈) ရာခိုင်နှုန်း၊ ‘ကာကွယ်ရေး’(၂၉) ရာခိုင်နှုန်း၊ ’ကျန်းမာရေး’ (၂၃)ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရမည်။ ပြီးခဲ့သည့်  ၂၀၂၂ ခုနှစ်ဘတ်ဂျက်တွင်လည်း ပညာရေး၊ ကာကွယ်ရေး၊ ကျန်းမာရေး အသုံးစရိတ်များကို ယခု ၂၀၂၃ခုနှစ် ဦးစားပေးအစီအစဉ်အတိုင်း ခွဲဝေသုံးစွဲခဲ့ကြသည်။

ယေုယျအားဖြင့် ယခုနှစ်ပိုင်းများတွင် ထိုင်းကာကွယ်ရေး အသုံးစရိတ်သည် အစိုးရစုစုပေါင်း အသုံးစရိတ်၏ (၇) ရာခိုင်နှုန်းအောက်တွင်သာရှိတတ်ပြီး မြန်မာနိုင်ငံ၏စစ်အသုံးစရိတ်မှာမူ (၁၀) ရာခိုင်နှုန်းအထက် နည်းနည်းကျော်သည်နှင့် များများကျော်သည်သာ ကွာခြားသည်ဟုဆိုနိုင်သည်။ ကမ္ဘာ့ဘဏ်၏ ’မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု’ အစီရင်ခံစာတွင် စီမံဘဏ္ဏာဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၂-၂၃ ပြည်ထောင်စုဘတ်ဂျက် စုစုပေါင်းအသုံးစရိတ်၏ (၁၂) ရာခိုင်နှုန်းသည် စစ်အသုံးစရိတ်၊ (၇) ရာခိုင်နှုန်းသည် ပညာရေးအသုံးစရိတ်၊(၂.၈) ရာခိုင်နှုန်းသည် ကျန်းမာရေးအသုံးစရိတ်ဟု ဖေါ်ပြထားသည်။

ယခင်အပိုင်း (၁) ဆောင်းပါးတွင် မြန်မာနိုင်ငံ၏ စစ်လက်နက်ဝယ်ယူမှုအကြောင်းကို ရေးသားခဲ့ပြီး နိုင်ငံ၏ဘဏ္ဏာအခြေအနေအရ မနည်းလှသော ငွေကြေးများဖြစ်ကြောင်း သတိထားမိကြပါလိမ့်မည်။ လက်တွေ့တွင် နှစ်စဉ်စစ်ရေးဘတ်ဂျက် အသုံးစရိတ် စုစုပေါင်းကိုကြည့်လျင် စစ်လက်နက်အတွက် ငွေပေးချေမှုထက် အဆပေါင်းများစွာ များပြားနေသည်ကို တွေ့နိုင်သည်။

ပြည်ထောင်စုဘတ်ဂျက်မှရရှိသည့် စစ်အသုံးစရိတ်များတွင် ‘သာမန်အသုံးစရိတ်’ ခေါင်းစဥ်အောက်မှ ထုတ်ယူသုံးစွဲသည့် ငွေကြေးမှာ အလွန်များပြားသည်။ တပ်ရင်းတပ်ဖွဲ့များ၏ လစာ၊ စရိတ် စသည်များ ပါဝင်ခြင်း ကြောင့်ပင်။ (၄) သိန်းမှ (၅) သိန်းကြားဟု မသဲမကွဲ သိထားရသူများ၏လစာများ၊ ထောက်ပံ့ငွေ၊ အကျိုးခံစားခွင့်၊ စစ်ဆင်ရေးစရိတ်များမှာ စစ်အသုံးစရိတ်ဘတ်ဂျက်တွင် ရာခိုင်နှုန်းများစွာပါသည်။ ယခုအခါမှာတော့ မြေပြင်အခြေအနေအရ ထိုတပ်ဖွဲ့အင်အားများသည် ဖြစ်နိုင်ချေမရှိ၊ စာရင်းစာရွက်ပေါ်တွင်သာရှိသည့် အရေ အတွက်ဆိုသည်မှာ ပို၍ထင်ရှားလာသည်။  ဤသို့ဆိုလျင် ပြည်သူ့ဘဏ္ဏာငွေများစွာ နစ်နာခဲ့ရပြီ ဖြစ်သည်။

မဖြစ်နိုင်မှန်းသိသည့်ကြားက အကယ်၍သာ ဤကိန်းဂဏန်းများ မှန်ကန်နီးစပ်မှုရှိသည် ဆိုသည့်ဘက်က စဥ်းစားကြည့်ပြန်လျင်လည်း သဘာဝမကျသော တပ်ဖွဲ့အင်အားကို တွေ့မြင်ရသည်။ အထက်ပါစာရင်းများဖြင့် တွက်ချက်ပါက စစ်တပ်အင်အားသည် မြန်မာနိုင်ငံ လူဦးရေ၏ (၀.၇၃-၀.၉၁) ရာခိုင်နှုန်းပတ်ဝန်းကျင်အတွင်း ရှိနေသည်။အိမ်နီးချင်းထိုင်းနိုင်ငံ၏အမြဲတမ်းတပ်ဖွဲ့ အင်အားကို (၃၅၀,၀၀၀) ဟုခန့်မှန်းကြပြီး ထိုင်းလူဦးရေမှာ သန်း(၇၀) ပတ်ဝန်းကျင်ရှိ၍ လူဦးရေ၏ (၀.၅) ရာခိုင်နှုန်းဟု ပြောနိုင်သည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့ရှိ ဗြိတိန်နိုင်ငံ အမြဲတမ်းတပ်ဖွဲ့ (၁၉၈,၉၄၀)အင်အားသည်လည်း လူဦးရေ၏ (၀.၂၉) ရာခိုင်နှုန်း ပတ်ဝန်းကျင်ရှိကြောင်း တွေ့ရှိရသည်။ ဗြိတိန်နိုင်ငံ၏ လူဦးရေသည် ၂၀၂၁ ခုနှစ်၌ (၆၇) သန်းရှိ၍ မြန်မာနိုင်ငံထက် လူဦးရေများပြီး စစ် သည်အင်အားမှာမူ လျော့နည်းသည်ကို သတိပြုနိုင်သည်။ ၂၀၁၂-၁၃ ခုနှစ် နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံ၏ လူဦးရေထက်နည်းသော ဩစတြေးလျနိုင်ငံ၏ အမြဲတမ်းကာကွယ်ရေးတပ်ဖွဲ့အင်အားသည် နိုင်ငံလူဦးရေ၏ (၀.၂၅) ရာခိုင်နှုန်းအောက်တွင်သာ ရှိသည်။

ဤအချက်များကို ဖေါ်ပြနေရခြင်းသည် နိုင်ငံတကာ၏ စံထုံးစံထားများနှင့် နှိုင်းယှဉ်လို၍ပင်။ ထိုနိုင်ငံများတွင် လိုအပ်လျင် အသုံးပြုနိုင်မည့် အရံတပ်ဖွဲ့ အင်အားများရှိသည်က တကဏ္ဏဖြစ်သည်။ ပထဝီဝင် နိုင်ငံရေးသည် ခိုင်လုံသောအကြောင်းပြချက်မဟုတ်၊ ကျူးကျော်စစ်ဖြစ်ပွားလာခဲ့ရင်လည်း ပြည်သူကို အကာအကွယ်ပေးနိုင်မည့် စစ်ရေးစွမ်းရည်မရှိကြောင်း တွေ့မြင်ရပြီဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်သာရည်မျှော်၍  အမှန်တကယ်လိုအပ်သော ကဏ္ဏများ၌ လူ့အရင်းအမြစ်များကို အသုံးချသင့်သည်။

ပြည်ထောင်စုဘတ်ဂျက်ပါ စစ်အသုံးစရိတ်သည် နိုင်ငံအတွက် ကြီးမားသောပြဿနာတခု ဖြစ်သည်။ အခြားဝန်ကြီးဌာနများကဲ့သို့ စနစ်တကျ စာရင်းစစ်ဆေးခွင့် မရှိသလို၊ အသေးစိတ် အစီရင်ခံတင်ပြခြင်းလည်း မရှိသော၊ ပွင့်လင်းမြင်သာမှုကင်းမဲ့သည့် စစ်အသုံးစရိတ်ဘတ်ဂျက်သည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ဆောင်မှုများအတွက် အဟန့်အတားတရပ် ဖြစ်သည်။ ပြဿနာသိလျက်နှင့် အဘယ့်ကြောင့် ပြုပြင်တည့်မတ်ခြင်း မပြုနိုင်ရသလဲဆိုသည့် မေးခွန်းရှိလာလျင်တော့  အောက်ပါဥပဒေ (၂ခု) ကို ကိုးကား၍ ဖြေဆိုရပေမည်။
၂၀၁၀ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် ထိုစဉ်က နိုင်ငံတော်အာဏာကို ပြည်သူ့ဆန္ဒနှင့်ဆန့်ကျင်ပြီး ရယူထားသည့် အဖွဲ့အစည်းက နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၂၃/၂၀၁၀ ဖြင့် ‘ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ’ကို ပြဌာန်းခဲ့သည်။ ပြည်ထောင်စု စာရင်းစစ်ချုပ်သည် အရအသုံး ခန့်မှန်းခြေငွေစာရင်းပါ ငွေကြေးများ အသုံးပြုမှုကို စစ်ဆေးခွင့်ရှိသော်လည်း ထိုဥပဒေ၏ အခန်း(၆) အပိုဒ်-၃၉တွင် ‘ဤဥပဒေပါ ပြဌာန်းချက်များသည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ခြင်း မရှိစေရ’ ဟု ထည့်သွင်းထား သည်။၂၀၁၃/၂၀၁၄/၂၀၁၈ခုနှစ်များက ဥပဒေပြင်ဆင်ချက် အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ထို အပိုဒ်-၃၉ ကတော့ မပါဝင်နိုင်ခဲ့ပဲ ဆက်လက် အသက်ဝင်နေဆဲဖြစ်သည်။

ထို့အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် စစ်တပ်၏အရအသုံးစာရင်းများကို စစ်တပ်ဘက်မှ ပြသ သမျှကိုသာ သိခွင့်၊ ကြည့်ခွင့်ရှိတော့သည့်အခြေဟုသာ ‌ဆိုရမလိုပင်။ ပြီးခဲ့သည့် လွှတ်တော်ကာလများ၌လည်း သီးသန့်ဖွဲ့စည်းထားသည့် ကော်မတီလူနည်းစုကသာ ပေါက်ကြားမှုမရှိစေရန် တာဝန်ခံပြီး အချို့သော စာရင်းဇယားများကို ကြည့်ရှု့ ခွင့်ရခဲ့ကြသည်ဟု မှတ်သားဖူးသည်။

ထပ်မံဖြည့်စွက်ရန် ကျန်ရှိနေသေးသည်ကတော့ ‘၂၀၀၈ အခြေခံဥပဒေ’ အပိုဒ်-၂၀ (ခ) အကြောင်းဖြစ်သည်။ ၎င်းတွင်ဖေါ်ပြထားသည်က ‘တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်’ ဟူ၍ပင်။ ဤမျှဆိုလျင် လက်ရှိပြဌာန်းဥပဒေများအရ ပြည့်သူဘဏ္ဏာငွေ မနစ်နာ မဆုံးရှုံးရလေအောင် မည်သို့မျှ အကာအကွယ်မပေးနိုင်ကြောင်း ပေါ်လွင်သွားလောက်ပြီ ထင်ပါသည်။

ဤကဲ့သို့ တရားမျှတမှုမရှိသော ဥပဒေမျိုးများကြောင့် စစ်အသုံးစရိတ်များနှင့်ပတ်သက်၍ အသေးစိတ် စောင့်ကြည့်စစ်ဆေးခံရမှုကို ကင်းလွတ်ခဲ့ကြပြီး၊ အဂတိလိုက်စားမှုများကို စိတ်တိုင်းကျ လုပ်ဆောင်နိုင်ရန်အတွက်လည်း  အခြေအနေများ ဖန်တီးယူနိုင်ခဲ့ကြသည်။ ဤသို့ဖြင့် ‘တပ်ပိုင်ကျွန်ပိုင်’ စနစ်ကို အကွက်ချ တည်ဆောက်လာနိုင်ခဲ့ပြီး ဆက်လက်အဓွန့်ရှည် တည်တံ့နိုင်စေရေးအတွက် ‘ဖက်ဆစ်စနစ်’ ဖြင့် ခုခံကာကွယ်နေခြင်းကြဖြစ်သည်။ 

ဒီမိုကရေစီအယောင်ပြကာ စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆုပ်ကိုင်လိုသူများအား အကာအကွယ်ပေးထားသည့် ‘၂၀၀၈ ခြေဥ’ နှင့် ထိုသူတို့အကျိုးအမြတ်ရှိစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ ရေးဆွဲထားသည့် မတရားသောဥပဒေများကို မဖျက်သိမ်းနိုင်မခြင်း မြန်မာနိုင်ငံသည် ဤအဆိုးသံသရာစက်ဝိုင်းမှ လွတ်မြောက် ရန် မလွယ်ကူနိုင်‌ကြောင်း ဤဆောင်းပါးဖြင့် ထပ်မံအတည်ပြု မီးမောင်းထိုးပြလိုပါသည်။
ဆောင်းပါး၏ အခြားရည်ရွယ်ချက်တခု ရှိပါသေးသည်။ ဤဆောင်းပါး (၁) နှင့် (၂) ပါ အချက်အလက်များကို ကြည့်ခြင်းဖြင့် စစ်လက်နက်ဝယ်ယူ ဖြည့်တင်းရေးနှင့် စစ်အသုံးစရိတ်များသည် ကြီးစွာသောအရင်းအနှီးများဖြစ်ကြောင်း ထင်ရှားပါသည်။ ပြည်သူများ စိတ်စေတနာထက်သန်စွာ ထည့်ဝင်ကြသော ရန်ပုံငွေများသည် မနည်းဟုဆိုနိုင်သော်လည်း၊ စစ်အသုံးစရိတ်ရှုထောင့်မှ ကြည့်ရှုပါက အကန့်အသတ်ဖြင့်သာ လှုပ်ရှားပုံဖေါ်နိုင်သည့် ငွေကြေးပမာဏသာ ဖြစ်နေပါသေးသည်။ ပြည့်သူဘဏ္ဏာငွေကြေးများကို မတရားသဖြင့်  ရယူသုံးစွဲပြီး ကာလကြာရှည် ထူထောင်ထားသော အဖွဲ့အစည်းကို၊ ရင်ဆိုင်တိုက်ပွဲဝင်ပြီး အောင်ပွဲဆင်နေကြသည့် ပြည်သူ့ရင်နှစ်သည်းချာ PDFများနှင့် တိုင်းရင်းသား ERO များအတွက် ဂုဏ်ယူစိတ်များနှင့်အတူ ဝိုင်းဝန်း အရှိန်မြှင့်ပံ့ပိုးကြဖို့လည်း လိုအပ်ပါသည်။

တိုင်းရင်းသားပြည်သူများနှင့် အစုအဖွဲ့အားလုံး စုစည်းကျစ်လစ်စွာဖြင့် ဘုံရည်မှန်းချက်ကို ကိုင်ဆွဲရင်း၊ တူညီသောလမ်းကြောင်းပေါ်  ဇွဲရှိရှိ ဆက်လျှောက်နေကြမှသာ၊ ပြည်သူ့ဘဏ္ဏာ ပြည်သူပြန်ယူပြီး၊ ‘မြေပြန့်အ စ တောင်‌ပေါ်အဆုံး’ မျှတသည့် ‘ဖက်ဒရယ်ဘတ်ဂျက်’ ကို ပျော်ပျော်ကြီး သုံးစွဲနိုင်မည့်နေ့ရက် အမြန်ဆုံးရောက်ရှိလာမည်ဟု ယူဆမိပါသည်။

သီအိုဇော်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar