Breaking News

အောင်မှိုင်း - ကျနော် ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - ၁၃ (နိဂုံးပိုင်း-၂)


      



ကိုအောင်မှိုင်း - ကျနော် ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - ၁၃ (နိဂုံးပိုင်း-၂)

(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၂၂

နိဂုံးပိုင်း

(ဗမာပြည်ပြဿနာဟာ ဖွဲ့စည်းပုံပြဿနာလား ဒါမှမဟုတ် အနှစ် ၇၀ ပြည်တွင်းစစ်ဖြစ်ရတာ ပင်လုံကျိန်စာကြောင့်လား။ ကိုအောင်မှိုင်း)


အပိုင်း (  ၂  )

ကျနော့်အနေနဲ့ ရိုးရိုးသားသား ရှင်းရှင်းလင်းလင်းပဲ ပြောရမယ်ဆိုရင် နှစ်ခုလုံး မှန်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို အဘိဓာန်တွေမှာတော့ အနက်ဖွင့်ကြတာ အမျိုးမျိုး တွေ့ကြရမှာ ဖြစ်ပါ တယ်။ နာမည်ကြီး Oxford, Webster, Collins, Longman English,စတဲ့ Dictionary တွေမှာတောင် အနက်ဖွင့်ကြတာ မတူကြပါဘူး။ တူညီတဲ့အချက်တခုကတော့ ဖွဲ့စည်းပုံဥပဒေ ဆိုတာ အုပ်ချုပ်မယ့် အစိုးရကို တိကျတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အာဏာကို ပြဋ္ဌာန်းပေးတာဖြစ်သလို  လူထုကိုယ်တိုင်အတွက်လည်း တိကျတဲ့ အခွင့်အရေးနဲ့ တာဝန်တွေကို လူထုကိုယ်တိုင်က ပြဋ္ဌာန်းပေးတာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက အုပ်ချုပ်မဲ့အစိုးရနဲ့ အုပ်ချုပ်ခံမယ့် လူထုကြား တိကျတဲ့ စည်းနဲ့ဘောင်ကို အသေအချာ အခိုင်အမာ ဥပဒေတရပ်အဖြစ် ရေးသား သဘောတူစာချုပ် ချုပ်ဆိုတာပဲ ဖြစ်ပါတယ်။

ဗမာပြည်ကို အင်္ဂလိပ်က တိုက်ခိုက်သိမ်းပိုက်ပြီး အင်္ဂလိပ်ကိုလိုနီအဖြစ် အုပ်ချုပ်စဥ်ကလည်း ဖွဲ့စည်းပုံတခု ရေးဆွဲအုပ်ချုပ်ခဲ့တာ တွေ့ရပါတယ်။ GOVERNMENT OF BURMA ACT, 1935  (AUGUST 2nd ,1935 )ကို ကျနော်တို့ ပထမဆုံးတွေ့ရပါတယ်။ သူ့အရင် ရေးတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ အဲဒီမှာ အပိုင်းပေါင်း ၉ ပိုင်း (PART XIV)  နဲ့ (SCHEFULES) ပေါင်း ၆ ခု (SIXTH SCHEDULE) ပါဝင်တာ တွေ့ရပါတယ်။ နောက်ဆုံးဇယားက မြန်မာ့မီးရထားဘုတ်အဖွဲ့ကို ဘယ်လိုဖွဲ့မယ် အခွန်ကအစ ဘယ်လို ကောက်မယ်၊ ဘုတ်အဖွဲ့ကို ဘယ်လို ဖွဲ့စည်းမယ်၊ ဘယ်လို ရွေးကောက်မယ်က အစ စာမျက်နှာပေါင်း ၁၆၁ မျက်နှာနဲ့ ရေးထားတာ တွေ့ရပါတယ်။ ကျနော် ဆိုလိုချင်တာက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၃ နှစ်လောက်က အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးခေတ်မှာလည်း သူ့ ဖွဲ့စည်းပုံနဲ့သူကတော့ ရှိနေတာ တွေ့ရပါတယ်။

နောက်တခုကတော့ ဂျပန်ခေတ်မှာ CONSTITUTION OF BURMA ,AUGUST 1st, 1943 မှာ ဗမာ နိုင်ငံတော်အုပ်ချုပ်ရေးစည်းမျဥ်းပြုလုပ်သောဥပဒေ ဗမာသက္ကရာဇ် ၁၃၀၅ ဆိုပြီး တခုတွေ့ရပါ တယ်။ ဂျပန်က ဗမာပြည်ကို ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှာ လွတ်လပ်ရေးပေးခဲ့ပါတယ်။ အဲဒီ နေ့မှာဘဲ ဒီဥပဒေသဘောပါတဲ့ စာမျက်နှာ ၂၀ပါ  ကြေညာချက်ကို ထုတ်ခဲ့တာ ဖြစ်ပါတယ်။  အဓိကကတော့ ဂျပန်ခေတ်အတွင်း ဖွဲ့စည်းပုံတခုရေးဆွဲပြီး တိုင်းပြည်အုပ်ချုပ်ခဲ့တာပါ။ ဒီဥပဒေ နှစ်ခုလုံးက လူထုဆန္ဒ သဘောထားလုံးဝမပါတဲ့ ဥပဒေတွေဖြစ်လို့ လူထုအတွက် အခွင့်အရေးဆိုတာ လုံးဝမပါ တဲ့ တဖက်သတ် အုပ်စိုးသူအစိုးရတွေအတွက် ရေးဆွဲထားတာတွေဖြစ်တာ တွေ့ရမှာ ဖြစ်ပါတယ်။

ဗမာပြည်မှာ အုပ်စိုးသူအစိုးရအဆက်ဆက် ရေးဆွဲခဲ့တဲ့ ၁၉၄၇၊ ၁၉၇၄ နဲ့  ၂၀၀၈ ဖွဲ့စည်းပုံတွေ အကြောင်းတွေ၊ သမိုင်းဇာစ်မြစ်တွေကို ပြန်လည်တူးဆွကြည့်ဖို့ တာဝန်ဟာ ကျနော်တို့ လူမျိုးပေါင်းစုံ မြန်မာနိုင်ငံသားတိုင်းမှာ ရှိကြပါတယ်။ ဖက်ဒရယ်စနစ်နဲ့ တိုင်းပြည်ကို ထူထောင်လိုတယ်ဆိုတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာ အရေးအပါဆုံးလို့ ဆိုနိုင်တဲ့ ပင်လုံစာချုပ် ဆိုတာကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာသုံးသပ်ဖို့ လိုမယ်ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ ပင်လုံစာချုပ်မတိုင်မီ အခြေအနေသုံးသပ်မှု ပင်လုံစာချုပ်ကာလအတွင်း အခြေအနေသုံးသပ်မှုနဲ့ ပင်လုံစာချုပ် အလွန် အခြေအနေသုံးသပ်မှုတွေကို ကျနော်တို့ လေ့လာမှ ပြည့်စုံမှာပါ။

ပင်လုံစာချုပ်မတိုင်မီ အခြေအနေ

စစ်ပြီးခေတ် နိုင်ငံတကာအခင်းအကျင်း။ ။ တချို့ နိုင်ငံရေးသမားတွေကတော့ ပင်လုံအကြို ကာလလို့လည်း ပြောလေ့ရှိပါတယ်။ ကျနော် အလေးအနက် တင်ပြချင်တာက ပင်လုံစာချုပ်မတိုင်မီမှာ ကမ္ဘာကြီးတခုလုံးဟာ နိုင်ငံတကာအခင်းအကျင်းသစ်တခုကို ဦးတည်သွားနေပြီဆိုတာပါပဲ။ အခင်းအကျင်းသစ်လို့ ဆိုတာက စစ်ရေး၊ နိုင်ငံရေး စီးပွားရေးတွေတင်မဟုတ်ဘဲ လက်ခံတဲ့ အယူဝါဒတွေကအစ အပြောင်းအလဲအသစ်တွေအတွက် ကမ္ဘာ့ပြည်သူများကိုယ်တိုင် တက်တက်ကြွကြွ တောင်းဆိုတိုက်ပွဲဝင်လာကြတာပါ။ ကျွန်နံ့တွေနဲ့  ညစ်ညမ်းထိုင်းမှိုင်းနေတဲ့ ကိုလိုနီလေထုတွေအစား သစ်လွင်တောက်ပတဲ့ လွတ်လပ်ရေးလေထုတွေက အစားထိုးလာကြတာပါ။ နေမဝင်အင်ပါယာဆိုတာတွေရဲ့ ဇာတ်သိမ်းခန်းကို ကျနော်တို့နိုင်ငံလည်း အတူပါဝင်ဖြတ်သန်းခဲ့ကြရတာလို့ ပြောလိုရင်းဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးဟာ စက်တင်ဘာလ ၁ ရက် ၁၉၃၉ ခုနှစ်က စဖြစ်ခဲ့ပြီး စက်တင်ဘာလ ၂ ရက်နေ့ ၁၉၄၅ ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။ အချိန်အရဆိုရင် ၆ နှစ်နဲ့  ၁ ရက် ကြာခဲ့ပါတယ်။ လူပေါင်း သန်း ၇၀ နီး ပါးသေကျေကြပြီး (အများစု အရပ်သားများ ) ကုန်ကျငွေ အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ (ဒေါ်လာသန်းပေါင်း တသန်း) ခန့်မျှ ကုန်ကျခဲ့တာဖြစ်ပါတယ်။ ဂျာမနီ၊ ဂျပန်၊ အီတလီ စစ်ရှုံးသွားပြီး ကုလသမဂ္ဂကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုဆိုပြီး အင်အားကြီး နှစ်နိုင်ငံ ပေါ်လာသလို စစ်အေးခေတ်တိုက်ပွဲ ဆိုတာကလည်း စတင်လာတာဖြစ်ပါတယ်။

ဒီနေရာမှာ UN CHARTER ဆိုတာ ၁၉၄၁ ခုနှစ် ဩဂုတ်လ ၁ ၄ရက် ကနေဒါမှာလုပ်တဲ့ အတ္တလန္တိတ် ချာတာ ATALNTIC CHARTER က အစပြုတယ်လို့ ပြောရမယ် ထင်ပါတယ်။ ဝင်ရိုးတန်းနိုင်ငံတွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ နိုင်ငံပေါင်း ၂၆ နိုင်ငံက ကိုယ်စားလှယ်များတွေဟာ  ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ ကုလသမဂ္ဂကြေညာစာတမ်းကို  လက်မှတ်ရေးထိုးပြီး  အတ္တလန္တိတ်ချာတာကို  ထောက်ခံကြောင်း ကြေညာခဲ့ကြပါတယ်။ ကွန်ဖရင့်တွေ အကြိမ်ကြိမ်လုပ်ပြီး ကုလသမဂ္ဂပဋိညာဥ်စာတမ်း  UN CHARTER ကို ၁၉၄၅ ခုနှစ် ဇွန်လ ၂၆ ရက် ဆန်ဖရန်စစ္စကိုမှာလုပ်တဲ့ နိုင်ငံပေါင်း ၅၀ က ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်မှာ အသက်ဝင်ခဲ့ပါတယ်။ ကုလသမဂ္ဂ (United Nations) ဆိုတဲ့ အမည်ကိုတော့ ၁၉၄၂ ခုနှစ်၊ ကုလသမဂ္ဂ ကြေညာစာတမ်း (Declaration By United Nations)မှာ ဝင်စတန်ချာချီနဲ့ ရူစဗဲ့တို့က စတင်သုံးစွဲခဲ့ကြတာလို့ ဆိုပါတယ်။ ပြင်သစ်၊ တရုတ်၊ ဆိုဗီယက်ယူနီယံ၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံ ၅ နိုင်ငံဟာ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်လာကာ အခြားနိုင်ငံ ၄၆ နိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။ ပထမဆုံး အထွေထွေညီလာခံကို ၁၉၄၆ ဇန်နဝါရီတွင် လန်ဒန်မြို့မှာ ကျင်းပခဲ့ပြီး အဖွဲ့ဝင်နိုင်ငံ ၅၁ နိုင်ငံ တက်ရောက်ခဲ့ကြပါတယ်။ UN CHARTER မှာပါတဲ့ ပုဒ်မ ၂၃၊ ၂၇၊ ၆၁ တို့ကို  ၁၉၆၃ မှာ တကြိမ်၊ ၁၉၆၅ မှာ တကြိမ်၊ ၁၉၇၃ မှာ တကြိမ် ပြင်ဆင်ခဲ့ပါတယ်။

ကျနော်တို့နိုင်ငံမှာ လုပ်ခဲ့တဲ့ ပင်လုံညီလာခံ PINGLONG CONFERENCE ဆိုတာက ၁၉၄၇ ခုနှစ် ဖေ ဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျင်းပခဲ့တာပါ။ ပထမအကြိမ် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပပြီး တနှစ်လောက်ကြာမှ ကျင်းပခဲ့ရတာပါ။ အဲဒီကာလမှာ ရှိကြတဲ့ မြန်မာနိုင်ငံက ဦးအောင်ဆန်း အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေဟာ တိုးတက်တဲ့အမြင် တနည်းပြောရရင် ကိုလိုနီစနစ်ဆိုးက ရုန်းထွက်ချင်တဲ့အမြင်တွေ အနည်းနဲ့အများဆိုသလို ရှိနေကြတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ စစ်ပြီးကာလ ကမ္ဘာ့အခင်းအကျင်းသစ်မှာ အတွေးအခေါ်သစ်တွေကတော့ တကမ္ဘာလုံးမှာ အင်နဲ့အားနဲ့ ရှေ့တန်းရောက်ခဲ့တယ်ဆိုတာ အခိုင်အမာ ပြောရမှာ ဖြစ်ပါတယ်။

အဲဒါတွေကတော့ ဖက်ဆစ်ဝါဒဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးနဲ့ ကိုလိုနီနယ်ချဲ့ဝါဒဆန့် ကျင်ရေးတွေဟာ သစ်လွင်လတ်ဆတ်တဲ့ ကမ္ဘာ့အမြင်သစ်တခုအဖြစ် ရှေ့တန်းရောက်လာသလို မြန်မာနိုင်ငံအတွင်းမှာ ရှိကြတဲ့ မြန်မာများအပါအဝင် တိုင်းရင်းသားခေါင်းဆောင်အများစုမှာလည်း ဒီ လတ်ဆတ်တဲ့ ကမ္ဘာ့အတွေးအခေါ် ပြောင်းလဲမှုဟာ အသေအချာပဲ ဂယက်ရိုက်ခတ်ခဲ့တယ် ဆိုတာတော့ အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ နောက်ပြန်ဆွဲလိုတဲ့ အတွေးအခေါ်တွေ ဖောက်ပြန်တဲ့ အတွေးအခေါ်တွေ ကိုင်စွဲထားကြတဲ့ ကိုယ်ကျိုးသမားတွေ၊ ဗမာလူမျိုးကြီးဝါဒသမားတွေကလည်း ကပ်ပါးကောင်တွေလို မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ သမိုင်းမှာ ပါဝင်လာကြတာကလည်း အခိုင်အမာတွေ့ကြရတဲ့ ဖြစ်စဥ်တွေပါပဲ။

နိဂုံး အပိုင်း ၃ ကို ဆက်လက်ဖော်ပြပါမည်။

ကိုအောင်မှိုင်း



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar