Breaking News

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၃၄ နှစ်ပြည့် နဲ့ အာဏာရှင်လောင်းရိပ်က ရုန်းထွက်ကြဖို့ အရေး



မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၇ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၂၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၃၄ နှစ်ပြည့်နဲ့ အာဏာရှင်လောင်းရိပ်က ရုန်းထွက်ကြဖို့ အရေး

စက်တင်ဘာ ၂၇ ရက်က ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း (၃၄)နှစ် အခမ်းအနားကို အွန်လိုင်းကနေ လိုက်ဗ်လွှင့်သွားပါတယ်။ NLD ပါတီက မြေပေါ်ပါတီတရပ်အနေနဲ့ စစ်ကောင်စီမျက်စိအောက်မှာ သတိကြီးကြီးနဲ့နေတဲ့ ပါတီလို့ ပြောလို့ရပါတယ်။ သည်တခါ ၃၄ နှစ်မြောက်မှာတော့ NLD ပါတီက လွတ်မြောက်နယ်မြေအခြေစိုက် CRPH တို့ NUG တို့က သူတို့ပါတီဝင်တွေ၊ အမတ်တွေနဲ့ မဟာမိတ်တွေနဲ့အတူ လက်တွဲပြီး ဗြောင် အခမ်းအနား ကျင်းပတာမို့ ထူးခြားတယ် ဆိုရပါတယ်။ အွန်လိုင်းလွှင့်တာကလည်း PVTV တို့လို နွေဦးတော်လှန်ရေးအခြေခံတဲ့ မီဒီယာပလက်ဖောင်းကနေ လိုက်ဗ်လွှင့်ထာ တွေ့လိုက်ရပါတယ်။ (နောက်တိုးမှတ်ချက် - အခုတော့ အဲသည်လိုက်ဗ် ဗီဒီယို မတွေ့ရတော့ပြန်ဘူး)

တလောက NLD ပါတီခေါင်းဆောင်တွေကိုယ်တိုင်က NUCC ၏ အခန်းကဏ္ဍမှာ အကန့်အသတ်နဲ့ လက်တွဲမယ် လက်မတွဲဘူးလို့ ပြောကြဆိုကြ ဆွေးနွေးကြ ဖြစ်ခဲ့ကြပါတယ်။ မြေပေါ်ပါတီတရပ်အနေနဲ့ကော ၂၀၂၀ ရွေးကောက်ပွဲနိုင် ပါတီအနေနဲ့ကော ပါတီအလံကို လွတ်မြောက်နယ်မြေမှာ လွှင့်ထူမယ် မထူဘူးဆိုပြီးတော့လည်း အချင်းချင်းကြား ဆွေးနွေးငြင်းခုံမှုတွေ ရှိခဲ့တယ်လို့ ကြားဖူးပါတယ်။ လက်ရှိမြေပေါ်မှာ စစ်ကောင်စီလက်အောက်က တရားဝင်ပါတီအဖြစ် ဆက်ရပ်တည်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့၊ ၂၀၂၃ ရွေးကောက်ပွဲ ဖြစ်နိုင်ချေကို ချိန်ဆဖို့စတဲ့ အရေးတွေအပြင် မြေပေါ်မှာ ဆက်ကျန်ရစ်တဲ့ ပါတီခေါင်းဆောင်တွေ ပါတီဝင်တွေ၊  ဖမ်းဆီးထိန်းသိမ်းထောင်ချခံ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲဲ စဉ်ဆက်မပြတ် ထိတွေ့ ဆက်ဆံဖို့ စတဲ့အရေးတွေကို အတော်ကို စဉ်းစား ချိန်ဆ ခေါင်းခဲနေတဲ့ ပါတီလို့လဲ ဝေဖန်သူအချို့က မှတ်ချက်ပေးပါတယ်။

အခုတော့ NLD ၃၄ နှစ်ပြည့် မွေးနေ့ကို ပြည်ပရောက်နဲ့ ပြည်တွင်းကတိမ်းရှောင်နေတဲ့ ပါတီဝင်တွေ ခေါင်းဆောင်တွေ အမတ်တွေနဲ့ ကျင်းပလိုက်ကြပါပြီ။ ဒီအခမ်းအနားက  NLD ပါတီ၏ ရပ်တည်ချက် ထုတ်ဖော်ချက်တွေဟာ မြန်မာပြည်တဝှမ်းမှာ ရှိတဲ့ ပါတီခေါင်းဆောင်တွေ ပါတီဝင်တွေ အမတ်တွေ၏ တခဲနက်သော ဆန္ဒသဘောထားအဖြစ် ထပ်တူတယ်ဆိုရင်တော့ NLD ပါတီဟာ နွေဦးတော်လှန်ရေးနဲ့ အတူတူလက်တွဲ ချီတက်နေပြီလို့ ဆိုနိုင်ပြီလား မသိပါ။

"အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဟာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီအခွင့်အရေးအတွက် ဖွဲ့စည်းတည်ထောင်ရုံသာမက အခက်အခဲပေါင်းမြောက်များစွာကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ပြီး ပြည်သူဘက်မှ မားမားမတ်မတ် ရပ်တည်ခဲ့တာကို အထင်အရှားတွေ့မြင်ရပါတယ်"လို့ NUG ၏ ယာယီသမတကြီးက အခမ်းအနားမှာ ချီးကျုးစကား ဆိုလိုက်ပါတယ်။  ဒါ့အပြင် NLD ပါတီဝင်များအနေနဲ့ တစ်ခဲနက်အောင်မြင်မှုရရှိလာချိန်မှာ တစ်ဦးကိုတစ်ဦး အလေးထားဖို့နဲ့ အခြားပါတီများနဲ့ပူးပေါင်းဆောင်ရွက်ရာမှာ ပိုမိုအာရုံစိုက်ဖို့နဲ့ ယခုထက်ပိုမိုကြိုးစားလုပ်ဆောင်ဖို့ကိုလည်း ယာယီ သမ္မတ ဒူဝါလရှီးလကထပ်လောင်းပြောကြားခဲ့ပါတယ်။ ယာယီသမတကြီးက အခြားပါတီများနဲ့ ဆက်ဆံရေးကို သည်ထက်ပိုပြီး လုပ်ဆောင်ကြပါလို့ တိုက်တွန်းနေတာကို သတိချပ်လိုက်မိပါတယ်။

NLD ပါတီ ဗဟို၏ ၃၄ နှစ်ပြည့် တရားဝင်ထုတ်ပြန်ချက်မှာကတော့ NLD က ၂၀၁၉ ဒေါ်အောင်ဆန်းစုကြည်လမ်းညွှန်ထားတဲ့ ဖယ်ဒရယ်အခြေခံမူ ၆ ချက်ကို လက်ခံပြီးတော့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်ရေးကို ပြင်ဆင်နေတယ်လို့ ဆိုထားတော့ သူတို့တွေက လက်ရှိ ပင်မရေစီးဖြစ်တဲ့ NUCC - CRPH - NUG  တို့၏ Raod Map နဲ့ အတူတူပဲလားဆိုတာကို အတိအလင်းမပြောထားတာကတော့ ထောက်ပြစရာ ရှိပါတယ်။ 

သို့ပေမယ့် ပြည်ပရောက်နေတဲ့ ပါတီခေါင်းဆောင်လဲဖြစ်၊ CRPH ဥက္ကဌလည်း ဖြစ်တဲ့ ဦးအောင်ကြည်ညွန့်ကတော့ - "အကြမ်းဖက် စစ်ကောင်စီဟာ မြန်မာ့နိုင်ငံရေးမှာ စစ်ဘက်လွှမ်းမိုးမှုဆိုတဲ့ အနိုင်ကျင့်ကြီးစိုးမှုရဲ့ နောက်ဆုံးချုပ်ငြိမ်းတော့မယ့် ကွယ်ပျောက်တော့မယ့်မျိုးဆက်အဖြစ် နိဂုံးချုပ်တော့မယ်ဆိုတာကို မြင်တွေ့နေရပြီဖြစ်ပါတယ်။တိုင်းရင်းသားပြည်သူအားလုံးရဲ့အောင်ပွဲဟာ ညီတူအားစိုက်မှုနဲ့အတူ အပြီးသတ်ရရှိတော့မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ သည်လိုဆိုလိုက်ပြန်တော့ သူတို့ပါတီက နွေဦးတော်လှန်ရေးနဲ့ ပြည်သူတွေနဲ့ တသဘောတည်းပဲလို့ ကောက်ယူရမလို ဖြစ်နေပါတယ်။

ပါတီရပ်တည်ရေးနဲ့ပတ်သက်ပြီး အတွင်းပဋိပက္ခတွေ ရှိနေပုံရတာကို ပါတီ၏ သဘာပတိတဦးဖြစ်တဲ့ မန်းဂျော်နီ၏ စကားထဲမှာလည်း တွေ့ရှိနိုင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင် မန်းဂျော်နီ မှ အခုလိုပြောကြားလိုက်ပါတယ် တဲ့။

"မိမိတို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဖြတ်သန်းမှုသမိုင်းဟာ ပြည်သူတွေရဲ့သမိုင်းဖြစ်တယ်။ပြည်သူတွေ ဒုက္ခဆင်းရဲဟာမိမိတို့ အဖွဲ့ချုပ်ရဲ့ဒုက္ခဆင်းရဲပဲ ဖြစ်တယ်။မိမိတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလို ပြည်သူရှိရင် ပါတီရှိမယ်ဆိုတဲ့အတိုင်း မိမိတို့အဖွဲ့ချုပ်ဟာ ပြည်သူကိုအခြေခံသလို၊ပြည်သူ့အရေးကို ဘယ်တော့မှ ဘယ်အကြောင်းနဲ့မှ စွန့်ခွာ သစ္စာဖောက်လို့မရဘူးဆိုတာ သတိရကြစေလိုတယ်"လို့ဆိုပါတယ်။

ဆိုတော့ NLD ပါတီဟာ စစ်ကောင်စီနဲ့ ဆက်ဆံရေးမှာ ပြတ်ပြတ်သားသားရပ်တည်ဖို့အရေး၊ နွေဦးတော်လှန်ရေးအင်အားစုများအပါအဝင် NLD ပါတီဝင်တွေ အများအပြားပါဝင်တဲ့ NUCC CRPH NUG အင်အားစုတွေနဲ့ ဆက်ဆံရေးမှာ ရှင်းလင်းပြတ်သားဖို့အရေး ၂ ခု ကြားမှာ ရှိနေဆဲဖြစ်တယ်လို့ ကောက်ချက်ဆွဲရင် မှားမယ် မထင်ပါဘူး။ 

NLD ပါတီ၏ သမိုင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း အာဏာရှင်လောင်းရိပ်မျိုးစုံကနေ ရုန်းထွက် ဖီဆန် ရှင်သန်ခဲ့ကြတာကို တွေ့နိုင်ပါတယ်။ NLD ကို ကျောင်းတကျောင်းလို စဉ်းစားရင် ကျောင်းအုပ်မျိုးစုံအောက်ကနေ ကျောင်းသားတွေ ဖြတ်သန်းတက်ရောက်ခဲ့ကြသလိုမျိုးပါပဲ။ ဦးတင်ဦး၊ ဦးကြည်မောင်၊ ဦးအောင်ကြီး၊ ဦးအောင်ရွှေ၊ ဦးလွင်တို့လို စစ်ခေါင်းဆောင်ဟောင်းတွေ အောက်က NLD ပြီးတော့ သက်ကြီးတန်း အရပ်သား တတ်သိပညာရှင်တွေ နိုင်ငံရေးသမားဟောင်းကြီးတွေအောက်က NLD ။ စတဲ့ သဘောထား ရပ်တည်ချက် ခံယူမှုတွေ ကွဲပြားတဲ့ အုပ်ချုပ်မှုမျိုးစုံအောက်က ဖြတ်သန်းလာတဲ့ NLD မျိုးဆက် ကျောင်းဆင်းတွေ အများကြီး ပေါ်ထွက်ခဲ့ပါတယ်။ နောက်ဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်က NLD နောက်ဆုံးမျိုးဆက် ကျောင်းဆင်းတွေအထိလို့ ဆိုရပါမယ်။ နွေဦးတော်လှန်ရေးမှာ သုံးသပ်ကြည့်ရရင် နောက်ဆုံး NLD ကျောင်းဆင်းတွေ (၉၆ မျိုးဆက်၊ ရွှေဝါရောင်မျိုးဆက်၊ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲဖြတ်သန်း မျိုးဆက်တွေ) က  မျိုးဆက်ဟောင်း လောင်းရိပ်ပေါင်းစုံ အာဏာရှင်ဆန်တဲ့ လောင်းရိပ်မျိုးစုံကနေ ရုန်းထွက်ပြီး အာဏာရှင်မျိုးဆက်ဖြတ်မယ့် နွေဦးဖယ်ဒရယ်တော်လှန်ရေးထဲ ဝင်ရောက် ရုန်းကန်နေကြတဲ့ အချိန်ရောက်လာခဲ့ပြီ ဆိုရမှာ ဖြစ်ပါတယ်။  နောက်ဆုံး NLD ပါတီကျောင်းဆင်းတွေက ဆရာ့ထက် တပည့် လက်စောင်းထက်ကြလိမ့်မယ် မျှော်လင့်ပါတယ်။ ဒေါ်စုကိုယ်တိုင်ကလည်း တိုင်းပြည်က ကျမကို မလိုအပ်တော့ဘူး ဆိုတဲ့အချိန်အခါမျိုးကို ကျမကြိုဆိုပါတယ်လို့ ဒီသဘောထားမျိုး ပြောခဲ့ဘူးပါတယ်။

မျိုးဆက်ဟောင်းတွေကိုယ်တိုင်က ဂုဏ်ယူရတဲ့ မျိုးဆက်သစ်တွေ၏ ခေါင်းဆောင်မှုနောက်က လိုက်ကြရမယ့် အနာဂတ်တိုင်းပြည်ကိုသာ မြင်လိုပါတယ်။ NLD ပါတီ ၃၄ နှစ်မှာ ဘယ်လဲ ဘာလဲ စဉ်းစားပြီးကြပြီလို့ ထင်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar