မြန်မာငွေတန်ဖိုးကျမှုက ဘာအကြောင်းကြောင့်လဲ၊ ဘာတွေ အကျိုးဆက်ဖြစ်လာမလဲ
မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၃၁ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၂၂
မြန်မာငွေတန်ဖိုးကျမှုက ဘာအကြောင်းကြောင့်လဲ၊ ဘာတွေ အကျိုးဆက်ဖြစ်လာမလဲ
မြန်မာကျပ်ငွေ တန်ဖိုးဟာ ယမန်နှစ် သြဂုတ်လ ၃၁ ရက်နေ့က တဒေါ်လာ ၁၆၂၅ ကျပ်သာ ရှိခဲ့ရာမှ စက်တင်ဘာ D-Day ခေါ်တဲ့ ကြေညာချက်ပြီးနောက်မှာ နိုင်ငံရေးအကြောင်းပြုပြီး ၁ ဒေါ်လာ ကျပ် ၂၀၀၀ ကျော်ထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာလထဲ အမြင့်ဆုံး နေ့ရက်တွေမှာ တဒေါ်လာ ကျပ် ၂၅၀၀ ကနေ ၂၇၀၀ ထိရှိခဲ့ပြီး အဲဒီနောက် ပြန်ကျဆင်းခဲ့ကာ ကျပ် ၂၀၀၀ အောက်ပြန်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ယမန်နှစ် စစ်ကောင်စီအာဏာသိမ်းပြီးခါစကနေ နှစ်ကုန်တဲ့အထိ ကြိုကြားကြိုကြား ဗဟိုဘဏ်က ဒေါ်လာ ထုတ်ရောင်းတာတွေ လုပ်ပြီးစျေးနှုန်းကို ထိန်းဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။ နိုင်ငံခြားငွေလဲလှယ်ခွင့်ရတဲ့ ဘဏ်တွေကို ရောင်းချပေးတာ ဖြစ်ပြီး ဘယ်ဘဏ်တွေက ဘယ်လောက်ဝယ်ယူခွင့်ရသလဲ ဆိုတဲ့ ကိန်းဂဏန်းအချက်အလက်တွေတော့ ထုတ်ပြန်တာမျိုး တိတိပပမရှိပါဘူး။
သို့ပေမယ့် ယခုနှစ်ဆန်းပြီးနောက် ဧပြီလမှာတော့ ဗဟိုဘဏ်အနေနဲ့ ဒေါ်လာ ထုတ်ရောင်းဖို့ အစား သွင်းကုန်လုပ်ငန်း အပါအဝင် အခြားသော နည်းလမ်းတွေနဲ့ ရရှိတဲ့ ပြည်ပက ဝင်လာတဲ့ ဒေါ်လာနဲ့ နိုင်ငံခြားငွေတွေကို ဈေးနှုန်းတခု သတ်မှတ်ပြီး ၂၄နာရီအတွင်း မြန်မာငွေနဲ့ လဲလှယ်ဖို့ အမိန့်ထုတ်လိုက်တဲ့အချိန်က စလို့ ဒေါ်လာဈေးက လှုပ်လှုပ်ရှားရှားဖြစ်လာတာ သြဂုတ်လဆန်းအထိ ဖြစ်ပြီး သြဂုတ်လအတွင်းမှာတော့ ပိုမိုဆိုးရွားစွာ ဒေါ်လာတန်ဖိုး မြင့်တက်လာတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ဗဟိုဘဏ်က အမိန့်ကြေညာချက်တွေ ထုတ်ပြန်ပြီး စျေးကွက်ထဲက ဒေါ်လာတွေ အဝင်အထွက်ကို ထိန်းချုပ်တာဟာ အာဏာကို သုံးချင်လို့ဆိုတာထက် နောက်ကွယ်မှာ ဒေါ်လာလိုအပ်ချက် ကြီးမားလာတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ လက်နက်ကိုင် တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပွားနေတာကြောင့် ပြည်ပက တင်သွင်းရမယ့် စစ်လက်နက်တွေ ၊ စစ်လက်နက် ပစ္စည်းထုတ် စက်ရုံအတွက် ကုန်ကြမ်းတွေ ဝယ်ယူရာမှာ နိုင်ငံခြားငွေ ပိုလိုအပ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ နိုင်ငံတချို့က အကူအညီရပ်ဆိုင်းတာနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို အားမပေးပဲ နိုင်ငံတကာကုမ္ပဏီကြီး တချို့ ပြန်လည်ထွက်ခွာ ကြချိန်မှာ နိုင်ငံခြားငွေ ဝင်ရောက်မှုက နကိုထက်လျော့နည်းလာနေချိန်မှာ ပြည်တွင်းအတွက် လိုအပ်ချက်က မြင့်တက်လာတာ ဖြစ်ပြီး ဒေါ်လာစျေးက တက်ဖို့အတွက် အကြောင်းရင်းတွေ လုံလောက်နေတာ ဖြစ်ပါတယ်။
သို့ပေမဲ့ ခုလောက် တရက်ကို ကျပ် ၅၀၀ ကနေ ၇၀၀ အထိ မကြုံဖူးလောက်တဲ့ နှုန်းတွေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ခုန်တက်နေရတဲ့ အကြောင်းကတော့ အထက်က နိုင်ငံရေး၊ စီးပွားရေး အကြောင်းအချက်တွေ သက်သက်တင်မကတော့ဘဲ ဈေးကွက် အပြောင်းအလဲမြန်ဆန်လွန်းတဲ့အရှိန်အဟုန်မှာ ဝင်ရောက် ဈေးကစားကြတဲ့ အကြောင်းအချက်တွေလည်း ပါကောင်းပါနိုင်ပါတယ်။
ဒေါ်လာ ဈေးနှုန်း မကြုံဖူးလောက်အောင် တက်တာကြောင့် ဘယ်သူတွေ ထိခိုက်မလဲလို့ တွေးကြည့်ရင် လောင်စာဆီ သုံးစွဲနေရသူ အားလုံး ထိခိုက်ပါတယ်။ နိုင်ငံခြားဆေးဝါး မှီဝဲနေရသူတွေ အားလုံးစျေးနှုန်းကြီးမြင့်တဲ့ ဒဏ်ကို ခံစားကြရပါတယ်။ အလားတူ စားအုံးဆီ စျေးမြင့်တက်တာ ပြည်ပက တင်သွင်းရတဲ့ ဓါတ်မြေသြဇာစျေး မြင့်တက်တာကြောင့် စိုက်ပျိုးစရိတ်တွေ မြင့်တက်ပြီး နေ့စဥ်စားသုံးကုန်ပစ္စည်းတွေ ဖြစ်တဲ့ ဆန်၊ ကြက်သွန်၊ ပဲ စတာတွေကိုပါ မြင့်တက်စေမှာ ဖြစ်ပါတယ်။
ခုရက်အတွင်း လက်လီစျေးကွက်မှာ ကြက်သွန်နီ တပိသာ ၃၅၀၀ ကျပ်နဲ့ ကြက်သွန်ဖြူ တပိသာ ၇၀၀၀ ကျပ် လောက်ရောင်းချနေကြတာ ဖြစ်ပါတယ်။ ကြက်ဥ၊ ဘဲဥလည်း စျေးနှုန်းတွေမြင့်တက်ကုန်ပြီး သိသိသာသာ ခုန်မတက်တဲ့ စားသောက်ကုန် ဆိုလို့ ကြက်သား၊ ဝက်သားနဲ့ ဟင်းသီးဟင်းရွက်ပဲ ကျန်ပါတော့တယ်။
လက်ခစား လုပ်ခစား အလုပ်သမားတွေ၊ လခစား ဝန်ထမ်းတွေရဲ့ လခတွေက ခုလို ကာလတိုအတွင်း တိုးမြှင့်ရဖို့ အလားအလာ မရှိတာကြောင့် ခုလို စားသောက်ကုန်ဈေးနှုန်း၊ ကျန်းမာရေး အတွက် ဆေးဝါး၊ ခရီးသွားလာစရိတ်တွေ မြင့်တက်လာတာကို ထိပ်ဆုံးက ထိခိုက်ခံစားကြရမယ့်သူတွေက နေ့စား အလုပ်သမားတွေ နယ်တွေ၊ ကျေးလက်တွေမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ နိုင်ငံရေး မတည်ငြိမ်ချိန်မှာ အလုပ်သမားအခွင့်အရေး ဆိုတာတွေ၊ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက်ဆိုတာတွေက ဘယ်သူမှ အရေးတယူလုပ်ပြီး စဥ်းစားကြမှာ မဟုတ်သလို လုပ်ငန်းရှင်တွေ ၊ စက်ရုံပိုင်ရှင်တွေဘက်ကလည်း အခုလိုကာလမှာ တာဝန်ခံစရာ သိပ်မလိုကြတဲ့ အချိန်အခါလို ဖြစ်လာနေပြီး လုပ်ခစား အလုပ်သမားတွေက ခုလို စျေးနှုန်းကြီးမြင့်မှုဒဏ်ကို အများဆုံး ခံစားကြရမယ့်သူတွေ ဖြစ်ပါတယ်။
နယ်မြို့တွေ ကျေးရွာတွေမှာ နေထိုင်သူတွေ အဖို့ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ စစ်ဘေးက တိမ်းရှောင်ကြရတာ၊ ရိက္ခာတွေ နေအိမ်တွေ ဆုံးရှုံးတာ ၊ စိုက်ပျိုးရေး လုပ်ငန်းမလုပ်ကိုင်နိုင်တဲ့ အခြေအနေတွေမို့ အဲဒီဒေသက ပြည်သူလူထု အဖို့ စစ်ဘေးဒုက္ခနဲ့ ငွေကြေးဖောင်းပွမှု ၂ ခုဒဏ်ကို ခံစားကြရမှာ ဖြစ်ပါတယ်။ တစုံတရာ အရေးတကြီး ဆေးဝါးကုသဖို့ လိုအပ်လာတဲ့အခြေအနေမျိုး ကြုံရင်လည်း မကြုံစဖူး စျေးနှုန်းမြင့်တက်လာတဲ့ ဆေးဝါး ဈေးနှုန်းတွေကို ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။
ဒေါ်လာဈေးနှုန်းတွေ အဆမတန် ဆက်ဖြစ်ပြီး စီးပွားရေးထိုးရပ်သွားမလားဆိုတဲ့ မှန်းဆချက် တရပ်လည်းရှိနေပြီး ဒီနည်းနဲ့ စစ်ကောင်စီကို အာဏာကနေ ပြုတ်ကျစေနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက် တချို့လည်း ရှိကောင်းရှိနိုင်ပါတယ်။ လူတွေ အခက်အခဲ အကျပ်အတည်းကြုံလာပြီး အားလုံး လမ်းပေါ် ထွက်လာကြကာ သီရိလင်္ကာနိုင်ငံမှာ သမ္မတကို နိုင်ငံက ထွက်သွားအောင် ဖိအားပေးနိုင်ခဲ့တာမျိုး တွေးကောင်းတွေးကြပါလိမ့်မယ်။
မတူညီတာကတော့ သီရိလင်္ကာနိုင်ငံဟာ လာဘ်စားတဲ့ သမ္မတနဲ့ သူ့ရဲ့ ဆွေမျိုးသားချင်းတွေကို ရာထူးက ဖယ်ရှားဖို့ ဦးတည်ချက်သာဖြစ်ပြီး မြန်မာနိုင်ငံကတော့ နိုင်ငံရေးမှာ ပါဝင်နေတဲ့ စစ်တပ်တခုလုံးကို ဖယ်ရှားရမယ့် အနေအထား ဖြစ်ပါတယ်။
သီရိလင်္ကာမှာတော့ သမ္မတက တိုင်းပြည်က ထွက်သွားတဲ့အချိန်မှာ လူထုရဲ့ ဖိအားပေးမှုက အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ နယ်ပယ်အသီးသီးမှာ အခြေစိုက်ထားတဲ့စစ်တပ်ရဲ့ နိုင်ငံရေးအာဏာမှာ ဝင်ရောက်စွက်ဖက်မှုတွေကို ဖယ်ရှားဖို့ နုတ်ယူဖို့ တာဝန်က ဆွေမျိုးစုတစု လူတစုရဲ့ နိုင်ငံရေးအာဏာကို ဖယ်ရှားရေးထက် ပိုပြီးခက်ခဲလိမ့်မှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar