Breaking News

သီအိုဇော် - ရုရှား-မြန်မာ-တရုတ် သုံးပွင့်ဆိုင် အခင်းအကျင်း ( ၄ )


သီအိုဇော် - ရုရှား-မြန်မာ-တရုတ် သုံးပွင့်ဆိုင် အခင်းအကျင်း ( ၄ )

(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၂၂


‘ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့’ (SCO) အစည်းအဝေးမတိုင်မီ ရေးသားခဲ့တဲ့ ဆောင်းပါးမှာ စစ်ကောင်စီအနေနဲ့ ဒီအဖွဲ့ထဲ ပါဝင်နိုင်ဖို့ စိတ်ကူးယဥ်နေမှာ ဖြစ်ကြောင်း မှန်းဆရေးသားခဲ့ပါတယ်။ ဒီအစည်းအဝေးအပြီးမှာ သိရတာကတော့ ဆွေးနွေးဖက်နိုင်ငံအဖြစ် လက်ခံလိုက်တယ် ဆိုတာကိုပါ။ 

မျက်မှောက်ကာလအထိ နိုင်ငံတကာက အလေးအနက် အာရုံစူးစိုက် စောင့်ကြည့်မှု အကြီးအကျယ်မရှိသေးတဲ့ ‘SCO’ လို အဖွဲ့မှာ ဆွေးနွေးဖက်အဆင့်ဆိုတာ သိပ်ရေးကြီးခွင်ကျယ် ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံအများစုက ဝိုင်းကြဥ်ထားတဲ့ စစ်ကောင်စီကို ‘ရုရှား၊ တရုတ်’ နှစ်နိုင်ငံက နေရာပေး ဆက်ဆံလိုက်တာကို ပိုပေါ်လွင်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက ‘အန်ဟွေး’ပြည်နယ် ‘တွမ်ရှီ’(Tunxi – Anhui Province)မှာ ‘ဝမ်ယိ’က စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဆိုသူကို လက်ခံတွေ့ဆုံခဲ့တာ၊ ဇူလိုင်လမှာ ပုဂံ(လန်ချန်း-မဲခေါင်) အစည်းအဝေးလာ တက်ရောက်ပြီး ထပ်တွေ့ ခဲ့ကြတာတွေကလည်း တရုတ်ရဲ့ ခြေလှမ်းပြင်ဆင်နေမှုကို သတိထားမိစေပါတယ်။ ဒီလိုတဖက်မှာ တွေ့မြင်လာရပေမယ့် အခုအချိန်အထိ NUGနဲ့ ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်မလာသေးဘူးလို့ ကြားသိထားရတာသာ မှန်နေရင်တော့ ဒီခြေလှမ်းတို့ရဲ့  ဦးတည်ရာကို ပိုသတိရှိရပါလိမ့်မယ်။

‘လေနီကြမ်းနဲ့ လေပြည်ညင်း’ရယ်လို့ သုံးစွဲရေးသားလိုက်ပေမယ့် ဒီတရုတ်ခေါင်းဆောင်မျိုးဆက်ဟာ မြန်မာပြည်သူများနဲ့ ‘နွေဦးတော်လှန်ရေး’ကို ပစ်မှတ်ထား ခပ်ကြမ်းကြမ်းတိုက်ခတ်တဲ့ အပြုအမူထက် ပိုလိမ္မာပါးနပ်တဲ့ အကွက်ကို ရွှေ့မယ့်သူတွေပါ။ တနည်းအားဖြင့်  စစ်ကောင်စီ အသက်ရှူပေါက်ရသွားအောင် စစ်ကောင်စီဘက်ကို လေနုအေးနဲ့ လေပြည်ညင်းလေး တိုက်ခတ်ပေးဖို့ ပြင်ဆင်မယ့်သူတွေလို့ ယူဆရပါတယ်။ ထင်သလောက် ခရီးမရောက်နိုင်တာကတော့ မျက်နှာပျက်ပြီးရင်း ပျက်နေရတဲ့ စစ်ကောင်စီရဲ့  ညံ့ဖျင်းမိုက်မဲမှုကြောင့်လို့သာဆိုပြီး တရုတ်က အပြစ်တင်နိုင်ပါတယ်။

တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီကို ချဥ်းကပ်တုံ့ပြန်ရတာဟာ နှစ်ဖက်သွားဓားကို ကိုင်တွယ်ရသလိုမျိုးလို့ ဆိုလေ့ရှိကြပါတယ်။ တကယ်တော့ မြန်မာ့အရေးနဲ့ဆက်စပ်ပြီး တရုတ်နိုင်ငံအကြောင်း ရေးသားရတာဟာလည်း နှစ်ဖက်သွားဓားနဲ့ ထိတွေ့ရသလိုပါပဲ၊ သတိကြီးကြီး ထားကြရပါတယ်။

စကားပလ္လင်ခံနေရတဲ့ အကြောင်းရှိပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ‘အိမ်နီးချင်းကောင်း မပီသတဲ့နိုင်ငံ’ ဆိုပြီး ခေါင်းစဥ်တည်ပေးလိုက်တာနဲ့ မြန်မာပြည်သူများအတွက် သမိုင်းအစဥ်အဆက် ကြုံတွေ့ ခံစားမှုများကနေ ဝေဖန်ပြစ်တင်စရာတွေက ဒုနဲ့ဒေးပါပဲ၊ကိုယ်တိုင်လည်း အလျဥ်းသင့်သလို ပြောဆိုရေးသား ဖူးပါတယ်။ဒီတကြိမ်မှာတော့ အတွေး‌ထောင့်တစ်မျိုးနဲ့ ပြောင်းလဲရှုမြင်ကြည့်ဖို့  ကြိုးစားကြည့်လိုတဲ့ အ တွက်ပါ။

တရုတ်နိုင်ငံဟာ တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်ယှဥ်ပြိုင်ဖက်လို့ စာရင်းတို့ထားနိုင်ပါတယ်၊တဖက် အသင်းရဲ့ ကစားပုံကစားကွက်တို့၊ဘယ်အချိန်မှာ ဘယ်ဖက်ကဘယ်လို တင်ပို့ပေးပြီး ဘယ်နေရာက ထိုး ဖေါက်လာမယ်တို့ အတိအကျ ကြိုတင်ခန့်မှန်းဖို့ မဖြစ်နိုင်တဲ့အခါမှာ၊ အဓိကကစားသမားများရဲ့ ကစားလေ့ ရှိပုံ၊သူတို့ရဲ့အားသာချက် စတာတွေကို ဆွေးနွေးကြခြင်းဟာ အကျိုးမယုတ်ဘူးလို့ ယူဆမိတဲ့အတွက် အခုလို ရေးသားရခြင်းလည်း ဖြစ်ပါတယ်။

ဝေဖန်ရှုတ်ချ ရေးသားဟန်မဟုတ်ပေမယ့် အကောင်းမြင် ချီးမွမ်းခန်းဖွင့်နေခြင်း မဟုတ်ကြောင်းကိုလည်း သ တိချပ် ပေးစေလိုပါတယ်။ပထဝီအနေအထားအရ ဘယ်လိုမှခွဲထုတ်စဥ်းစားလို့ မရနိုင်တဲ့ အိမ်နီးချင်း၊ မြန်မာ့ ဒီမိုကရေစီလမ်းကြောင်းမှာလည်း အဟန့်အတားတရပ်လို ဖြစ်နေတဲ့ အင်အားကြီးနိုင်ငံရဲ့ နိုင်ငံခြားရေး မူ ဝါဒများကို ဖေါ်ဆောင်နေကြသူများနဲ့ သူတို့စွဲကိုင်ထားမှုများကို  ချဥ်းကပ်လေ့လာကြည့်ဖို့က အရေးကြီးပါ တယ်။ကိုယ့်နိုင်ငံနဲ့ဆက်နွှယ်တဲ့ အရေးကိစ္စများ မှာသာမက၊ နိုင်ငံတကာအခင်းအကျင်း များစွာမှာလည်း ဒီ ပုဂ္ဂိုလ်များရဲ့  တွေးခေါ်ဆုံးဖြတ်ချက်တွေကို လျစ်လျူရှုလို့ မရနိုင်တာက မျက်မြင်ပါပဲ။ 

ခေတ်ပြိုင်များ၏ဖြတ်သန်းမှု

အတိုင်းအတာ ဘယ်လောက်အထိ လွှမ်းမိုးမှုရှိနိုင်မယ်ဆိုတာ မသိနိုင်ပေမယ့် ဒီကနေ့ တရုတ်နိုင်ငံရဲ့ မြန်မာ နိုင်ငံခြားရေးပေါ်လစီမှာ ထဲထဲဝင်ဝင် ပတ်သက်နေသူ(၃)ဦးဟာ ယဥ်ကျေးမှုတော်လှန်ရေးစတင်ခဲ့တဲ့ ၁၉၆၆ ခုနှစ်မှာ (၁၃)နှစ်သား၊ အိမ်နီးချင်းမြန်မာနိုင်ငံမှာ တရုတ်-မြန်မာအရေးအခင်းကြောင့် ရန်ကုန်တရုတ်သံရုံး  အ တွင်းမှာတောင် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ရဖူးတဲ့  ၁၉၆၇ ခုနှစ်မှာ (၁၄)နှစ်သားအရွယ်၊သက်တူရွယ် တူတွေမို့ ဒီဖြစ်ရပ်‌တွေကို အတူတွေ့ကြုံ ဖြတ်သန်းခဲ့ရသူများလို့ ပြောနိုင်ပါတယ်။ 

ဒီလိုကြုံတွေ့ခဲ့ရသော သမိုင်းဖြစ်စဥ်တွေကို နောင်တချိန် ကြီးမားတဲ့ တာဝန်ယူကြရတဲ့ အခါမှာလည်း ပြန် လည်သတိရ သင်ခန်းစာယူမိကြမှာပါ။ မြန်မာပြည်သူများရဲ့ စိတ်ခံစားမှုကို ထည့်စဥ်းစားကြတဲ့ အတွက် လည်း ရုရှားရဲ့ဆက်ဆံရေးထက်စာရင် တရုတ်က ပိုသတိထား ချဥ်းကပ်နေပုံရပါတယ်။ ’၈၈’ အာဏာသိမ်း ပြီးစဥ်က တုန့်ပြန်မှုနဲ့ လက်ရှိတရုတ်ခေါင်းဆောင်များရဲ့  တုန့်ပြန်မှုကို နှိုင်းယှဥ်ကြည့်ရင် ပိုပေါ် လွင်ပါတယ်။  

‘ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်’ဥက္ကဌဖြစ်သူ တရုတ်နိုင်ငံသမ္မတ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အာရှရေးရာ တရုတ်အထူးသံတမန်တို့ (၃)ဦးတို့ဟာ ၁၉၅၃ ခုနှစ်ဖွားတွေ ဖြစ်ကြပါတယ်။ အသက်အရွယ် ကြီးစဥ်ငယ် လိုက်ဆိုရင်တော့ ‘ဆွန်းကော်ရှန်း၊ရှီကျင့်ဖျင်၊ဝမ်ယိ’လို့ ရေးရပါလိမ့်မယ်။ ခေတ်ပြိုင်များဖြစ်ကြတဲ့အတွက် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းပေါ် သူတို့ရဲ့ ထင်မြင်ယူဆချက်ဟာ နီးစပ်ပါလိမ့်မယ်၊မြန်မာနိုင်ငံအပေါ် အမြင် များမှာလည်း ကွာဟချက်နည်းမယ်လို့ ပြောနိုင်ပါတယ်။

အထူးသံတမန်တစ်ဦးဖြစ်သူ ‘ဆွန်းကော်ရှန်း’အကြောင်းကို ထည့်သွင်းရေးသားထားပေမယ့်် သူကပေါ်လစီချ မှတ်တဲ့ ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်မှာ ပါဝင်သူမဟုတ်လို့၊ ဒီ(၃)ယောက်အနက် ‘ရှီကျင့်ဖျင်’ နဲ့’ဝမ်ယိ’တို့ရဲ့ အခန်းကဏ္ဏကသာ ပိုအရေးကြီးတယ်လို့ ပြောရပါမယ်။  ‘ဝမ်ယိ’နဲ့ ‘ဆွန်းကော်ရှန်း’က Career Diplomat တွေ လို့ ပြောလို့ရပါတယ်၊နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တောက်လျှောက် အမှုထမ်းခဲ့သူတွေပါ။ ’ဝမ်ယိ’ကတော့ နောက်ပိုင်း (၁၇)ကြိမ်မြောက် ပါတီညီလာခံကစလို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင် ဆက်တိုက် ဖြစ်လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အစိုးရအဖွဲ့ထဲ ရောက်လာခဲ့ပါတယ်။ 

‘ဝမ်ယိ’နဲ့ ‘ဆွန်းကော်ရှန်း’ သက်တူရွယ်တူ လုပ်ဖေါ်ကိုင်ဖက်နှစ်ဦးဟာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာ ဌာနမှာ အချိန်အတော်ကြာ  အမှုထမ်းခဲ့ကြသူတွေပါ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒု-နိုင်ငံခြားရေးဝန် ကြီးရာထူးက တနေရာမကရှိပြီး၊ ’ဝမ်ယိ’ဒု-နိုင်ငံခြားရေးဝန်ကြီး(၂၀၀၁-၂၀၀၄)ဖြစ်ချိန်မှာ ‘ဆွန်းကော်ရှန်း’ က ဒု-ညွှန်ကြားရေးမှုးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အချိန်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အထိအရှလွယ်တဲ့ တိုင်းပြည်တွေမှာ တရုတ်နိုင်ငံကို ကိုယ်စားပြုခဲ့ကြတဲ့အတွက်  သံရေးတမန်ရေးမှာ အားကိုး ရတဲ့ ကျွမ်းကျင်ပါးနပ်သူများလို့ ဆိုနိုင်ပါလိမ့်မယ်။ 

‘ဆွန်းကော်ရှန်း’က သီရိလင်္ကာ၊ တူရကီ၊ ဗီယက်နမ်နိုင်ငံတို့မှာမှာ သံအမတ်နဲ့ နယူးယောက်မှာ ကောင်စစ်ဝန် ချုပ်လုပ်ခဲ့သူပါ၊ ‘ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်’ (School of Advanced International Studies - John Hopkins University) ကနေ International Policy & Practice ကို မဟာဘွဲ့ယူထားပါတယ်။ ‘ဝမ်ယိ’ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပြီးတဲ့နောက် ‘ဆွန်းကော်ရှန်း’ကို အာရှရေးရာ အထူးသံတမန်အဖြစ် ၂၀၁၅ ခုနှစ်မှာ ခန့်အပ်ခဲ့ပါတယ်။ ‘ဆွန်းကော်ရှန်း’လို အာရှရေးရာနဲ့ နိုင်ငံတကာအတွေ့အကြုံရှိသူတစ်ယောက်ကို  ပြန်ခေါ်ယူခဲ့ခြင်းဟာ ‘ဝမ်ယိ’ ရဲ့ မြန်မာနိုင်ငံအပါအဝင် အာရှဒေသအပေါ်  အလေးအနက် အာရုံထားမှုကို ဖေါ်ပြနေပါတယ်။ 

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ‘ဆွန်းကော်ရှန်း’ဟာ အဲန်စီအေ (NCA) လက်မှတ်ရေးထိုးပွဲ (၂၀၁၅) ၊ မိုင်ဂျာယန်ညီလာခံ (၂၀၁၆0၊ ၂၁ ရာစုပင်လုံညီလာခံ (၂၀၁၇) အစရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေမှာ ပါဝင်ခဲ့သူတစ်ဦး လည်းဖြစ်ပါတယ်။ UWSA၊ မြောက်ပိုင်းမဟာမိတ်များတို့နဲ့လည်း အခါအားလျော်စွာ တွေ့ဆုံတတ်ပြီး ရိုဟင်ဂျာအရေးအတွက် ‘မောင်တော’နဲ့ ‘ကောက်ဇ်ဘဇား’ တို့ကိုလည်း သွားရောက်ခဲ့ဖူးပါတယ်။ 

ဂျပန်ဘာသာနဲ့ ဘွဲ့ကြိုသင်တန်း ပြီးဆုံးထားတဲ့’ဝမ်ယိ’က ဂျပန်နိုင်ငံမှာ တရုတ်သံအမတ်ကြီးအဖြစ် လုပ်ခဲ့ဖူး ပြီး စီးပွာရေးဘာသာရပ်နဲ့ မဟာဘွဲ့ယူခဲ့သူပါ။ အာရှရေးရာဌာနမှာ ညွှန်ကြားရေးမှုးချုပ် တာဝန်ထမ်းဆောင် နေစဥ် ‘ဂျော့ဂျ့်တောင်း တက္ကသိုလ်’ (Georgetown University- USA)က ‘The Walsh School of Foreign Service’(SFS)မှာ  ဧည့်စကော်လာတယောက်အနေနဲ့ ၁၉၉၇ခုနှစ်ဇွန်လမှ ၁၉၉၈ခုနှစ်ဇန်နဝါရီလအထိ သွားရောက် လေ့လာခဲ့ဖူးပါတယ်။ ၂၀၀၁ ခုနှစ် ဒု-နိုင်ငံခြားရေးဝန်ကြီး စဖြစ်တဲ့အချိန်မှာ ဝန်ကြီးဌာနရဲ့ အဲဒီကာလက အသက်အငယ်ဆုံး ဒု-ဝန်ကြီးလို့ ဆိုခဲ့ကြပါတယ်။ အရေးကြီးတဲ့တာဝန်လို့ ပြောနိုင်တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်နိုင်ငံတော်ကောင်စီတို့ရဲ့ ထိုင်ဝမ်ရေးရာရုံးများကို (၂၀၀၈-၂၀၁၃) ခုနှစ်အတွင်းက ဦးဆောင်ခဲ့သူတဦးလည်းဖြစ်တဲ့ ’ဝမ်ယိ’ကို အာရှရေးရာကျွမ်းကျင်သူ စာရင်းထဲ ထည့်ထားကြပါတယ်။

တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးရာပေါ်လစီများ ချမှတ်အကောင်အထည်ဖေါ်ရာမှာ ‘ဗဟိုနိုင်ငံခြားရေးရာကော် မရှင်’က အဓိကအခန်းကဏ္ဏအဖြစ် ပါဝင်ပါတယ်။ ’ဝမ်ယိ’က ‘ဗဟိုနိုင်ငံခြားရေးရာကော်မရှင်’လမ်းညွှန်မှုနဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ဖေါ်ဆောင်ရပါတယ်။ ဒီကော်မရှင်ကို သမ္မတ’ရှီကျင့်ဖျင်’ကိုယ်တိုင် ဦးဆောင်ပြီး  ဝန်ကြီးချုပ်‘လီခဲ့ချန်’(Li Keqiang)က ဒု-ခေါင်းဆောင်အဖြစ် တာဝန်ယူထားပါတယ်။ သူတို့နှစ်ယောက်ဟာ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီ ထိပ်ဆုံးအဖွဲ့ဝင် ၂ ဦးဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ဒုတိယ ဩဇာအရှိဆုံးဖြစ်တဲ့ ‘လီခဲ့ချန်’ဟာ ‘ရှီကျင့်ဖျင်’ထက် အသက် ၂ နှစ် ငယ်ရွယ်ပြီး၊ ‘ဟဲန်နန်’(Henan)ပြည်နယ် အုပ်ချုပ်ရေးမှူးလုပ်ခဲ့စဥ်က တနိုင်ငံလုံး အတိုင်းအတာနဲ့ အသက်အငယ်ဆုံး အုပ်ချုပ်ရေးမှူးလို့ သတ်မှတ်ခံခဲ့ရသူပါ။ ဥပဒေပညာ အရင်ဆည်းပူးခဲ့တဲ့ ‘လီခဲ့ချန်’ဟာ ပီကင်းတက္ကသိုလ်ကနေ စီး ပွားရေးဘာသာရပ်နဲ့ ပါရဂူဘွဲ့ကိုလည်း ရရှိထားပါတယ်။

ယခင်သမ္မတ ’ဟူကျင်တောင်း’ နဲ့ နီးကပ်တဲ့ဆက်ဆံရေး ရှိတဲ့ ‘လီခဲ့ချန်’ဟာ ‘ရှီကျင့်ဖျင်’ရဲ့ လွှမ်းမိုးကန့်သတ်မှု‌ တွေအောက်မှာ သူ့အရင်ဝန်ကြီးချုပ် ’ဝမ်ကျားပေါင်’လောက် လုပ်ပိုင်ခွင့်မရဘူးလို့ ဆိုကြပါတယ်။ ‘လီခဲ့ချန်’က ဝန်ကြီးချုပ်သက်တမ်း ၂ ဆက်ပြည့်မယ့် ၂၀၂၃ခုနှစ်မှာ ဝန်ကြီးချုပ်ရာထူးက အနားယူမယ်လို့ ထုတ်ဖေါ် ပြောဆိုထားပါတယ်။ ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီ အဖွဲ့ဝင်အဖြစ်နဲ့လည်း ဆက်မရှိတော့ပဲ နိုင်ငံရေးစင် မြင့်က လုံးဝထွက်ခွါသွားတော့မယ်ဆိုတဲ့ အသံတွေ ထွက်ပေါ် နေပါတယ်။ ဒီလိုသာဆိုခဲ့ရင်တော့  ပေါ်လစ် ဗျူရို အမြဲတမ်းကော်မတီမှာ ‘ရှီကျင့်ဖျင်’နဲ့ သူရဲ့ အမာခံတွေက လုံးလုံးလျားလျား ကြီးစိုးသွားပြီး ‘ရှီကျင့်ဖျင်’ ဩဇာ ပိုလို့ခိုင်မာသွားမှာပါ။

‘ဗဟိုနိုင်ငံခြားရေးရာကော်မရှင်’ရုံးရဲ့ ညွှန်ကြားရေးမှူးကတော့ ‘ဝမ်ယိ’အရင် နိုင်ငံခြားရေးဝန်ကြီးလုပ်ခဲ့တဲ့ ‘ရန်ကျဲ့ချီ’ (Yang Jiechi) ဖြစ်ပါတယ်။ ‘ရှီကျင့်ဖျင်’ထက် အသက်(၃)နှစ်ကြီးတဲ့ ‘ရန်ကျဲ့ချီ’က မြောက်အမေရိ ကတိုက်နဲ့ ဩစတေးလျ၊ နယူးဇီလန်တို့ပါဝင်တဲ့ သမုဒ္ဒရာရပ်ဝန်းနိုင်ငံများဘက်မှာ အတွေ့အကြုံပိုရှိသူလို့ သတ်မှတ်နိုင်ပါတယ်။ ‘London School of Economics’နဲ့ ‘University of Bath’ မှာ ပညာသင်ကြားခဲ့ဖူးပြီး ‘နန်ဂျင်းတက္ကသိုလ်’ကနေ သမိုင်းဘာသာရပ်နဲ့ ပါရဂူဘွဲ့ ယူထားသူလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် အဖြစ်လည်း ၂၀၀၁-၀၅ ခုနှစ်အတွင်းက တာဝန်ထမ်းဆောင်ခဲ့သူ ပါ။ ၂၀၂၀ရွေးကောက်ပွဲမတိုင်မီ စက်တင်ဘာလ(၁)ရက်နေ့က နေပြည်တော်မှာ သမ္မတကြီး ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း လာရောက်တွေ့ဆုံသွားခဲ့သလို၊ ဒီခရီးစဥ်အတွင်းမှာ အာဏာသိမ်း စစ်ကောင် စီ ခေါင်းဆောင်နဲ့လည်း တွေ့ခဲ့ပါတယ်။

‘ရှီကျင့်ဖျင်’အကြောင်းကတော့ စာအုပ်စာတမ်းများစွာ ထွက်ရှိပြီးတဲ့အပြင် သတင်းမီဒီယာတွေမှာ ပါလေ့ရှိ တာကြောင့် အကျယ်မချဲ့လိုတော့ပါ။ ဖခင်ဖြစ်သူက တရုတ်ကွန်မြူနစ်ပါတီ ပထမမျိုးဆက် ခေါင်းဆောင် များထဲပါပြီး ဒု-ဝန်ကြီးချုပ်နေရာက ဖယ်ရှားခံ၊ အပြစ်ပေးခံရပေမယ့်၊ ကွန်မြူနစ်ပါတီကို ဝင်ရောက်ခွင့်ရဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သူ၊ ၁၀ ကြိမ်မြောက်မှာမှ ငြင်းပယ်မခံရတော့ပဲ ပါတီဝင်ဖြစ်ခဲ့သူက၊ နောက်ဆုံးမှာ ဥရောပတိုက် လူဦးရေစုစုပေါင်းရဲ့ နှစ်ဆနီးပါးရှိတဲ့ နိုင်ငံကြီးရဲ့ခေါင်းဆောင် ဖြစ်လာခဲ့တာကတော့ စိတ်ဝင်စားစရာလို့ ပြောရမှာဖြစ်ပါတယ်။

‘ဝမ်ယိ’၊‘ရန်ကျဲ့ချီ’တို့လို အနောက်တိုင်း ပညာရေးအတွေ့အကြုံတော့ မရရှိခဲ့ပေမယ့်၊ ‘ရှီကျင့်ဖျင်’ကလည်း  ‘Institute of Humanities and Social Sciences-Tsinghua University’ ကနေ ပါရဂူဘွဲ့ကို ရရှိခဲ့သူတဦးပါ။ နိုင်ငံရေးသမားတယောက်အတွက် အဓိကလို့ ပြောလို့မရတဲ့ ပညာအရည်အချင်းကို အလျဥ်းသင့်သလို ဖော်ပြနေခြင်းဟာ တရုတ်ခေါင်းဆောင်မျိုးဆက်တွေရဲ့ တိုးတက်ပြောင်းလဲလာမှု၊ နိုင်ငံတကာနဲ့ ရင်ပေါင်တန်း လေ့လာနေကြမှုတွေကို ပိုမြင်သာစေဖို့ ဖြစ်ပါတယ်။ 

အခုမျိုးဆက်မှတင် မဟုတ်ပါဘူး၊ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့အတူ စီးမျောလိုက်ပါလာမှုကို ဩစတြေးလျ ဝန်ကြီးချုပ်တစ်ဦး ဖြစ်ခဲ့သူ ’ဂျွန်ဟောင်းဝပ်’က လန်ဒန်မှာ တရုတ်ဝန်ကြီးချုပ်’ကျိုရွန်ဂျီ’ (Zhou Rongji)နဲ့ တွေ့ဆုံခဲ့စဥ်က စကားပြန်ပင်မလိုဘဲ နာရီဝက်ကြာ ချောမွေ့စွာ ပြောဆို ဆွေးနွေးနိုင်ခဲ့ကြတဲ့အကြောင်း မှတ်ချက်ချ အသိအမှတ် ပြုခဲ့ဖူးပါတယ်။

တဆက်တည်းမှာ ‘ဗဟိုနိုင်ငံခြားရေးရာကော်မရှင်’မှာ မပါဝင်ပေမယ့်‘ ဩဇာအာဏာအရှိဆုံး အဖွဲ့ဝင် ၇ ဦးပါ ပေါ်လစ်ဗျူရို အမြဲတမ်းအဖွဲ့ဝင်တဦးဖြစ်ပြီး အင်္ဂါစဥ်အရ  နံပါတ် ၅ ရှိသူ ‘ဝမ်ဟုနင်း’(Wang Huning) အကြောင်းကို ဖော်ပြလိုပါတယ်။ ‘ရှီကျင့်ဖျင် အတွေးအခေါ် ‘ (Xi Jinping Thought)နောက်ကွယ်က နိုင်ငံရေး အတွေးအခေါ်ပိုင်ရှင်တယောက် ဖြစ်တဲ့အတွက်ကြောင့်လား ဆိုရင်တော့ တစိတ်တပိုင်း မှန်ကန်တယ်လို့ ဆို ရမှာပါ။ ရာနှုန်းပြည့်မမှန်ရတဲ့ အကြောင်းကတော့ ‘Three Represents’ (ကျန်ဇီမင်း)၊ ‘Scientific Outlook on Development’(ဟူကျင်တောင်း)၊ ’Chinese Dream’ (ရှီကျင့်ဖျင်) ဆိုတဲ့ နိုင်ငံရေးသီအိုရီများမှာလည်း သူ့ရဲ့ ဖီလော်ဆော်ဖီတွေ ပါဝင်တဲ့အပြင်၊ နိုင်ငံတကာမှာလိုပဲ အုပ်စုဖွဲ့နိုင်ငံရေးပုံသဏ္ဏာန်နဲ့ မကင်းတဲ့ တရုတ်ကွန်မြူနစ်ပါတီမှာ ပါတီခေါင်းဆောင် ၃ ဆက်လုံးက အကြံဉာဏ်ယူ နေရာပေးခံရသူ ဖြစ်တဲ့အတွက်ပါ။

အသက် ၂၉ နှစ် အရွယ်ရောက်တော့မှ တရုတ်ကွန်မြူနစ်ပါတီ ဝင်ရောက်ခဲ့သူဟာ ‘ဖုဒန်တက္ကသိုလ်’ (Fudan University) သမိုင်းမှာ အသက်အငယ်ဆုံး ဥပဒေပါမောက္ခအဖြစ် သတ်မှတ်ခံရသူဖြစ်ပြီး ‘ဖုဒန်ဥပဒေကျောင်း’ ရဲ့  မဟာဌာနမှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပြင်သစ်ဘာသာကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပြီး ဥပဒေအပြင်  ‘နိုင်ငံတကာနိုင်ငံရေး’ဘာသာရပ်ကိုလည်း လေ့လာခဲ့သူပါ။ ‘UC Berkeley’ အပါအဝင် အမေရိကန် တက္ကသိုလ်များမှာ ဧည့်စကော်လာတယောက်အနေနဲ့ သွားရောက် လေ့လာခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အတွေးအခေါ်၊ အရေးအသားတွေကို ပါတီ‌တာဝန်ရှိသူများက သတိထားမိလာကြပြီးနောက် အသက် (၄၀) အရွယ်မှာ ‘ကျန်ဇီမင်း’ရဲ့ အဝန်းအဝိုင်းကို ဖိတ်ခေါ်တာ ခံခဲ့ရပါတယ်။ 

အဲဒီအချိန်ကစလို့ ခေါင်းဆောင်အစဥ်အဆက်သာ ပြောင်းသွားပြီး ကန့်လန့်ကာနောက်ကွယ်က  ‘ဝမ်ဟုနင်း’ ကတော့ ထိပ်တန်းခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ထူးခြားချက်ပါပဲ၊ ရှိခဲ့ဖူးတဲ့ အခြားခေါင်းဆောင်များရဲ့ အနီးကပ်အကြံပေးတွေနဲ့ မတူတာက၊ သူက ခေါင်းဆောင်တွေ အ‌ပေါ်ထက် ပါတီကို အလုပ်အကျွေးပြုသူတဦးအဖြစ် ပြုမူခဲ့ခြင်းပါ။ ’ရှီကျင့်ဖျင်’ထက်  အသက် ၂ နှစ်ငယ်ပြီး နီးကပ်တဲ့ ဆက်ဆံရေးရှိသူလို့ သတ်မှတ်ထားကြပါတယ်။ဒီကနေ့ တရုတ်နိုင်ငံရဲ့ ပေါ်လစီများကို အနုစိတ်သရုပ်ခွဲ လေ့လာကြတဲ့အခါမျိုးမှာ ‘ဝမ်ဟုနင်း’နဲ့ သူ့ရဲ့သီအိုရီ၊ အတွေးအခေါ်များကို ချန်လှပ်ခဲ့ရင်တော့ ပညာရှင် အသိုင်းအဝိုင်းအနေနဲ့ လက်ခံဖို့ခက်ခဲလိမ့်မယ်လို့ ဆိုရမလောက်အထိ အရေးပါသူတဦးလို့ ဆိုနိုင်ပါတယ်။

တရုတ်နိုင်ငံခြားရေးမူဝါဒများရဲ့ ဗိသုကာတွေအကြောင်းကို စူးစမ်းစဥ်မှာ ကိုယ်တန်ဖိုးထားတဲ့ စံနှုန်းစံထား များနဲ့ ကွဲလွဲနေမှုများကို ကြုံတွေ့ရနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပုဂ္ဂိုလ်တွေ သူတို့နိုင်ငံကို သူတို့စံနစ်နဲ့ ပုံဖေါ်နေကြတာကို ‘ယူအက်စ်ကွန်ဂရက်’ ‘ဝက်စ်မင်စတာပါလီမန်’တို့လို နေရာမျိုးကလည်း အရေးတယူပြု စောင့်ကြည့်နေကြတာကို သတိပြုကြရပါမယ်။ 

ကိုယ့်နိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်အိမ်နီးချင်းဟာ  မော်စီတုန်းဝတ်စုံဝတ်၊ရှေးရိုးစွဲအမြင်များနဲ့သာ ကြည့်ပြီး ဥခွံကျဥ်းကျဥ်းလေးထဲမှာပဲ ကျန်မနေရစ်ခဲ့။ မျက်မှောက်ကာလမှာ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံအဆင့်သို့ မျက်စောင်းထိုးနိုင်နေတဲ့ အချိန်ဖြစ်လို့၊ မိမိတို့ဘက်ကလည်း မျက်ခြည်မပြတ် အမြော်အမြင်ကြီးကြီးနဲ့ သတိထားစောင့်ကြည့် လေ့လာကြဖို့ လိုအပ်ပါတယ်။

(ဆက်လက်ဖော်ပြပါဦးမည်)

သီအိုဇော်



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar