Breaking News

ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ဘယ်လောက်ထိ ကျယ်ပြန့်လာမလဲ


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၃ မြင်ကွင်

(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၂၂


ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ဘယ်လောက်ထိ ကျယ်ပြန့်လာမလဲ

၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်လတွေမှာ အေအေနဲ့ စစ်တပ်အကြားတိုက်ပွဲတွေ  သိသိသာသာ လျော့ကျပြီး ရွေးကောက်ပွဲပြီးနောက်မှာ နှစ်ဘက် သဘောထားထုတ်ပြန်ချက်တွေ ထုတ်ပြန်ကာ နောက်ဆက်တွဲရွေးကောက်ပွဲ လုပ်ဆောင်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းခဲ့ကြတဲ့အထိ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်နားခဲ့ကြပြီး ၂ နှစ်ဝန်းကျင်အကြာမှာ တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာပြီဖြစ်ပါတယ်။ 

၂၀၁၇ အကုန် ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေအတွင်း ရခိုင်ပြည်နယ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အရပ်သားတွေချည်း ၃၀၀ နဲ့ ၄၀၀ ကြား အသက်ဆုံးရှုံးခဲ့ကြရသလို စစ်တပ်နဲ့ အေအေတို့ ဘက်မှာလည်း လက်နက်ကိုင် အဖွဲ့ဝင်တွေ ရာနဲ့ချီ သေဆုံးခဲ့ကြလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ကျေးရွာအချို့ မီးလောင်ပျက်စီးခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေးတွေ စီးပွားရေး လုပ်ငန်းတွေ လူသားချင်းစာနာမှု အကူအညီတွေ အဖက်ဖက်မှာ ထိခိုက်ခံစားခဲ့ကြရတာ ဖြစ်ပါတယ်။ 

တဖက်မှာတော့ အေအေအနေနဲ့ ၂၀၂၀ ပြည့်နှစ် အကုန်ပိုင်းကနေ ၂၀၂၂ အစပိုင်းလောက်အတွင်း လူသစ်စုဆောင်းခြင်း၊ စင်ပြိုင် အုပ်ချုပ်ရေး တရားရေး အခွန်အကောက်တွေကို အသံတိတ်ဆိတ်စွာနဲ့ ဖွဲ့စည်းနေခဲ့ပြီး အင်အားကောင်းအောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည်မနဲ့ အခြားပြည်နယ်တွေမှာ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတာ၊ လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းကြပြီး လက်နက်ကိုင် တိုက်ခိုက်မှုကို အာဏာသိမ်းစစ်တပ်အနေနဲ့ ရင်ဆိုင်နေရတာကို အခွင့်အရေးတရပ်အဖြစ် အမိအရ အသုံးချခဲ့တာဖြစ်ပါတယ်။ 

မြန်မာစစ်တပ်အခက် ရခိုင်အချက်အဖြစ် အသုံးချခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်ဝန်းကျင်က အေအေ အနေအထားနဲ့ ခုအေအေ အနေအထားအများကြီး ကွာခြားသွားခဲ့တာ ဖြစ်ပါတယ်။ ခုတဖန် ဖြစ်ပွားလာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကနေ အေအေက နောက်အဆင့်တဆင့် တက်လှမ်းဖို့ ကြိုးစားနေတယ်လို့ ခန့်မှန်းရပါတယ်။ နယ်စပ်ဒေသကို အခြေစိုက်စခန်းအဖြစ် ထူထောင်ဖို့ ကြိုးစားတာမျိုး ရိုဟင်ဂျာ အရေးကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နိုင်ငံရေး၊ စစ်ရေးအားကောင်းတဲ့ အဖွဲ့အစည်းတခုအဖြစ်နှင့်သော်လည်းကောင်း အဆင့်တခုပြောင်းလဲ ရယူဖို့ ရည်မှန်းထားကောင်း ရည်မှန်းထားနိုင်ပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မကြာသေးမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံသွားရောက်ခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ ကူညီဆောင်ရွက်မယ် ဆိုတဲ့ ကတိစကားပြောဆိုခဲ့တာဖြစ်ပါတယ်။ အေအေ အဖွဲ့ဟာ မြောက်ပိုင်းမှာ အခြေစိုက်ထူထောင်ခဲ့ပြီး ရခိုင်ပြည်နယ်ကို တဖြည်းဖြည်း ရွှေ့ပြောင်းနေရာယူလာခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး  တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ရှိတဲ့သဘော ယူဆကြတာဖြစ်လို့ ရိုဟင်ဂျာအရေး ဖြေရှင်းမှုမှာ တရုတ်ရဲ့ အခန်းကဏ္ဍကလည်း အတိုင်းအတာတခုထိ အရေးပါလိမ့်မယ်ဖြစ်ပါတယ်။ 

တရုတ်ရဲ့ ပင်လယ်ထွက်ပေါက် ရေနံ သဘာဝဓါတ်ငွေ့လိုင်းက ရခိုင်ပြည်နယ်က တဆင့်အိန္ဒိယသမုဒ္ဒရာကို ထွက်ရတာ စတဲ့အကြောင်းတွေကြောင့် ရခိုင်ပြည်နယ်ရဲ့ အရေးပါမှု၊ အေအေရဲ့ အခန်းကဏ္ဍစတာတွေကို တရုတ်နိုင်ငံက နားလည်သဘောပေါက် ထားပြီးဖြစ်မယ်လို့ ယူဆရပါတယ်။ 

တဖက်မှာ စစ်ကောင်စီအနေနဲ့ ခုလို ပြည်တွင်းမှာ စစ်မျက်နှာပေါင်း ၁၀ ခုထက်မနည်း ဖွင့်ထားရချိန် မြို့ကြီးတွေမှာ စစ်တပ်နဲ့ လုံထိန်းရဲတပ်ရင်းတွေကို ဖြန့်ခွဲချထားရချိန်မှာ ရခိုင်အရေးကို အရင် နှစ်တွေကလို အင်နဲ့အားနဲ့ တိုက်နိုင်မယ့် အလားအလာမရှိပါဘူး။ အေအေရဲ့ စင်ပြိုင် အစိုးရသဖွယ်တည်ထောင်နေတာကို ဟန့်တားဖို့ ခုတကြိမ် လက်နက်ကိုင်တွေကို အမိန့်ပေးထိုးစစ်ဆင်ခိုင်းတယ်လို့ ယူဆနိုင်ပါတယ်။ သို့ပေမဲ့ ၂၀၁၈-၁၉ ခုနှစ်တွေတုန်းကလောက် အင်နဲ့ အားနဲ့ တိုက်နိုင်စွမ်းမရှိတာတော့ သေချာပါတယ်။ 

ရခိုင်လူမျိုးတွေ အနေနဲ့ မိမိတို့ပြည်နယ်ရဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ၊ ကွန်ဖက်ဒရေးရှင်းအဆင့် ထူထောင်ဖို့ ရည်ရွယ်ချက် ပန်းတိုင်သို့မရောက်ရှိမီ အခက်အခဲနဲ့ တိုက်ပွဲပေါင်းများစွာကို ထပ်မံရင်ဆိုင်ကျော်ဖြတ်ရဦးမယ်လို့ မှန်းဆရပါတယ်။ အေအေ အနေနဲ့ အခုလို ပြည်မက စစ်ကောင်စီအနေနဲ့ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ ရခိုင်ပြည်နယ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကွန်ဖက်ဒရိတ် အဆင့်အတန်းရဖို့ ပန်းတိုင်ကို အားစိုက်ကြိုးစားဖို့ အခွင့်အလမ်းအဖြစ် ယူဆကောင်း ယူဆပါလိမ့်မယ်။ 

စစ်ကောင်စီအနေနဲ့လည်း ပြည်မနဲ့ ပြည်နယ် အချို့မှာ ၄င်းတို့အထိနာနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ တိုက်ခိုက်နေရသည့်တိုင် ရခိုင်ပြည်နယ်မှာလည်း တိုက်ခိုက်နိုင်စွမ်းရှိတယ်ဆိုတဲ့ အချက်ကို ပြသဖို့ ကြိုးစားကောင်းကြိုးစားပါလိမ့်မယ်။ စစ်ကောင်စီအနေနဲ့  ၂၀၁၈၊ ၂၀၁၉ ခုနှစ်တုန်းကလို အင်အားအပြည့်နဲ့ တိုက်ခိုက်နိုင်ဖို့ အခြေအနေမျိုးမဟုတ်တာတော့ သေချာပါတယ်။ အခုအခြေအနေမှာ စစ်ကောင်စီအဖို့ မြေပြင်ချည်းသက်သက် တိုက်ခိုက်တာထက် လေကြောင်း အကူအညီနဲ့ တိုက်ခိုက်တာကို ပြည်မမှာရော ပြည်နယ်တွေမှာပါ ပိုမိုအားပြုသုံးလာနေရတဲ့ အခြေအနေဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုက စစ်ကောင်စီရဲ့ အားသာချက်အဖြစ် ရယူထားတဲ့ အနေအထားလည်း ဖြစ်နေပါတယ်။ 

စစ်ကောင်စီ အခက် ရခိုင်အချက်အဖြစ် ဘယ်လောက် အသုံးချနိုင်မလဲ ရည်မှန်းချက် ဘယ်လောက် အောင်မြင်နိုင်မလဲ ဆိုတဲ့အချက်တွေကိုတော့ မကြာခင် လပိုင်း နှစ်ပိုင်းမှာ အဖြေပေါ်လိမ့်မယ်လို့ ယူဆရပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတွေထဲမှာတော့ ခုရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုနဲ့ ပတ်သက်တဲ့ အမှုအတွက် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တဲ့ အပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ရှုတ်ချလိုက်တဲ့ သတင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD လက်ထက် သမ္မတဦးဝင်းမြင့် နဲ့ ဝန်ကြီးဖြစ်သူ ဦးမင်းသူတို့ကိုပါ ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ချမှတ်လိုက်တဲ့ အချက်က ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့အခြားသော NLD ပါတီရဲ့ ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ နိုင်ငံတကာက အစဥ်တစိုက် တောင်းဆိုနေတုန်းမှာပဲ ပြစ်ဒဏ်ထပ်မံချမှတ်လိုက်ပြီး နောက်ထပ်စွဲဆိုထားတဲ့ အမှုတွေလည်း ရှိသေးတာကြောင့် နိုင်ငံတကာရဲ့ တောင်းဆိုမှုကို လျစ်လျူရှုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို နိုင်ငံရေး နယ်ပယ်က ဖယ်ရှားဖို့အထိ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ကို ထင်ဟပ်ပြလိုက်သလို ဖြစ်ပါတယ်။ စစ်ကောင်စီဟာ စေ့စပ်ဆွေးနွေးတာမျိုး လုပ်ဆောင်ဖို့ မသင့်တဲ့ အဖွဲ့အစည်းဖြစ်နေပြီလို့ အကဲဖြတ်ပြောဆိုမှုတွေလည်း ရှိနေပြီး စစ်ကောင်စီဘက်ကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုသာ ဆွေးနွေးစကားပြောဖို့ ချဥ်းကပ်ပေမယ့် NUG, CRPH တို့လို အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်နဲ့ ခေါင်းဆောင်တွေပါဝင်တဲ့ အဖွဲ့အစည်းကိုတော့ အကြမ်းဖက်အဖွဲ့လို ခေါ်ဝေါ် သမုတ်ပြီး ဆွေးနွေးဖို့ အစီအစဥ်မရှိကြောင်း မကြာခဏ ထုတ်ပြောနေခဲ့တာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar