Breaking News

ဖေတင်ညွန့် - ဖြစ်ရပ်မှန်မှုခင်း

ဖြစ်ရပ်မှန်မှုခင်း
ဖေတင်ညွန့်
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၂၂

မသွားဘဲနဲ့
တဖြည်းဖြည်းနီးလာတာက ည။
မနားတန်းသွားနေရက်နဲ့
တဖြည်းဖြည်းဝေးလာတာက လ။

ကမ္ဘာကြီးကိုတိုင်တည်ရမလား
ဘုရားသခင်ဆီဆုပန်ရမလား။

လိုချင်တာတွေက သေးသေးလာ
မလိုချင်တာတွေက ပြေးပြေးလာ။

အနီးအဝေးကပြောင်းပြန်
အကြီးအသေးကဇောက်ထိုး။

သဲလွန်စတွေကဖုံးလို့မရ
သက်သေတွေက ဖိလို့မနိုင်။

ငါတို့အလံတွေကြည့်လိုက်ရင်
နေ့တိုင်းတိုင်ဝက်မှာချည်းလွင့်လို့။
ဗြောင်လိမ်ခွင့်
ဗြောင်စားခွင့်ဟာ
ဗြောင်ပဲ။
ခံရသူဟာတရားခံပဲ။

ရာဇဝတ်မှုဟာ
ဒီထက်ဗြောင်ကျစရာမရှိတော့။
တရားဥပဒေဟာလည်း
ဒီထက်ဗြောင်ကျစရာမရှိတော့။
လျှောက်လဲချက်က
ပခုံးနှစ်ဖက်တွန့်ပြီး
လက်ဖဝါးဖြန့်ပြရင်
မလန့်နဲ့နော်
(အမိန့် က)
နောက်ထပ်နှစ်ပေါင်းတစ်ရာ
အသာလေး...။       ။

၄ ၊ ၉ ၊ ၂၀၂၂
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar