စစ်ကောင်စီ ဖြုတ်ချရေး တိုက်ပွဲခေါ်သံ တနှစ်ပြည့်မြောက်တဲ့နေ့
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၇ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၂၂
စစ်ကောင်စီ ဖြုတ်ချရေး တိုက်ပွဲခေါ်သံ တနှစ်ပြည့်မြောက်တဲ့နေ့
ယမန်နှစ်ဦး စစ်တပ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာမှာ နယ်စပ်ဒေသနဲ့ တဖက်ထိုင်းနိုင်ငံထဲ အခြေစိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖွဲ့စည်းခဲ့ကြပါတယ်။ ပြီးနောက်မကြာခင်မှာပဲ PDF ဆိုတဲ့ NUG ရဲ့ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် PDF ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ PDF ဖွဲ့စည်းခဲ့တာ ၂၀၂၁ ခုနှစ် မေလမှာဖြစ်ပြီး အဲဒီနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာတော့ စစ်ကောင်စီဖြုတ်ချရေးအတွက် အရေးပေါ် အခြေအနေကြေညာပြီး အုံကြွခုခံစစ် ဆင်နွှဲဖို့ (အများအခေါ် D-Day) ဆိုတာကို NUG အစိုးရအဖွဲ့ ယာယီသမ္မတဖြစ်သူ ဒူးဝါးလရှီလက ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ဆိုရင် တိုက်ပွဲခေါ်သံကြေညာတဲ့နေ့က စလို့ တနှစ်တိတိပြည့်မြောက်တဲ့ နေ့ဖြစ်ပြီး နိုင်ငံရေး စစ်ရေး ရည်မှန်းချက် ဘယ်လောက်ပေါက်မြောက်ခဲ့သလဲ လူထုအနေနဲ့ NUG အနေနဲ့ နိုင်ငံအနေနဲ့ ဘာတွေ အကျိုးအမြတ်ရခဲ့ပြီး ဘာတွေဆုံးရှုံးခဲ့သလဲ ဆိုတာ ပြန်လည်သုံးသပ်ရမယ့် အချိန်ကာလ ဖြစ်ပါတယ်။ နိုင်ငံရေးခရီးက မဆုံးသေးဘူးဆိုတဲ့အချက်ကိုတော့ အားလုံး သဘောပေါက်ကြပါလိမ့်မယ်။ သို့သော် ဘယ်လောက်ကြာဦးမလဲ ဘယ်လောက် လျှောက်လှမ်းကြရဦးမလဲဆိုတဲ့ အချက်တွေ အပေါ်မှာတော့ အမြင်တွေ အကဲဖြတ်ချက်တွေကွဲလွဲမှု ရှိကြလိမ့်မယ် ထင်ပါတယ်။
ပြီးခဲ့တဲ့ တနှစ်အတွင်း ခုခံတော်လှန်စစ် လို့ အမည်ပေးထားတဲ့ PDF နဲ့ စစ်ကောင်စီတပ် အကြားတိုက်ပွဲ၊ မြို့ပြပြောက်ကျား လို့ခေါ်ဆိုကြတဲ့ မြို့ပေါ်မှာ ချောင်းမြောင်းပစ်ခတ်တာ၊ လုပ်ကြံသတ်ဖြတ်တာ၊ ဗုံးခွဲတာ၊ စစ်ကောင်စီကင်းစခန်းကို ပစ်ခတ်တာ၊ ရုံးတွေ ၊ စစ်တပ်ကင်းစခန်းချရာ ရုံးတွေ အဆောက်အဦတွေကို ဗုံးထောင်တာ စတဲ့ တိုက်ခိုက်မှုပေါင်း ရာထောင်ချီဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးမှုရှိသလို PDF ဘက်က သေဆုံးမှု တွေရှိခဲ့တာဖြစ်ပြီး စစ်အာဏာသိမ်းတဲ့ အချိန်ကစလို့ ယမန်နှစ် စက်တင်ဘာလအထိတင် အရပ်သား ၁၀၀၀ ကျော် သေဆုံးပြီးဖြစ်သလို ဒီနေ့ နောက်တနှစ်ကျော်ကြာချိန်မှာတော့ အရပ်သား သေဆုံးမှုဟာ ၂၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ တဖက်မှာလည်း စစ်ကောင်စီ ဒေါက်တိုင် ၊ သတင်းပေးလို့ စွပ်စွဲကာ လုပ်ကြံသတ်ဖြတ်မှုတွေ ကြောင့် စစ်ကောင်စီ ထောက်ခံသူနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေထဲက အနည်းဆုံး ၂၀၀၀ အထက် သေဆုံးပြီးဖြစ်တယ်လို့ ၄င်းတို့ဘက်က ထုတ်ပြန်ထားတာတွေ့ရပါတယ်။
အသက်သေကျေ ဆုံးရှုံးမှုတွေအပြင် စစ်ဘေးရှောင်ဒုက္ခသည်တွေက ပြီးခဲ့တဲ့တနှစ်ကျော်အတွင်း ကိုးသိန်းကျော် တိုးလာကာ ယခင် စစ်အာဏာမသိမ်းမီက ရှိပြီးဒုက္ခသည်အရေအတွက်နဲ့ ပေါင်းလိုက်ရင် ၁ သန်း ၃ သိန်းကျော် ရှိနေပြီဖြစ်ပါတယ်။ ဒီကိန်းဂဏန်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းမှ ၁သန်းအကြားရှိတဲ့အရေအတွက် မပါဝင်သေးပါဘူး။ အားလုံးပေါင်းလိုက်ရင် ဒုက္ခသည် ၂ သန်းကျော်ရှိပြီဖြစ်လို့ လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံအဖို့ လူ ၂၅ ဦးမှာ ၁ ဦးက စစ်ဘေးရှောင် ဒုက္ခသည်ဖြစ်နေတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ လူ့အသက်သေဆုံးမှုတွေ ၊ စစ်ဘေးရှောင်ရတဲ့ ဒုက္ခသည်ကိန်းဂဏန်းတွေအပြင် မြန်မာနိုင်ငံမှာ နောက်ထပ် စာရင်းမှတ်တမ်းတင်ရမယ့်အရေအတွက်တခုက နေအိမ်တွေ မီးရှို့ခံရတဲ့ အရေအတွက် ဖြစ်ပါတယ်။ နေအိမ် အများစုကို မီးရှို့ဖျက်ဆီးတာက စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ဖြစ်ပြီး အနည်းအကျဥ်းသော အရေအတွက်တွေက PDF လက်နက်ကိုင် အဖွဲ့တွေက တဖက်စစ်ကောင်စီ ထောက်ခံတဲ့ ပြည်သူ့စစ်တွေ ရဲ့ နေအိမ်လိုမျိုးကို မီးရှို့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နေအိမ်မီးရှို့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီက ဘယ်တုန်းကမှ တရားဝင် ဝန်မခံပေမယ့် ဒီလိုနေအိမ်တွေ ဖျက်ဆီးတာ ကျေးရွာတွေ ဖျက်ဆီးတာ ရိက္ခာ ယူဆောင်တာ သို့မဟုတ် ဖျက်ဆီးတာကို စစ်ရေးနည်းပရိယာယ် တရပ် အနေနဲ့ လုပ်ဆောင်ခဲ့တာ အစဥ်အဆက် ပြည်တွင်းစစ်တွေ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ကျေးရွာတွေမှာ ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီ စစ်ပွဲတွေရဲ့ အကျိုးဆက် ဖြစ်တဲ့ လူ့အသက်တွေဆုံးရှုံးတာ၊ ရပ်ရွာပျက်စီးတာ ကျေးရွာတွေ မီးလောင်ပျက်စီးတာ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ စိုက်ပျိုးရေး မွေးမြူရေး ကုန်သွယ်ရောင်းဝယ်ရေးတွေ မလုပ်ကိုင်နိုင်တော့တဲ့ အခြေအနေကြောင့် မကြာခင်မှာ စားနပ်ရိက္ခာ ရှားပါးမှု အငတ်ဘေး လိုမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ ရနိုင်ချေလည်း ရှိပါတယ်။
NUG အနေနဲ့ လက်နက်ကိုင် တိုက်ပွဲလမ်းကြောင်းကို ရွေးချယ်ပြီးနောက်မှာ စစ်ကောင်စီ ဖြုတ်ချရေးတိုက်ပွဲဟာ လနဲ့ ဆိုတာထက် နှစ်ကာလတခုအထိ ကြာကောင်းကြာလိမ့်မယ်ဆိုတာ အတွေ့အကြုံရှိသူတွေက မျှော်လင့်ထားပြီး ဖြစ်ပါလိမ့်မယ်။ အတွေ့အကြုံရှိတဲ့ နိုင်ငံရေးသမားတွေ အနေနဲ့ ဒီလိုအချိန်ကာလတခုထိ လျှောက်လှမ်းနိုင်ဖို့ ပြင်ဆင်ဖို့ လိုအပ်သလို ပြည်သူလူထုကိုလည်း ဒီနေ့ မနက်ဖြန်ပဲ အောင်ပွဲရတော့မယ့်သဖွယ် အားတက်ဖွယ် စကားလုံးတွေနဲ့ ပြောဆိုစည်းရုံးဖို့ မသင့်ပါဘူး။
စစ်အာဏာရှင်ဖြုတ်ချရေးဟာ ရေရှည်တိုက်ပွဲ ဖြစ်နိုင်တယ်ဆိုတာ အသိပေးပြီး ရေရှည် နည်းလမ်းတွေ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားကြဖို့ လိုအပ်မှာဖြစ်ပါတယ်။
ခုလို တနှစ်ပြည့်တဲ့အချိန်ကာလမှာ နောက်တနှစ်အတွင်း အဆုံးအဖြတ်အဖြေပေါ်နိုင်လိမ့်မယ်ဆိုတဲ့ စည်းရုံးမှုမျိုးက စိတ်အားတက်ကြွစရာကောင်းပေမယ့် နောက်တနှစ်ကြာလို့ အပြီးသတ် ဖြုတ်မချနိုင်သေးခဲ့ရင် လူထုအနေနဲ့ ၄င်းတို့ကို နိုင်ငံရေးခေါင်းဆောင်တွေက လှည့်စားတယ်လို့ ယူဆလာနိုင်စရာ ရှိသလို ခေါင်းဆောင်တွေ အနေနဲ့ အမှန်တကယ် အောင်ပွဲရမယ်လို့ ယုံကြည်ထားခဲ့ပြီး လက်တွေ့ ဖြစ်မလာခဲ့ရင် ခေါင်းဆောင်မှု ညံ့ဖျင်းတဲ့အချက်ကို ဖေါ်ပြသလို ဖြစ်စေလိမ့်မှာ ဖြစ်ပါတယ်။
နိုင်ငံရေးသမားတွေ အနေနဲ့ အာဝဇ္ဇန်းရွှင်ရွှင်နဲ့ အများကြိုက်ပြောဆိုတာထက်ကို ဆိုခဲ့စေ မြဲစေ ဆိုတဲ့ လက်တွေ့ကျကျ ရင်ဆိုင်ကြဖို့ လူထုကို ရိုးသားစွာ အသိပေးပြောဆိုစည်းရုံးတာမျိုးက ပိုပြီးကောင်းမွန်တယ်လို့ မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar