Breaking News

စိမ်းစို - ပြည်ထောင်စုအတု

ပြည်ထောင်စုအတု
စိမ်းစို
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၂၂

ကျွန်တော် ဖြတ်သန်းလာရာလမ်းတလျှောက်တွင် မှောင်အတိကျလျက်ရှိ၍ မှောင်မိုက်လိုက်ပုံမှာ ကားမီးရောင်များသာမရှိလျှင် ကိုယ့်လက်ဖဝါးကိုယ်မျှ ကိုယ်မြင်ဖို့ ခဲယဉ်းလှပါသည်။ မကြာမကြာ ကျွန်တော့် ကားဘေးမှ တဟီးဟီးတဟဲဟဲအင်ဂျင်သံကြီးများဖြင့် မည်းမည်းအရိပ်ကြီးများဖြတ်သန်းလျက်ရှိကြ၍ ထိုအရာကြီးများ သည် ကမ်းနားလမ်းပေါ်တွင် သွားလာနေသောကွန်တိန်နာကားကြီးများဖြစ်သည်ကိုသဲကွဲစွာ ကျွန်တော်မမြင်ရသော်လည်းကျင့်သားရနေပြီဖြစ်သည့်မျက်လုံးများကသိပြီးဖြစ်ပါသည်။ မကြာမီတွင် ညာဘက်ယွန်းယွန်းမှ အမှောင်ထုထဲသို့ မီးလျှံသဖွယ် ထိုးထွက်နေသောဗိုလ်တထောင်ဘုရားကိုကားပေါ်မှပင် ကျွန်တော်လှမ်းမြင်ရပါ သည်။ ဖြတ်ခဲ့ရာကမ်းနားလမ်းတခုလုံး မီးအမှောင်ကျနေသည်မှာ လျှပ်စစ်ဓာတ်အားအကြီးအကျယ် ပြတ်တောက်ခြင်းနှင့်ရင်ဆိုင်ခဲ့ရသော ၁၉၉၀ ပြည့်လွန်နှောင်းပိုင်းနှစ်များကိုပင် သတိရမိစေပါသည်။ ဗိုလ်တထောင်ဘုရားလမ်းအတိုင်း ကျွန်တော်ဆက်မောင်းလာခဲ့ပြီးမဟာဗန္ဓုလလမ်းအတိုင်း ကျွန်တော်ဆက်မောင်းလာခဲ့ရာမှ ဗန္ဓုလတံတားပေါ်သို့ တက်လာခဲ့ရာတွင် ယာဉ်များပိတ်ဆို့လျက် ရှိပါသည်။ ပိတ်ဆို့လျက်ရှိသောယာဉ်ကြောအတိုင်းတရွေ့ရွေ့ မောင်းနေစဉ်တွင်ပင် ဟိုးအဝေးမြစ်ဘက်ကောင်းကင်ယံထက်တွင် လျှပ်စီးမိုးကြိုးများတခါတခါ လက်နေကြသည်ကိုတွေ့နေရပါသည်။ ဗန္ဓုလတံတား မှဆင်းလာခဲ့ပြီးနောက်တွင်မူ ကျွန်တော့် သူငယ် ချင်းနေထိုင်ရာဒေါပုံမြို့နယ်အတွင်းသို့ ရောက်လာခဲ့ပါသည်။ ထိုနေရာတဝိုက်တွင်လည်းမီးများပျက်လျက် မှောင်အတိကျလျက်ရှိရသည့်အထဲရောင်ပြန်ကလေးမျှပင်ကပ်မထားသည့် ကားလမ်းကိုပိတ်ဆို့သည့် အနီအဖြူသစ်သားဘောင်တန်းအတားအဆီးများက မြွေလိမ်မြွေကောက်သဖွယ် လမ်းပေါ်တွင်ချထားလေရာ ကျွန်တော့်မှာယင်းတို့ကိုရှောင်တိမ်း၍ မောင်းနှင်နေရသည့်အပြင် မျက်နှာချင်းဆိုင်မှလမ်းပြောင်းပြန် မောင်းလာသောဆိုက် ကားနှင့် စက်ဘီးများကိုလည်းသတိနှင့် ကြည့်နေရပါသည်။ ထို့နောက် ကျွန်တော့်သူငယ်ချင်းအားသူနေထိုင်ရာဒေါပုံမြို့နယ်ထဲက ကျဉ်းမြောင်းလှသောလမ်းကလေးတလမ်း၏ထိပ်တွင်ချပေးခဲ့ပြီး ကျွန်တော်ပြန်၍ထွက်လာခဲ့ပါသည်။ အပြန်လမ်းတွင်လည်းလမ်းမတလျှောက် အထူးသဖြင့် သက်ဆိုင်ရာမြို့နယ် ရဲစခန်းများလုံခြုံရေးတပ်ဖွဲ့များစခန်းအထိုင်ချထားဟန်ရှိသည့် နေရာများ၏ရှေ့တွင်ချထားသည့် အကာအတားအဆီးများအားခဲယဉ်းစွာဖြတ်ကျော်၍ မောင်းလာခဲ့ရပါသည်။ ဖြတ်သန်းခဲ့ရာလမ်းတလျှောက်တွင် တွေ့ခဲ့ရသည့် လမ်းဘေးဝဲယာ မှ လူများသာမကလမ်းပေါ်တွင် သွားလာနေကြသည့် စက်ဘီးဆိုက်ကားအစရှိသည့်ယာဉ်များကိုမောင်းနှင်နေသည့်လူများမကျန် ခွေးလေခွေးလွင့်များအဆုံး ညှိုးနွမ်းခြောက်သွေ့ဆင်းရဲမွဲတေ ဆာလောင် မွတ်သိပ်နေကြပုံများမှာ မည်သူမျှ သတိမထားမိဘဲမနေနိုင်လောက်အောင်ပင် ထင် ရှားလှပါသည်။ ကျွန်တော် ရောက်ရှိနေရာပတ်ဝန်းကျင်တခိုလုံးမှာမကြာမတင် မီပင် ပွင့်အန်ပေါက်ကွဲထွက်တော့မည့် ပြည်တွေနှင့်တင်းနေသောအိုင်းအနာကြီးတခုနှင့်တူလှ၍ စိတ်နှလုံးတုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှပုံမှာတသက်တွင် မကြုံဖူးရလောက်အောင်ဖြစ်နေပါသည်။

ပြဿနာ၏အစကိုပြန်လှန်စဉ်းစားကြည့်သောအခါတွင် ၁၉၄၈ ခုနှစ် အင်္ဂလိပ်တို့ထံမှ လွတ် လပ်ရေးရယူသောအချိန်တွင် ကျွန်တော်တို့နိုင်ငံ၏ နိုင်ငံရေးခေါင်းဆောင်များနိုင်ငံရေးဓာတ်ခွဲခန်းအတွင်းတွင် စွန့်စားတီထွင်ပေါင်းစပ်ခဲ့သောနိုင်ငံရေးမြေပုံမှာအမှားကြီးမှား၍ ရည်ရွယ်ရိုး ရင်းရှိခဲ့သောကောင်းမြတ်သည့် မည်သည့် လွတ်လပ်ခြင်းတရားမျှတခြင်းနှင့် ငြိမ်းချမ်းခြင်းကိုမျှ ဖော်ဆောင်နိုင်ခြင်းမရှိခဲ့ဘဲသွေး၊ ချွေးနှင့် မျက်ရည် တို့ဖြင့်သာအတိပြီးသည့် စစ်အာဏာ ရှင်စနစ်ပေါ်ပေါက်ခဲ့ခြင်းသာအဖတ်တင်ခဲ့ပါကြောင်း ယခုအခါ ဘွားဘွားကြီးပေါ်ခဲ့ရပြီဖြစ်ပါသည်။ စင်စစ်ကျွန်တော်တို့ နိုင်ငံတွင် မြန်မာလူမျိုးများယေဘုယျနေထိုင်ရာမြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် အရှေ့အနောက်တောင်မြောက်ဝဲယာရှိ တိုင်းရင်းသားဒေသများသည် သမိုင်းတလျှောက် အပြန်အလှန်ကူးလူးဆက်ဆံမှုများအစဉ်မပြတ်ရှိနေခဲ့သော်လည်း တိုင်းတတိုင်း ပြည်တပြည်ကဲ့သို့ ခွာမရသောအစေးကပ်ခြင်းမျိုးကား မည်သည့်အခါမျှမရှိခဲ့ခြင်းကိုလျစ်လျူရှု၍ လူမျိုးကိုအခြေခံသော ‘ပြည် ထောင်စုအတု’ တခုကိုကိုယ်စွမ်းကိုယ်စအလျဉ်းမရှိပါဘဲ ကျွန် တော်တို့ ဖန်တီးမိလျက်သားဖြစ်ခဲ့ခြင်းမျှသာဖြစ်ပါသည်။ ကိုလိုနီနယ်ချဲ့အင်္ဂလိပ်ဟု ကျွန် တော်တို့တွင်တွင် စွပ်စွဲခဲ့ကြသော်လည်းကိုယ်တိုင်ပင် ကိုလိုနီနယ်ချဲ့ မြန်မာဖြစ်နေခြင်းအားအမှန်အတိုင်းရှုမြင်ရန် ကျွန်တော်တို့ပျက်ကွက်ခဲ့ကြခြင်း မျှသာဖြစ်ပါသည်။

ရည်ရွယ်ရိုးရင်းကားစေတနာမကင်းသောကြောင့် စေတနာအမှားဟုဆိုနိုင်သော်လည်းလူမျိုးကိုအခြေခံသောပြည်ထောင်စုဟူသည် တည်ဆောက်ရန်အလွန်ခက်ခဲ၍ကျွန်တော်တို့ မြန်မာနိုင်ငံကဲ့သို့ အလွန်နုနယ်၍ မည်သည့် နိုင်ငံရေးအခြေခံမျှမရှိသောနိုင်ငံကလေးကိုမဆိုထားနှင့် အလွန်ကြီးကျယ်သည့် ဆိုဗီယက်ကဲ့သို့သောပြည်ထောင်စုကြီးပင်လျှင် မအောင်မြင်ဘဲနောက်ဆုံးပြိုကွဲခဲ့ရသည်ကိုသမိုင်းက သက်သေပြခဲ့ပြီးဖြစ်ပါသည်။ ဤအခြင်းအရာတို့မှာ ကျွန်တော့် ထင်မြင်ချက်သာဖြစ်၍ ဧကန်မှန်လိမ့်မည်ဟုမဆိုဝံ့သော်လည်းအကြောင်းအကျိုးနယ်ပယ် အတွင်းတွင်သာရှိပါသည်ဟု ကျွန်တော် ယုံကြည်ပါသည်။ စင်စစ်ကျွန်တော်တို့ လက်ရှိကမ္ဘာတွင် သတ်မှတ်ထားသောနယ်နမိတ်မျဉ်းမှန်သမျှသည် ထိုနယ်နမိတ်အတွင်းတွင်နေထိုင်ကြသောသူများ၏ ကောင်းကျိုးချမ်းသာနှင့်တကွ ထိုနယ်နမိတ် အပြင်ကလူများ၏ကောင်းကျိုးချမ်းသာအတွက်မျှသာဖြစ်သင့်၍ ထိုထိုနယ်နမိတ်မျဉ်းများသတ်မှတ်ထားခြင်းအတွက် ဖြစ်စေမသတ်မှတ်ထားခြင်းအတွက်ဖြစ်စေ သွေးတစက်မဆိုထားနှင့် ချွေးတပေါက်မျှပင်ကျရန် မထိုက်တန်ပါကြောင်း စဉ်းစားဉာဏ်ရှိသည့် မည်သူမဆိုလက်ခံနိုင်လိမ့် မည် ဟုထင်ပါသည်။ မည်သို့ပင်ဖြစ်စေကျွန် တော်တို့မှာမှားခဲ့ပြီဖြစ်၍ ထိုအမှား၏ဒဏ်ကိုအမှားကိုမပြင်နိုင်သရွေ့ ခံနေကြရတော့မည် ဖြစ်ပါသည်။

စိမ်းစို
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar